နိုင်ငံတကာသတင်း — နယူးဒေလီ၊ မတ် ၉၊ ၂ဝ၁၃

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ သည် ယင်းတို့၏ ပထမဆုံးအကြိမ် အဖြစ် ပြုလုပ်မည့် နှစ်နိုင်ငံ ပူးတွဲ ရေတပ် လေ့ကျင့်မှုကို ဘင်္ဂလား ပင်လယ်အော် အတွင်းတွင် စတင်ပြုလုပ်တော့မည် ဖြစ်ရာ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု အောက်မှ ရုန်းထွက်ရန် နယူးဒေလီနှင့် ရင်းနှီးကျွမ်းဝင်လိုစိတ်ကို နေပြည်တော်က ပြသလိုက်ခြင်း ဖြစ်သည်ဟု ယူဆရသည်။

မြန်မာ့ရေတပ်မှ ဖရီးဂိတ်သင်္ဘော တစ်စီးနှင့် အရံ စစ်သင်္ဘော တစ်စင်း တို့သည် အိန္ဒိယနိုင်ငံတွင် နောက်ထပ် ၄ ရက်၊ ၅ ရက်ကြာ ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ရန် ဗီဆာခါ ပက်တနန်သို့ စနေနေ့က ရောက်ရှိ လာခဲ့သည်။ ထိုလေ့ကျင့်မှုတွင် အိန္ဒိယအရှေ့ပိုင်း ရေတပ်စစ်ဌာနချုပ် အရာရှိများနှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း အစိုးရ အရာရှိများက Deccan Herald သတင်းစာသို့ ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် မြန်မာသင်္ဘော နှစ်စင်းနှင့် အိန္ဒိယသင်္ဘောနှစ်စီးတို့ သည် တရုတ်နိုင်ငံက ပင်လယ်ပြင် စောင့်ကြည့် နားထောင်ရေး စခန်းတစ်ခု ဖွင့်လှစ်ထားသည်ဟု အများအပြား ခန့်မှန်း ယုံကြည်ထားသည့် ကိုကိုး ကျွန်းနှင့် အနီးကပ် ပင်လယ်ပြင်တွင် ပူးတွဲကင်းလှည့်ကြမည်ဖြစ်သည်။

အဆိုပါ ခန့်မှန်းချက်ကို အိန္ဒိယ ရေတပ်နှင့် မြန်မာအစိုးရတို့က ငြင်းဆို ခဲ့ကြသည်။ ကင်းလှည့်အဖွဲ့သည် နှစ် နိုင်ငံကြား နယ်နိမိတ် ရေပြင်အနီးဝန်းကျင်တွင် တရားမဝင် ငါးဖမ်းသူများ၊ ပိုင်နက် ကျူးကျော်သူများ၊ မှောင်ခို သမားများနှင့် သောင်းကျန်းသူ အုပ်စု များကို ရှာဖွေကြမည်ဖြစ်သည်။

ယခုကဲ့သို့ နှစ်နိုင်ငံ လေ့ကျင့်မှု များမှာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် အပြီး ဖြစ်ပေါ် လာခြင်းဖြစ်သည်။

၁၈လ အတွင်း အိန္ဒိယ ကာကွယ်ရေး အကြီးအကဲ ၃ ဦး မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ခြင်းက နှစ်ဖက် တပ်မတော် များကြား ဆက်ဆံရေးခိုင်မာ စေလိုသည့် အိန္ဒိယ၏ စိတ်ဆန္ဒကို ထင်ဟပ်ပြသလိုက်ခြင်းဖြစ်သည်။

အိန္ဒိယစစ်ဘက် အကြီးအကဲများ နှင့် အကြီးတန်းအရာရှိများက အိန္ဒိယ၏ စစ်ရေးမဟာဗျူဟာတွင် မြန်မာ၏ အရေးပါမှုကို ဆယ်စုတစ်စု နီးပါးကြာ စိတ်ဝင်တစား ပြသ ခဲ့သည်။

မြန်မာနိုင်ငံ၏ စစ်တွေ ရေနက် ဆိပ်ကမ်းမှာ တရုတ်၏ “ပုလဲသွယ်”မဟာဗျူဟာ၏ အရေးပါသော အစိတ် အပိုင်း ဖြစ်သည်ဟု ယုံကြည်ရပြီး ထို မဟာဗျူဟာ အောက်တွင် အိန္ဒိယကို စောင့်ကြည့်ရန် ပါကစ္စတန်နိုင်ငံ၏ ဂွာဒါဆိပ်ကမ်း၊ သီရိလင်္ကာနိုင်ငံ၏ ဟမ်ဘန်တိုတာဆိပ်ကမ်းနှင့် စစ်တွေ ဆိပ်ကမ်းတို့ကို အသုံးပြုလိမ့်မည်ဟု ခန့်မှန်းရသည်။

ဂွာဒါဆိပ်ကမ်းကို တရုတ်ကုမ္ပဏီ တစ်ခုသို့ မကြာသေးမီက လွှဲပြောင်း ပေးခဲ့ခြင်းကို အိန္ဒိယအစိုးရအတွက် အထူး ပူပန်စရာကိစ္စတစ်ခုအဖြစ် အန်တိုနီက ဖော်ထုတ်ပြသ ခဲ့သည်။ ရွာဒါသည် ပါရှန် ပင်လယ်ကွေ့အဝတွင် တည်ရှိပြီး အဓိက ကမ္ဘာ့ရေနံ ထောက်ပံ့ရေး လမ်းကြောင်းဖြစ်သည့် ဟောမု(ဇ) ရေလက်ကြားမှ ကီလိုမီတာ ၄ဝဝ ခန့်သာ ကွာဝေးသည်။

Ref: Paring Dragon, deccanherald.com

ဝ၄ဝ

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)

Leave a Reply

Your email address will not be published. Required fields are marked *

*