ခေါင်းကြီးသတင်း — ရန်ကုန်၊ သြဂုတ် ၂၂၊ ၂ဝ၁၂

“သင့်တော်တဲ့ လွတ်လပ်မှု မရှိဘဲ တိုးတက်မှု မမြန်နိုင်ဘူး။ လွတ်လပ်မှုနဲ့ တိုးတက်မှုက တစ်ခါတည်း အတူတကွ သွားကြတာ။ ချုပ်ချယ်မှု လွန်ကဲနေရင် အမြန် တိုးတက်မှာ မဟုတ်ဘူး ဆိုတာ အားလုံး သဘော ပေါက်ကြဖို့ လိုတယ်”ဟု  ရန်ကုန် နည်းပညာ တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးညီလှငယ်က မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။ သြဂုတ် ၂၂ ရက်က မြန်မာနိုင်ငံရှိ အင်ဂျင်နီယာနှင့် ကွန်ပျူတာ ပညာရေး စနစ်အား လာမည့် ပညာသင်နှစ်မှ စတင်ကာ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည့် ကိစ္စနှင့် ပတ်သက်၍ တာဝန်ယူထားသည့် အပိုင်းအား မေးမြန်း စဉ်တွင် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အငြိမ်းစား ပါမောက္ခချုပ် ဦးညီလှငယ်

အငြိမ်းစား ပါမောက္ခချုပ် ဦးညီလှငယ်

အငြိမ်းစား ပါမောက္ခချုပ်  ဦးညီလှငယ်က လက်ရှိ ပြင်ဆင် ဆောင်ရွက်နေပုံများနှင့် ပတ်သက်၍ ပြောကြား ရာတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ၁ဝ နှစ်၊ ၁၂ နှစ် လောက် ပြုပြင်ထိန်းသိမ်းရေး၌ တော်တော် အားနည်း ခဲ့ကြောင်း၊ ကျောင်းသားဆိုလျှင်လည်း ဘွဲ့ကြိုကျောင်းသား လုံးဝမရှိဘဲ ဘွဲ့လွန် ကျောင်းသား အနည်းငယ်သာ ရှိခဲ့ကြောင်း၊ ထို့ကြောင့် အဆောက်အဦ ထိန်းသိမ်း ပြုပြင်မှု အားနည်းသောကြောင့် ပျက်စီးယိုယွင်းမှုများ ရှိလာကာ အမိုးများမှ မိုးယိုနေကြောင်း၊ ယခု ပြုပြင်ဖို့ ကြိုးစားရာတွင်လည်း ကျောင်းသား ဟောင်းများမှ မိမိတို့ ကိုယ်ပိုင်ငွေဖြင့် လာရောက်ကူညီ ပြုပြင်နေကြောင်း၊ ကျောင်းသားဟောင်းများမှ လှူဒါန်း ငွေသည် ယခုဆိုလျှင် သိန်းထောင်ချီ၍ပင် ရခဲ့ကြောင်း၊ ဝန်ကြီးဌာနအပိုင်းမှလည်း လုပ်ပေးနိုင်သလောက် ပံ့ပိုး ကူညီမှု ပေးကြောင်း၊ အစိုးရ အနေဖြင့် နောက်ထပ် ပံ့ပိုးရန်လည်း လိုအပ်သေးကြောင်း ပြောကြားသည်။

