အနုပညာသတင်း — မန္တလေး၊ ဖေဖော်ဝါရီ ၇၊ ၂ဝ၁၃
အိန္ဒိယ ကောင်စစ်ဝန်ချုပ် ဒေါက်တာ မဒန်မိုဟန် ဆေတီ က ရှင်းလင်း ပြောကြားခဲ့သည်

အိန္ဒိယ ကောင်စစ်ဝန်ချုပ် ဒေါက်တာ မဒန်မိုဟန် ဆေတီ က ရှင်းလင်း ပြောကြားခဲ့သည်

အနာဂတ် ကာလတွင် နှစ်နိုင်ငံ ဆက်ဆံရေး အဓွန့်ရှည်စေရန် ရည်ရွယ်ပြီး အိန္ဒိယ ကောင်စစ်ဝန်ချုပ်ရုံး (မန္တလေး) နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနတို့ ပူးပေါင်းမှု ဖြင့် ပြုလုပ်မည့် အိန္ဒိယ-မြန်မာ အိမ်တွင်းမှု အနုပညာပြပွဲ(မန္တလေး) ကို လာမည့် ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ဝ ရက်မှ ၂၄ ရက်နေ့အထိ မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံကြီးတွင် ငါးရက် တိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း အိန္ဒိယ ကောင်စစ်ဝန် ချုပ် ဒေါက်တာ မဒန်မိုဟန် ဆေတီက ပြောသည်။

“အဓိက,ကတော့ အနာဂတ် ကာလ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်စေဖို့နဲ့ ကူးသန်းရောင်းဝယ်ရေး ကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်လာ စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဖို့ စီစဉ်ခဲ့တာပါ” ဟု ဖေဖော်ဝါရီ ၇ ရက်၊ မွန်းလွဲ ၂ နာရီက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၅ လမ်း ပေါ်ရှိ အိန္ဒိယ ကောင်စစ်ဝန်ချုပ် ရုံးတွင် ပြုလုပ်သော နှစ်နိုင်ငံ ပူးပေါင်း ကျင်းပမည့် အိမ်တွင်းမှု အနုပညာ ပြပွဲအကြို စာနယ်ဇင်းရှင်းလင်းပွဲ၌ ပြပွဲ ကျင်းပရန် စီစဉ်ဖြစ်ပုံနှင့် ပတ်သက်၍ အိန္ဒိယ ကောင်စစ် ဝန်ချုပ်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ လက်မှု အနုပညာပြပွဲကို မဏိပူရ လက်မှုအထည်နှင့် လက်မှုအနုပညာ ဖွံ့ဖြိုး တိုးတက်ရေး ကော်ပိုရေးရှင်း၏ စီစဉ်မှုဖြင့် အိန္ဒိယနိုင်ငံ အထည်အလိပ် ဝန်ကြီးဌာနနှင့် မဏိပူရပြည်နယ် စီးပွားကူးသန်း ဦးစီးဌာနတို့က အဓိက ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း၊ ပြပွဲခင်းကျင်းပြသရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက် ၍လည်း နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု တိုးတက်စေရန်နှင့် အနာဂတ်ကာလတွင် နှစ်နိုင်ငံ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ကြောင်း အဆိုပါ ကောင်စစ်ဝန်ချုပ် က ဆိုသည်။

အထူးသဖြင့် မြန်မာနိုင်ငံ မန္တလေးမြို့ကို ဦးစားပေးရွေးချယ်ရန် စီစဉ်ရခြင်းနှင့် ပတ်သက်၍ မြန်မာအင်ဒီပဲန်ဒင့် က မေးရာတွင် မန္တလေးမြို့ အနေနှင့် အစဉ်အလာ ကြီးမားသည့် မြန်မာယဉ်ကျေးမှု အနုပညာမြို့တော် တစ်ခု ဖြစ်ခြင်း၊ အိန္ဒိယကောင်စစ်ဝန်ချုပ် ရုံးစိုက်ရာ ဒေသဖြစ်သည့်အားလျော်စွာ ယင်းအတွက် မန္တလေးမြို့သည် အထူး အရေးပါ သည့် ဒေသ တစ်ခု ဖြစ်ခြင်း၊ စီးပွားရေးအရ ကြည့်မည်ဆိုပါကလည်း မန္တလေးမြို့သည် မဏိပူရ ပြည်နယ်အတွက် အချက် အချာ ကျသည့် ပြည်နယ် တစ်ခု ဖြစ်ခြင်း စသည့် အချက်များကြောင့် မန္တလေးမြို့ကို ဦးစားပေး ရွေးချယ်ရခြင်းဖြစ်ကြောင်း ယင်းက ပြန်လည်ဖြေကြားသည်။

