အနုပညာသတင်း — ရန်ကုန်၊ ဇူလိုင် ၂၂၊ ၂ဝ၁၂

အသီးတစ်ရာမှ အညှာတစ်ခုသို့ တမ်းတခြင်း ဂီတဖျော်ဖြေပွဲကြီးအား ဇူလိုင် ၂၁ ရက်နှင့် ဇူလိုင် ၂၂ ရက် များတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ သီဆိုဖျော်ဖြေ တင်ဆက်ခဲ့သည်။

ယင်းဂီတဖျော်ဖြေပွဲကြီးတွင် တေးသံရှင်များဖြစ်ကြသော ရာဇာဝင်းတင့်၊ သန်းမြတ်စိုး၊ လှမြင့်ဝင်း၊ ရန်ပိုင်စိုး၊ ဗညားဟန်၊ ဖိုးသောကြာ၊ ကောင်းသန့်ဟိန်း၊ မိုးကျော်လှိုင်၊ မိုးသက်နိုင်၊ စိုးထက်၊ တော်ဝင် ကိုကိုထွေး၊ ကိုကြည်စိုး၊ ချိုပြုံး၊ ရီရီသန့်၊ နှင်းရည်သန့်၊ စိုးစန္ဒာထွန်း၊ ရွှေရည်သိန်းတန်၊ ပန်းအိဖြူ၊ စိမ်းလဲ့လဲ့၊ စိမ့်နေခြည်၊ အိအိချွန်နှင့် အိအိမွန်တို့က ဂန္တဝင် တေးသံရှင် တွံတေးသိန်းတန်၏ တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆို ဖျော်ဖြေခဲ့ကြသည်။

ပထမဦးစွာ ကြည်သာခွန်းဆင့် က ပဏာမအဖွင့်တေးသီချင်းကို တေးသံရှင် ဗညားဟန်၊ ဖိုးသောကြာ၊ ကောင်းသန့်ဟိန်း၊    ရွှေရည်သိန်းတန်၊ စိမ်းလဲ့လဲ့၊ ပန်းအိဖြူတို့က သီဆိုဖျော်ဖြေခဲ့ပြီး ကုမုဒြာအဖွဲ့၏ အသီးတစ်ရာ အညှာတစ်ခု တေးသီချင်း၊ သရုပ်ဖော် အစီအစဉ်အား ဖျော်ဖြေ တင်ဆက်ခဲ့သည်။ ဆက်လက်၍ ရုပ်ရှင်နဲ့ ဂီတ တေးသီချင်းအား တေးသံရှင် သန်းမြတ်စိုးနှင့် ရီရီသန့်တို့က သီဆို ဖျော်ဖြေခဲ့ကြပြီး ထွေးညို၊ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ နှမလက်လျော့    နေလေတော့၊ ပန်းနွယ်ကစိမ်း၊ မိအေးဘယ်မှာလဲ၊ မငိုပါနဲ့ လှပါတယ်၊ စိမ်းသရဖူစိမ်း၊ ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်၊ အမေ့ပါးက သနပ်ခါး၊ ချယ်ရီလက်ဆောင် ပေးသူရေ၊ မေတ္တာမီးအိမ်၊ ချစ်ဂုဏ်ရည်၊ အင်းလျားမြေ၊ ခွေးဖြူမသို့ စာတစ်စောင် တေးသီချင်းများနှင့်အတူ ဂန္တဝင် တေးသီချင်းများစွာကို တေးသံရှင်များက သီဆိုဖျော်ဖြေခဲ့ကြပြီး တေးသံရှင် ချစ်စံပယ်အား ဂုဏ်ပြုသောအားဖြင့် မမတို့ မော်ရွှေမြိုင် တေးသီချင်းကို သမီးဖြစ်သူ ရွှေရည်သိန်းတန်က သီဆိုဖျော်ဖြေခဲ့သည်။