ဆရာကြီး ဦးညီလှငယ်က ဆက်လက်၍ “ဒီကျောင်းကို ဒီလိုအချိန်မှာ ဖွင့်ဖို့ဆိုတာ မူလက ရည်ရွယ်ချက်ရှိတာ မဟုတ်ဘဲ လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကမှ  ပြုပြင်ပြောင်းလဲမှုတွေ ပေါ်လာတာ။ ပညာရှင်ပိုင်းရော၊ ဝန်ကြီးဌာနပိုင်းရော၊ အစိုးရပိုင်းရော အကုန်လုံးက ဖြစ်ချင်တဲ့ ဆန္ဒတွေတူညီကြလို့ နောက်ဆုံးမှာ ဖြစ်သွားတယ်။ ရန်ကုန်မှာ YTU နဲ့ မန္တလေးမှာ အလားတူ MY ခေါ်တဲ့ ကျောင်း တစ်ကျောင်းကို လာမယ့် ဒီဇင်ဘာလမှာ အဆင့်မြင့် တက္ကသိုလ်များအဖြစ် ဖွင့်မယ်ဆိုပြီး အခု ပြင်ဆင် နေကြတာပါ။ ပြင်ဆင်တဲ့အခါ သင်ရိုးညွှန်းတမ်းကတော့ ၆ နှစ်စာအတွက် ဆွဲပြီးသွားပြီ။ သုံးဖို့အတွက် အသင့်ပဲ။ ပစ္စည်းတွေလည်း စုဆောင်းနေတယ်။ ပထမနှစ်မှာသုံးမယ့် Physics Lab၊ Chemistry Lab အတွက် လိုအပ်တဲ့ ပစ္စည်းတွေလည်း ဝန်ကြီးဌာနက လုပ်ပေးဖို့ အစီအစဉ် ဆွဲနေတာ အချိန်မီ ပြီးမယ်လို့တော့ ယူဆတယ်”ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။ ထို့ပြင် အစိုးရ ဘတ်ဂျက်နှင့် ရှိသလောက် လုပ်နေသော်လည်း တစ်ဖက်တွင် ပြင်ပပုဂ္ဂိုလ် များ၊ ကျောင်းသားဟောင်း များထံမှ အလှူငွေ ရှာဖွေခြင်းများလည်း လုပ်နေကြောင်း၊ ပုံဆွဲစားပွဲ (Drawing Board) လည်း အလှူရှင်ဆီက ရထားပြီ ဖြစ်ကြောင်း၊ သင်ထောက်ကူ ပစ္စည်းများလည်း အလှူရှင်ထံမှ အပြည့်အစုံ ရထားပြီး ဖြစ်ကြောင်း သိရသည်။ ရေရှည် Plan အနေဖြင့်လည်း နိုင်ငံရပ်ခြားမှ နာမည်ကြီး တက္ကသိုလ်များနှင့် ချိတ်ဆက် ပူးပေါင်းရန် အစီအစဉ် ရှိသောကြောင့် သြစတြေးလျ၊ ဂျပန်၊ ဘယ်လ်ဂျီယံနှင့် စင်ကာပူနိုင်ငံများမှ လာရောက် ဆွေးနွေးနေခြင်း များရှိရာ အချို့ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်သွားနိုင်ကြောင်း၊ ထို့ပြင် ယခုမှ စတင်မည် ဖြစ်သောကြောင့် အားနည်းချက်များ အများအပြား ရှိနိုင်ကြောင်း၊ အထူးသဖြင့် Techincian များ ခါးပြတ်သွားပြီဖြစ်သောကြောင့် ဝန်ကြီးဌာနဖြင့် Technician Training Centre များကို အရင်စတင် ထူထောင်နေပြီ ဖြစ်ကြောင်း၊ Technician များမရှိဘဲ Lab နှင့် Workshop များတွင် ထိရောက်စွာ သင်ကြားနိုင်မည် မဟုတ်ကြောင်း၊ အေးအေးဆေးဆေး နှင့် လျှောက်ရမည့် လမ်းတော့ မဟုတ် နိုင်ကြောင်း စသည်ဖြင့် ဆရာကြီး ဦးညီလှငယ်က ပြောကြားခဲ့သည်။

သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်၍ ဆရာက ရှင်းလင်း တင်ပြသည်မှာ “သင်ရိုးညွှန်းတမ်းကတော့ နိုင်ငံစုံ သင်ရိုးတွေကို မှီငြမ်းတာပါပဲ။အဓိက ကတော့ အမေရိက က အများဆုံး ယူတာပေါ့။ တချို့ ဘာသာကျ အိန္ဒိယ က ယူတာလည်း ရှိတယ်။  စင်ကာပူ ကလည်း ယူတယ်။ ဘာသာတိုင်း အတွက်  အကောင်းဆုံး နိုင်ငံရယ်လို တော့ မရှိပါဘူး။ အဲဒီအတွက် ကောင်းတဲ့ နိုင်ငံတွေကနေ ယူရတာပေါ့”ဟု ပြောသည်။ ထို့ပြင် ရန်ကုန်နှင့် မန္တလေးမှာ ဖွင့်လှစ်မည့် နည်းပညာ တက္ကသိုလ်များမှာ B.E  သင်တန်းသို့ တိုက်ရိုက်ဝင်သော  ကျောင်းများ ဖြစ်ပြီး ကျန် ၃၃  ကျောင်းမှာ B.E သင်တန်းသို့ တိုက်ရိုက် ဝင်သောကျောင်း မဟုတ်ကြောင်း၊ BE-Level ကို လည်း နောင်တွင် တချို့ကျောင်းများမှာသာ ပေးမည် ဖြစ်ကြောင်း၊ M.E , Ph.D တို့ကိုလည်း  အဆိုပါ နှစ်ကျောင်းမှာသာ ပိုင်ပိုင်နိုင်နိုင် ဖွင့်ပေးမည် ဖြစ်ကြောင်း ဆိုပါသည်။