“မန္တလေးဟာ အနုပညာမြို့ တော်လို့ တင်စားခေါ်ဝေါ်သတ်မှတ်  ထားတဲ့ ဒေသတစ်ခုလည်းဖြစ်တဲ့ အတွက် ကျွန်တော့် အနေနဲ့ အရေးကြီး ပါတယ်။ နောက်တစ်ခုက စီးပွား ရေးအရကြည့်မယ်ဆိုလို့ရှိရင်လည်း မန္တလေး အနေနဲ့က မဏိပူရပြည် နယ် အတွက် အချက်အချာကျတဲ့ပြည်နယ် တစ်ခုဖြစ်တဲ့အတွက် ဦးစားပေး ရွေးချယ် ခဲ့တာ ဖြစ်တယ်”ဟု အိန္ဒိယ ကောင် စစ်ဝန်ချုပ်က ဆိုသည်။

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု တိုးတက် စေရန်နှင့် အနာဂတ်ကာလ နှစ်နိုင်ငံ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆိုသည့် ရည်ရွယ်ချက် နှစ်ခုဖြင့် ပြုလုပ်မည့် အိမ်တွင်းမှု အနုပညာပြပွဲဖြစ်သည့် အတွက် အိန္ဒိယနိုင်ငံအရှေ့မြောက် ပိုင်း မဏိပူရပြည်နယ် ထွက်ကုန် လက်မှု အနုပညာ များနှင့် မြန်မာ့လက်မှု အနုပညာ လက်ရာများကိုသာ ခင်းကျင်းပြသသွားမည်ဟုလည်း ယင်းက ပြောပါသေး သည်။

အဆိုပါပြပွဲကို အိန္ဒိယကောင် စစ်ဝန်ချုပ်ရုံး(မန္တလေး)နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီး ဌာနတို့နှင့် အတူ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ပူးပေါင်း စီစဉ်ပေးမှုဖြင့် ဖေဖော်ဝါရီ ၂ဝ ရက်မှ ၂၄ ရက်အထိ ငါးရက် တိုင်တိုင် နေ့စဉ်နံနက် ၁ဝ နာရီမှ ညနေ ၆ နာရီအထိ ပြပွဲသီးသန့် ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အနေနှင့် မြန်မာ နိုင်ငံနှင့် စီးပွားကူးသန်းရောင်းဝယ် ရေးဆိုင်ရာကဏ္ဍများ၌ နှစ်ပေါင်းများစွာ ကင်းကွာ နေခဲ့ပြီး စစ်တပ် ကျောထောက်နောက်ခံ အရပ်သား အစိုးရသစ်လက်ထက် ယခုကာလ တွင်မှ ကူးသန်း ရောင်းဝယ်ရေး ဆိုင်ရာ ကဏ္ဍ တချို့တို့၌ ပူးပေါင်း လုပ်ဆောင်လာခြင်း ဖြစ်ပြီး ယခုပြုလုပ်သည့် လက်မှု အနုပညာ ခင်းကျင်းပြသပွဲသည် ယဉ်ကျေးမှုဆိုင်ရာကူး သန်းရောင်းဝယ်ရေးအနေဖြင့် ပထမဦးဆုံး ခြေလှမ်းလည်းဖြစ်ကြောင်း သိရပါသည်။

ဝဝ၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*