တွံတေး သိန်းတန်နှင့် ချစ်စံပယ်

တွံတေး သိန်းတန်နှင့် ချစ်စံပယ်

ယင်းဂန္တဝင်ဂီတ ဖျော်ဖြေပွဲကြီး ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ သမီးဖြစ်သူ တေးသံရှင် ရွှေရည်သိန်းတန် က ပြောကြားရာ “ဒီပွဲကျင်းပဖြစ်ခဲ့ တာကတော့ ကျွန်မအဖေ ၁၉၈ဝ ခုနှစ်က ရေးခဲ့တဲ့ စာလေးတစ်စောင် ကို အရင်းပြုပြီး တတ်နိုင်သမျှ ခွန်အားလေးတွေနဲ့ ကြိုးစားပြီး စီစဉ်ခဲ့တာပါ။ အဲဒီစာလေးထဲမှာ ရေးထားတဲ့အကြောင်း အရာတွေကတော့ “ချစ်သောဂီတ အပေါင်းအသင်းများ ခင်ဗျား အစာတွေသင့်သော အဆိပ်သည် လူတစ်ယောက်၊ လူတစ်စုအတွက် အန္တရာယ်ဖြစ်စေ    သော်လည်း အနုပညာတွင် သင့်သောအဆိပ်သည် လူမျိုးတစ်မျိုးလုံး၏ ရိုးရာယဉ်ကျေးမှု တစ်ခုလုံး ပြုန်းတီး   သွားနိုင်ပါသည်။ ကျွန်တော်၏ မြန်မာဆန်ဆန် တေးသီချင်းများမှာ မြန်မာ့ဟန် အနှစ်သာရ ပြည့်ပြည့်ဝဝ နီးနီး ရေးဖွဲ့သီဆိုခဲ့သော တေးများဖြစ်ပါသည်။ မကြာခင်မှာလည်း တိုးတက် ပြည့်ဝအောင် သီချင်း တစ်ပုဒ်၊ စာတစ်ပိုဒ်၊ စာတစ်လုံး၏ နက်ရှိုင်းမှုတို့ကိုဖော်ထုတ်၍ “တွံတေး သိန်းတန်၏ စင်ပေါ်မှ ရင်ခွင်ပိုက်တေးများ”အမည်ဖြင့်   မြန်မာဆန်ဆန်ပင် နားဝင်ပီယံဖြစ်စေရန် ပြန်လည် ဖော်ကျူးတော့မည် ဖြစ်ပါသည်။ သို့အတွက် ကျွန်တော်၏ မြန်မာဆန်ဆန် တေးအလှများကိုတော့ သံစဉ်အပြောင်းအလွဲပြု၍ တီထွင်သီဆိုခြင်း မပြုကြပါရန် လေးစားစွာဖြင့် ကြိုတင် တောင်းပန်အပ်ပါသည်ခင်ဗျား”၂၈.၈.၉ဝ ဆိုပြီး ရေးထားခဲ့ပါတယ်။

နောက်တစ်ခု ထပ်ပြောချင်တာ ကတော့ အဖေ့ရဲ့ အကောင်းဆုံး တေးသီချင်းတွေထဲက အဖေနဲ့ တစ်သားတည်း ဖြစ်တဲ့ အသီးတစ်ရာအညှာ တစ်ခု သီချင်းလေးအကြောင်းပါ။ ဒီသီချင်းကို ကျွန်မအပါအဝင် အဆိုတော်တွေ တော်တော်  များများ ပြန်ဆိုထားပါတယ်။ ဒီအသီးတစ်ရာ အညှာတစ်ခု သီချင်းလေး ဖြစ်တည်လာပုံနဲ့ ရည်ရွယ်ချက် ကတော့ လူတွေအနေနဲ့ အသက်တွေ ကြီးသွားတဲ့အချိန်မှာ ဘယ်လောက်ပဲ အဆင့်အတန်းတွေ၊ လူတန်းစားတွေ ကွဲပြားသွားပါစေ၊ ရွာကျောင်းရဲ့ ခေါင်းလောင်းသံနဲ့ ရွာက ဆရာ၊ ဆရာမတွေရဲ့ သွန်သင်ဆုံးမမှုတွေကို မမေ့သင့်ဘူးလို့ ရွာကျောင်းလေးမှာ အတူတူ တက်ခဲ့တဲ့ သူငယ်ချင်းတွေကို ပြန်ပြီးအသိပေးတဲ့သဘောပါ။ ဂီတမှာလည်း ဘယ်လိုအမျိုးအစားတွေ ကွဲပြားသွားပါစေ မူရင်း ဂီတကိုတော့ မမေ့သင့်ဘူးဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုလို့လည်း ရပါတယ်။ အခုလို ဒီပွဲလေး ကျင်းပဖြစ်တာကလည်း ဒီပွဲမှာ ပါဝင်သီဆိုပေးတဲ့အဆိုတော် တွေရဲ့ ကူညီပံ့ပိုးမှုတွေ အများကြီး ပါတယ်။ ဒီပွဲမှာ ပါဝင်သီဆိုပေးတဲ့ အဆိုတော်တွေကို သီးသန့်ရွေးချယ်ခဲ့ တာ မဟုတ်ပါဘူး။ ဂီတမှူးကတော့ စန္ဒရားဇေယျာမင်း (မြန်မာမှုဂီတ)အဖွဲ့ နဲ့ အတူတယော ဦးတင်ရီကလည်း တစ်တပ်တစ်အား ပါဝင်ကူညီ တီးခတ်ပေးတာပါ။    ဖေဖေကတော့ နှစ် ပေါင်းများစွာ တေးသီချင်းတွေ သီဆို ရေးသားမှုတွေနဲ့အတူ ရုပ်ရှင်သရုပ်ဆောင်အဖြစ်နဲ့ပါ ပရိသတ်အတွက် တက်စွမ်းသမျှပေးဆပ်ခဲ့ပြီး ၁၁.၁.၉၉ ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။ ဒီပွဲလေးဟာလည်း ငွေကြေးကို အဓိကမထားဘဲ အနုပညာ ချစ်မြတ်နိုးမှုကို ပြသတဲ့ ပွဲလေးပါ”ဟု ပြောကြားခဲ့သည်။

ဝဝ၁

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*