ဆက်လက်ပြီး ဆရာဦးညီလှငယ်က “ဒီကျောင်း နှစ်ကျောင်းကတော့ (Centre of Excellence)ဆိုတော့  ပုံ အော ပြီးတော့ အားသွန်ခွန်စိုက် ထည့်ရမယ့် သဘော ရှိတယ်။ အဲဒီတော့ ရေခံမြေခံကလည်း ရှိပြီးသား၊  ကူမယ့်လူတွေကလည်း ရှိတယ်ဆိုတော့ အထူးသဖြင့် YTU က အောင်မြင်ဖို့ရာ အခွင့်အရေးက ပိုကောင်းတာ ပေါ့။ သို့သော် မြန်မာပြည် အောက်ပိုင်းမှာ တစ်ကျောင်း ရှိရင် အထက်မှာလည်း ရှိသင့်တယ်ဆိုတဲ့ အတွေးအခေါ်အရ မန္တလေးကျောင်းကိုလည်း ဖြစ်ထွန်း အောင်မြင်အောင် အတတ်နိုင်ဆုံးတော့ ကူသွားရမှာပဲ” ဟု ပြောဆိုသည်။

ဆက်လက်ပြီး ဆရာဦးညီလှငယ် ကပင် “ဒီကျောင်းကြီးကို အဆင့်မြင့်အောင် နိုင်ငံခြားသားတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ် ဆိုပြီး ကျွန်တော် ပါမောက္ခချုပ် လုပ်နေတုန်း ၉၇၊ ၉၈ လောက်ကပေါ့၊ နိုင်ငံခြားသားဆရာ တွေလာပြီး စာလာသင်တာမျိုး လုပ်ခဲ့ဖူးတယ်။ စင်ကာပူနှင့် မလေးရှားကိုလည်း ပညာတော်သင်တွေ လွှတ် တယ်။ နောက်တော့ ဒါပေမယ့် လုံးဝ ကွဲပြားခြားနားတဲ့ စနစ်တစ်ခု ၂ဝဝဝ ခုနှစ်မှာ ပေါ်လာတယ်။ နယ်တွေမှာ ကျောင်းတွေ အများကြီး ဖွင့်ပြီး ဒီကျောင်း နှစ်ကျောင်းမှာတော့ ကျောင်းသား လက်မခံဘဲ ဖြစ်သွားတယ်။ ကျောင်းသားပေါင်း ၈ဝဝဝ ကျော်နဲ့ သင်တန်းပေါင်း ၁ဝဝ ကျော်နဲ့ နေ့ရော၊ ညရော မီးတွေ ထိန်လင်းပြီး လည်ပတ် နေခဲ့ရာက စောစောက ပြောသလို စနစ်အသစ်ထွင်ပြီး နောက်ပိုင်းမှာ ဒီဟာတွေ အကုန်လုံးလောက် ပျောက်ပျက်သွားခဲ့တယ်”ဟု ပြောပြသည်။ ထို့ပြင် ကျောင်းသားများ၏ အရည်အသွေးနှင့် ပတ်သက်၍လည်း ယခင် AGTI များသည် ၃ နှစ် တက်ရောက်ရပြီး ၂ဝဝဝ ခုနှစ်တွင် ထွင်လိုက်သည့် စနစ်တွင် ၂ နှစ်သာ တက်ရောက်ရကြောင်း၊ ထို့ပြင် သင်ရိုးညွှန်းတမ်းကလည်း တက္ကနစ်ရှင်(Technician)ကို ဇောင်းမပေးသည့် အပြင် လိုအပ်သော အထောက်အကူပြု ပစ္စည်းများကလည်း မပြည့်စုံ၊ ဆရာလည်း မလုံလောက်သောကြောင့် AGTI အောင်သော်လည်း အများစုသည် တကယ် တတ်ကျွမ်းသော တက္ကနစ်ရှင်များ ဖြစ်မလာကြောင်း၊ ထိုတက္ကနစ်ရှင်များကို အသုံးပြုသော ပြင်ပ ကုမ္ပဏီများနှင့် အစိုးရဌာနများ ကလည်း ယခင် AGTI ကို မမီဟု ဆိုကြကြောင်း၊ ထိုသို့ မမီရခြင်းမှာ အရည်အသွေး မြင့်မားပြီး စာသင် အတွေ့အကြုံများသော ဆရာ အလွန် နည်းပါးခြင်း၊ သင်တန်းသားများ အတွက် လိုအပ်သော Lab နှင့် Workshop များ မပြည့်စုံခြင်း၊ သင်ထောက်ကူ ပစ္စည်း အထူးမပြည့်စုံခြင်း၊ အမှတ်နိမ့် ကျောင်းသား အများအပြားကို လက်ခံ သင်ကြားခြင်းနှင့် တက္ကနစ်ရှင် ဆရာများ နည်းပါးခြင်း တို့က အဓိက အကြောင်းရင်းများ ဖြစ်သည်ဟု ဆိုသည်။

ဝင်ခွင့်အမှတ် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဦးညီလှငယ်က “တက်ချင်တဲ့သူတွေက များတော့ အမှတ် ၅ဝဝ အထက်တောင် ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ ဒီကျောင်းကို တက်ချင်တဲ့သူတွေက အများကြီး လေ။ အချို့ ကျောင်းကောင်းတွေမှာ ပထမနှစ် အောင်ပြီးသား ကလေးတချို့ကတောင် ဒီကျောင်း မှာ ပထမနှစ်က ပြန်တက် ချင်နေကြတယ်။ အဲဒါကြောင့် ဒီနှစ်အောင် တဲ့သူပဲ လက်ခံမယ်လို့ ပြောထားရ ခြင်းဖြစ်တယ်။ မဟုတ်ရင် အများကြီး ပြောင်းလာကြမှာ။ ကျောင်းကလည်း အခုအစနှစ်မှာ လူဦးရေ ၂၅ဝ ပဲ လက်ခံမယ် ဆိုတော့ ကျွန်တော့်စိတ်ထင် အမှတ် ၅ဝဝ အထက်မှာ ရှိနိုင်တယ်”ဟု ပြောကြားသည်။  ဆက် လက်ပြီး ပညာရေး စနစ် တစ်ခု၏ အရေးကြီးပုံကို ပြောကြားရာတွင် “ပညာရေးကို လွယ်လွယ်ကူကူ လူတစ်ယောက် နှစ်ယောက်က စိတ်ကူးယဉ်ပြီး မလုပ်သင့်ဘူး။ ပညာရေးကို နားလည်သူတွေနဲ့ တိုင်တိုင်ပင်ပင် ဆွေးနွေးပြီးမှသာ ချမှတ်သင့်တယ်။ဒါက ရေရှည်သွားတဲ့ ကိစ္စလေ။ လူနည်းစုကနေ ကိုယ်လိုချင်တာ ဆွဲပြီး လုပ်တာမျိုးက သိပ်အန္တရာယ်များတယ်။ တိုင်းပြည် တိုးတက်ဖို့အတွက် မှန်ကန်တဲ့ ပညာရေး စနစ်တစ်ခုက အရေးကြီးတယ် ဆိုတော့ ဆောင်ရွက် တဲ့နေရာမှာ ပညာရှင်တွေ နယ်ပယ် ပေါင်းစုံက စုံစုံလင်လင်နဲ့ ဆွေးနွေးပြီး မှ လုပ်သင့်တယ်။ လူနည်းစုကနေ လုပ်ပိုင်ခွင့်ရှိလို့ လုပ်သွားမယ်ဆိုရင် ဥပမာ- တချို့ လူတွေက အခြား ပညာရပ်တွေရဲ့ သဘော သဘာဝကို မသိဘဲ ပညာရေးစနစ်ကို ရေးဆွဲတယ်ဆိုရင် သူတို့လုပ်တဲ့စနစ်က ကျန်လူတွေအတွက် အဆင်ပြေချင်မှ ပြေမယ်။  ကျွန်တော်ပြောတာက ပညာရပ်နယ်ပယ် ပေါင်းစုံနှင့် ဆိုင်တဲ့ ပညာရေးစနစ်တစ်ခု တီထွင်မယ် ဆိုရင် ပြောတာပါ။ အဲဒီလိုမဟုတ်ဘဲ ဝိဇ္ဇာသိပံ္ပက သပ်သပ်၊ နည်းပညာက သပ်သပ်၊ ဆေးက သပ်သပ် စသည်ဖြင့် အဲဒီလို ခွဲထားမယ်ဆိုရင်တော့ အခု ကျွန်တော်တို့ လုပ်သလို ကိုယ့်ဝန်ကြီး  ဌာနနဲ့ကိုယ်၊ ကိုယ့်ပညာရှင်နဲ့ကိုယ် ရေးဆွဲတာက လိုအပ်ချက်နှင့် ပိုပြီး နီးနီးစပ်စပ် ဖြစ်မယ်ထင်တယ်။ သို့သော် အကုန်လုံးနဲ့ ပါဝင် ပတ်သက်နေတဲ့ ပညာရေးစနစ် တစ်ခုကို တီထွင်မယ် ဆိုရင်တော့ ပညာရပ် အကုန်လုံးမှ ပါဝင် ပတ်သက်မှသာ အားလုံးအတွက် အဆင်ပြေတဲ့ စနစ်တစ်ခု ဖြစ်မယ်ထင်တယ်” ဟု ဦးညီလှငယ် က ပြောဆိုသည်။

ထို့ပြင် ယခင်ခေတ်လူငယ်များ အနေဖြင့် ယခင်အစိုးရအပေါ် Anti လုပ်ချင်စိတ် များကြသော်လည်း ပြောင်းလဲ လာသော ခေတ်အခြေအနေအရ လက်ရှိ လူငယ်များတွင်မူ လက်ရှိ အစိုးရအပေါ် မကျေနပ်စိတ်များ ယခင်ကဲ့သို့ သိပ်မရှိနိုင်ကြောင်း၊ ထို့ကြောင့်ပင် တာဝန်ရှိသူများဘက်မှ စိုးရိမ်ပူပန်မှု သိပ်မရှိတော့ဘဲ ကျောင်း ဖွင့်ခွင့်ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ အစဉ်အလာကြီးမားသော နည်းပညာ တက္ကသိုလ်ကျောင်းသား များ၏ နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ဦးညီလှငယ်က ပြောကြားခဲ့ သည်။

ဆက်လက်ပြီး လက်ရှိမြန်မာ နိုင်ငံ၏ ပညာရေးဖြစ်စဉ်နှင့်ပတ်သက်၍ သုံးသပ် ပြောကြားရာတွင် ပါမောက္ခ ချုပ်(ငြိမ်း) ဦးညီလှငယ်က “ကျွန်တော်တို့က ပညာရေးမှာ တော်တော်လေး ကျန်ခဲ့ပြီ မဟုတ်လား။ နိုင်ငံ အတွက်ရော ကိုယ့်အတွက်ပါ တကယ် အဓိက ကျတာက ပညာရေးပဲ။ ပညာရေး တိုးတက်ဖို့အတွက် လုပ်ကြတဲ့ နေရာမှာ အဓိကကျတာ ဘာလဲဆို မှန်ကန်တဲ့ စနစ်နှင့် သင်ရိုး ရေးဆွဲရေး၊ ဆရာ ဆရာမတွေ ပြုစုပျိုးထောင်ရေး၊ ပြီးရင် ဓာတ်ခွဲခန်း၊ အလုပ်ရုံတွေ၊ ကိရိယာပိုင်းတွေပေါ့။ နောက်တစ်ခုက တိုးတက်ချင်တဲ့ စိတ်ဓာတ်ပဲ။ ဆရာ၊ ဆရာမတွေ ၊ ကျောင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းပေါ့။ အောင်မြင်တဲ့ ပညာရေးဖြစ်ဖို့ ဒီနေ့လုပ် မနက်ဖြန် ရတာမျိုး မဟုတ်ဘူး။ ဇွဲလိုတယ်။ ငွေအများကြီး ပေးပြီး ဝယ်လို့လည်း မရဘူး။ နောက်တစ်ခုက Quality Drive အရည်အသွေးကို ဦးတည် မောင်းပေးတဲ့ စနစ်မျိုး ဖြစ်ဖို့လိုတယ်။ တက္ကသိုလ် ဆိုတာ မူလတန်းကျောင်း မဟုတ်ဘူးလေ။ အရေအတွက်ကို ဦးစားပေးလို့ မဖြစ်ဘူး။ Specialize လုပ်ထားတဲ့ Specialist တွေ မွေးထုတ်ဖို့ ဖြစ်ရမယ်။ အရေအတွက် များပြီး ဘာမှ မတတ်တဲ့ ဘွဲ့ရတွေ မွေးထုတ်ရင် ဘာမှအဓိပ္ပာယ် မရှိဘူး။ ကျွန်တော်တို့ကတော့ သင့်တော်တဲ့ အရေအတွက် ကိုပဲ ကောင်းကောင်းလေး မွေးထုတ်ချင်ပါတယ်။ ဥပမာ- Ph.D တွေ တစ်နှစ် တစ်နှစ် ရာနဲ့ချီ၊ ထောင်နဲ့ချီ ထုတ်နေမယ်ဆိုရင် အရည်အသွေးလည်း  မီမှာ မဟုတ်ဘူး။ လက်ရှိ ကျွန်တော်တို့ ဆရာ၊ ဆရာမ အင်အားနဲ့ ကျွန်တော်တို့ Equipment တွေ မှီငြမ်းစာအုပ်စာတမ်း ဂျာနယ်တွေ အခြေအနေနဲ့ တစ်နှစ်၊ တစ်နှစ် Ph.D အများကြီး ထုတ်နေရင်  ဘယ်လိုမှ အရည်အသွေးမြင့်တာကို ရမှာ မဟုတ်ဘူး။ အဲဒီလို လုပ်မယ့်အစား ကိုယ်နိုင်မယ့် အတိုင်းအတာအလိုက် အရည်အသွေး ကောင်းကောင်းလေး ရသလောက်ကိုပဲ အစမှာ ထုတ်ချင်တယ်။ တစ်ဖက်ကလည်း ဆရာ၊ ဆရာမတွေ ဆက်တိုက်ပြုစုပျိုး ထောင်ရမှာပေါ့။ မဟုတ်ရင် ဘွဲ့ရ များရဲ့ ပညာအဆင့်နှင့် အရည်အသွေး နိမ့်ကျပြီး သူများ အထင်အမြင်သေးခံ ရတတ်တယ်။ For Show လုပ်တာ မျိုးကမကောင်းဘူး။  မသိတဲ့ လြူပိန်းတွေကသာ အထင်ကြီးချင်ကြီးမယ်။ သိတဲ့လူတွေက အထင်မကြီးဘူး။တက္ကသိုလ်ဆိုတာ အဆင့်မြင့်မြင့်လေးနဲ့ပဲ ဖြစ်စေချင်တယ်။ အဲဒီလို လုပ်တဲ့အခါ နိုင်ငံတကာရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလည်း ရှေ့ဆက် အများကြီးလိုတယ်။ ကျွန်တော်တို့က အကြမ်းအားဖြင့် ပြောရရင် ၂ဝ၂ဝ လောက်ကို အာဆီယံအဆင့်လောက် ဖြစ်စေချင်တာပေါ့။ မလွယ်မှန်း ကောင်းကောင်း သိပါတယ်။ ဒါပေမယ့် Target တစ်ခု မရှိရင် လူဆိုတာ ဖရိုဖရဲ လျော့ရဲရဲ အေးစက်စက် ဖြစ် တတ်တယ်။ အဲဒီလို လုပ်ဆောင်နေတဲ့အခါမှာ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးကူညီမှုတွေ အများကြီးလိုတယ်။ အစိုးရ ဘက်ကလည်း ဒီ  Project ကို  အမျိုးသား စီမံကိန်း တစ်ခုလို သဘောထားပြီး အားပေးဖို့ လိုတယ်။ ဥပမာ စနစ်တကျ စီမံကိန်း ဆွဲပြီး အစိုးရ ပိုက်ဆံနှင့် အင်္ဂလိပ်စကားပြော နိုင်ငံများသို့ ပညာတော်သင် အသုတ်လိုက် လွှတ်တာမျိုး လုပ်သင့်ပါတယ်။  ဒါမှ သိသိသာသာ တိုးတက်မှာ။ နဂိုပုံစံအတိုင်း သမားရိုးကျ သွားနေတာက တော့ သိပ်ရှေးဆန်ပြီး ရေကန်ထဲက ရေလို ရေသေ ဖြစ်နေတယ်။ အဲဒီလို  ပုံစံနှင့် သွားလို့ကတော့ သိသိသာသာ တိုးတက်လာတာမျိုး ရှိမှာမဟုတ်ဘူး။ တက္ကသိုလ်ဆိုတာ သင့်တင့် လျောက်ပတ်တဲ့ လွတ်လပ်မှု ရှိဖို့လည်း လိုတယ်။ အလုံးစုံ လွတ်လပ်မှုမျိုးကို ချက်ချင်းပေးဖို့ ပြောတာတော့ မဟုတ်ဘူး။ အခြေအနေအရ ပေါ့။ ဆရာ၊ ဆရာမတွေ သူ့ဘာသာ စာမေးပွဲ စစ်ပါစေ။ သူ့ဘာသာ သင်ရိုးညွှန်း တမ်းဆွဲပါစေပေါ့။ သူတို့ဘာသာ တိုင်ပင်ပြီး တက္ကသိုလ်ရဲ့ တိုးတက်မှုကို လုပ်ဖို့ခွင့်ပေးသင့်ပါတယ်။ နိုင်ငံတော်ရဲ့ ပေါ်လစီ ကိုတော့ အထက်က ချပေးရမှာပေါ့။  နိုင်ငံတော်က သွားချင်တဲ့ လမ်းကြောင်းကိုတော့ ပြောပြပေးရမယ်။ အကောင်အထည် ဖော်တာကတော့ တက္ကသိုလ် အဝန်းအဝိုင်းကပဲ တိုင်တိုင်ပင်ပင် လုပ်သွားမယ်ဆို အထိရောက်ဆုံး ဖြစ်မှာပဲ။ တစ်ခုတော့ ရှိတာပေါ့လေ။ တော်တဲ့ ကောင်းတဲ့ ဦးဆောင်မှု ပေးနိုင်တဲ့ လူကြီးတွေရှိတဲ့ တက္ကသိုလ်တွေရှိတဲ့ တက္ကသိုလ်တော့  ဖြစ်ရမှာပေါ့။ နောက်တစ်ခုက တက္ကသိုလ်သည် ကိုယ်တိုင် ငွေရှာနိုင်ခွင့် ရှိသင့်တယ်။ ငွေမရှိဘဲ (Run) လို့ မရဘူး။ အစိုးရပိုင်းရဲ့ ဘတ်ဂျက် ကလည်း လုံလုံလောက်လောက် ချပေးချင်မှ ချပေးနိုင်မှာဖြစ်တယ်။ အဲဒီတော့ ကိုယ့်ဘာသာ အတိုင်ပင်ခံ အလုပ် လက်ခံလုပ်လို့ဖြစ်စေ၊ ပရောဂျက်တွေ လက်ခံပြီးလုပ်လို့ဖြစ်စေ၊ သင်တန်းတွေဖွင့်လို့ဖြစ်စေ တက္ကသိုလ်ရဲ့ Fund အတွက် ကိုယ်တိုင် ငွေရှာနိုင်ခွင့် ရှိသင့်တယ်။ အစိုးရဘတ်ဂျက်ကိုချည်း အားကိုးနေရမယ်ဆို တစ်ခုခု အရေးပေါ် ဝယ်ချင်ရင် အဆင့်ဆင့် တင်ပေတော့ပဲ။ အဲဒါဆို အချိန်ကြာတယ် မြန်မြန်လုပ်လို့ မရတော့ဘူး။ နေရာတကာ ဘာလေးတစ်ခု လုပ်ချင်တယ်ဆို  တစ်ဆင့်ပြီး တစ်ဆင့် ခွင့်တောင်း၊ ပြီး တစ်ဆင့်ပြီးတစ်ဆင့် ပြန်ကျလာမယ် ဆိုတာမျိုး ဖြစ်နေရင် အလုပ်မဖြစ်တော့ဘူး။ နှောင့်နှေးတာပေါ့။ အဲဒါကြောင့် တက္ကသိုလ်ဟာ  ကိုယ့်ဘာသာ ငွေရှာနိုင်ခွင့် ရှိသင့်တယ်။ တက္ကသိုလ်ဟာ အရေးသိပ်မကြီးတဲ့ ကိစ္စတွေအတွက် ကိုယ့်ဘာသာ  ဆုံးဖြတ် ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်း ဖြစ်သင့်တယ်။

အဲဒီလို ငွေရှာပြီး သုံးစွဲတဲ့အခါ မိမိကသာ ရှာထားတဲ့ ရန်ပုံငွေကို အစိုးရ စာရင်းစစ်က လာစစ်လို့ မဖြစ်ဘူး။ အဲဒီ ရန်ပုံငွေကို ဘယ်သူ စစ်သင့်သလဲဆို အမြင့်ဆုံး အဆင့်အနေနဲ့ ဝန်ကြီးဌာန အဆင့်ကပဲ စစ်သင့်တယ်။ နိုင်ငံတော် စာရင်းစစ်က လာစစ်ရင် အရမ်းခက်ခဲသွားပြီ။ အဲဒါကို လူကြီးတွေ သဘောပေါက် စေချင်တယ်။ တက္ကသိုလ်ကို မြန်မြန်တိုးတက်စေချင်လို့ သင့်တော်တဲ့ လွတ်လပ်ခွင့် ပေးတဲ့အခါ ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်တင် မကဘူး။ စီမံ အုပ်ချုပ်ရေးဆိုင်ရာ လွတ်လပ်ခွင့်ပါ လိုအပ်တယ်။ အဲဒါကို သက်ဆိုင်ရာ က သဘောမပေါက်ရင် ဘယ်တော့မှ မတိုးတက်နိုင်ဘူးဆိုတာ ရဲရဲပြောရဲတယ်။ ကျန်တဲ့ တိုးတက်နေတဲ့ နိုင်ငံ တွေကြည့်၊ သူတို့က လွတ်လပ်မှု အများကြီးရှိတယ်။ ဆိုကြပါစို့ တက္ကသိုလ်အချင်းချင်းချိတ်ဆက် ချင်တယ်ဆို တက္ကသိုလ်အချင်းချင်း စာရေးပြီး ချိတ်ဆက်ရုံနဲ့ ပြီးတယ်။ ဘယ်ဌာနဆီမှ ခွင့်တောင်းနေဖို့ မလို ဘူး။ မိမိရဲ့ တက္ကသိုလ် တိုးတက်ဖို့ အတွက် မိမိဘာသာ မိမိဆုံးဖြတ်ပိုင် ခွင့်၊ စီမံပိုင်ခွင့်ရှိကြတယ်။ လွတ်လပ် မှုနဲ့ တိုးတက်မှုက အတူတကွသွား ကြတာ။ လွတ်လပ်မှုမရှိဘဲ တိုးတက် မှုမရှိနိုင်ဘူး။ ချုပ်ချယ်မှု လွန်ကဲရင် မတိုးတက်နိုင်ဘူး ဆိုတာ သဘောပေါက် ကြဖို့ လိုတယ်။ သို့သော် လွတ်လပ်မှုကို လူတိုင်းကို မခွဲမခြားဘဲ ပေးလို့တော့ မဖြစ်ဘူး။ တော်သူ၊ ကောင်းသူ၊ စေတနာမှန်သူ များသာ လွတ်လပ်မှုနှင့် ထိုက်တန်တယ်ဆို တာကိုလည်း မေ့လို့မဖြစ်ပါဘူး။ တက္ကသိုလ် လွတ်လပ်ခွင့်လည်း အဲဒီ သဘော ပါသင့်တယ်။ ထိုက်တန်ရင် မြန်မြန်ပေးလေ ကောင်းလေပါပဲ။

နောက်တစ်ခုက တက္ကသိုလ်တွေ၊ ပညာရေးနဲ့ဆိုင်တဲ့ အင်စတီကျူးရှင်း တွေကို ဘတ်ဂျက်ချပေးတဲ့ နေရာမှာ တစ်လုံးတစ်ခဲတည်း ဘတ်ဂျက်  Lumpsum Budget မျိုး ချပေးသင့်တယ်။ မိမိသုံးလိုရာကို ခေါင်းစဉ် ကြည့်နေ စရာမလိုဘဲ စုစုပေါင်း ဘတ်ဂျက် ဘောင်ထဲက လွတ်လပ်စွာ သုံးစွဲခွင့် ရရန်ဖြစ်တယ်။ အချိန်ကုန်သက်သာ စေတယ်။ အချိန်ကုန် သက်သာစေတယ်။ ပိုမိုမြန်ဆန် ထိရောက်စေတယ်။ အခြားနိုင်ငံတက္ကသိုလ်များကို အတုယူသင့်တယ်။ တက္ကသိုလ်တွေကို Lumpsum Budget ချပေးသလို၊ တစ်ဖက်မှာလည်း ကိုယ့်ဘာသာ ရန်ပုံငွေရှာခွင့် ရှိသင့်တယ်။ တရားဥပဒေတော့ မကျော်စေနဲ့ပေါ့။ ပြီးတော့ ချုပ်ကိုင်တာဟာ အဓိက မဟုတ်ဘူး။ တိုးတက်ဖို့ကသာ အဓိကပန်းတိုင် ဖြစ်တယ်ဆိုတာ နားလည်ဖို့ လိုတယ်။ တစ်သက်လုံး ကျင့်သုံးလာခဲ့တဲ့ ချုပ် ကိုင်ရေး ပုံစံကို လိုအပ်သလို လျှော့ချပစ်ရမယ်။ ပညာရှင်၊ ပညာတတ်တွေပဲဟာ၊ Board တွေ Body တွေနှင့် စနစ်တကျ စည်းကမ်း သတ်မှတ်ပြီး လုပ်တဲ့အခါ ဘယ်သူက မတော်မတရား အလွဲသုံးစား လုပ်လို့ရမလဲ။ မခက်ပါဘူး။ သံသယတွေ လွန်ကဲနေရင် အလုပ်မဖြစ်ပါဘူး။ အလွန်အကျွံ ထိန်းချုပ်တဲ့ ခေတ်က ကုန်သင့်ပါပြီ။ ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံတကာအဆင့်ဆိုတာကို တကယ်မြန်မြန် ရောက်ချင်တယ်ဆိုရင် ဟိုဘိုးတော် ဘုရား လက်ထက်က အတွေးအခေါ်တွေ လုပ်ပုံကိုင်ပုံတွေကို ထားခဲ့ပြီးတော့ အတွေးအခေါ်သစ်တွေနဲ့ Effective and Efficient ဖြစ်တဲ့ ပုံစံသစ်တွေနဲ့  သွားဖို့လိုနေပြီလို့ ပြောချင် ပါတယ်။ အဲဒါအရေးကြီးဆုံးပဲ”ဟု ဆရာက စိတ်အားထက်သန်စွာ စေတနာအပြည့်ဖြင့် ရှင်းလင်းပြောပြပါသည်။

ဆရာ ဦးညီလှငယ်သည် ရန်ကုန် နည်းပညာ တက္ကသိုလ်၏ အငြိမ်းစား ပါမောက္ခချုပ်တစ်ဦး ဖြစ်ကာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ လာမည့် ပညာသင်နှစ်အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာ ပညာရေးစနစ် အဆင့် မြှင့်တင်ရေး အစီအစဉ်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦး လည်းဖြစ်သည်။

ဝ၆ဝ

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)

  1. Dear Madam / Sir,

    Thank you for this interview news with Sayargyi U Nyi Hla Nge.
    I try to share and like but I cannot get success. There is an error end of the article.
    The message could not be posted to this Wall.

    Thank you.

    Kyaw Myat Khaing
    http://www.cvt-myanmar.org/content.php?3rd=0&nav=1&point=0
    http://www.facebook.com/kmkhaing
    Ph.09 73000240

Leave a Reply

Your email address will not be published. Required fields are marked *

*