ပြည်တွင်းသတင်း — ရန်ကုန်၊ မေ ၂၇၊ ၂ဝ၁၂

လတ်တလောဖြစ်ပေါ်နေသော ဆန္ဒထုတ်ဖော်မှုများသည် နိုင်ငံသားတို့၏ အကျပ်အတည်းများအပေါ် တုံ့ပြန်မှု ဖြစ်ပါသည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့ကြား တရားဥပဒေစိုးမိုးရေးကို အကောင်အထည် ဖော်ခြင်းဖြင့် ထိုကဲ့ သို့သော တုံ့ပြန်မှုများ ပိုမိုအေးချမ်းသွားနိုင်သည်ဟု လှည်းကူးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မေ ၂၇ ရက်နေ့တွင် မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောကြားခဲ့သည်။

ယင်းက လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်၍ ““အခုအချိန်က ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ကာလတစ်ခုပေါ့ တကယ်အရေးကြီးတဲ့ ကာလတစ်ခုပါ၊ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလမှာ အပြောင်းအလဲကို လုပ်တော့မယ်ဆိုရင်၊ အရင် အပြောင်းအလဲကို မလုပ်ခဲ့တဲ့ကာလက ကိစ္စရပ်တွေ ပြဿနာရပ်တွေ အကုန်လုံးက တစ်ပြိုင်နက်ထဲ ပေါ်လာတာပဲ။ ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲ၊ ဒီမိုကရေစီစနစ်မှာ အဲဒီ အသွင်ကူးပြောင်းရေးကာလကို ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ပြောင်းလဲလိုသူတွေအားလုံး ပူးပေါင်းပြီး ဆောင်ရွက်သွားကြမယ် ဆိုရင် မြန်မာရဲ့ နိုင်ငံရေးအဆင့် တစ်ဆင့် ဒီမိုကရေစီရေး အဆင့်တစ်ဆင့်ကို ကျွန်တော်တို့ ရောက်သွားမယ်။ နိုင်ငံရေးမှာ နိုင်ငံရေးနဲ့ဆိုင်တဲ့ အခွင့်အရေးတွေရှိတယ်။ ဒီအခွင့်အရေးတွေ    ကလည်း ပြည့်စုံလုံလောက်တဲ့ အခြေအနေတွေကို မရောက်သေးဘူး။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း

တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာလည်း ရှေးက စစ်အုပ်ချုပ်ရေးကာလရဲ့ ဆောင်ရွက်ခဲ့မှုတွေ အပေါ်မှာ ကျန်ခဲ့တဲ့ အဖုအထစ်တွေ အများကြီးရှိတယ်။ အဖုအထစ်တွေ အများကြီးရှိတယ်ဆိုတာက ကျွန်တော်တို့ မနက်အိမ်ကနေစပြီး ထွက်လာလိုက်တာနဲ့ လမ်း တွေက မကောင်းဘူး၊ ကားတွေက ကျပ်တယ် ကုန်ဈေးနှုန်းတွေက တက်တယ်။ ဆန်ဈေးတွေက ကမ္ဘာမှာ ဈေးတွေပြုတ်ကျတဲ့အတွက် ၆၅ ရာခိုင်နှုန်းလောက် ရှိတဲ့ ပြည်သူလူထု အများစုကြီးက ဆင်းရဲတွင်း ပိုနက်လာတယ်။ ဒီလိုအခြေအနေတွေကို ပြောမယ် ဆိုရင် အများကြီး ရှိတယ်။ အဲဒီအပြင် နွေရာသီကို ရောက်လာရင် ရေမလာဘူး၊ မီးမလာဘူး၊ ရေရှားပါးမှု ပြဿနာတွေ ရှိတယ်။ ဒီလို အခြေအနေတွေကို ပြောမယ်ဆိုရင် ဒါတွေအားလုံးဟာ စနစ်ဟောင်းရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့မှုပေါ့။

ဒါပေမဲ့ ဒီဘက်အပြောင်းအလဲကို လုပ်မယ်ဆိုရင် ဒီညံ့ဖျင်းနေမှုတွေကို ပြုပြင် ပြောင်းလဲနိုင်ဖို့လိုမယ်။ ပြုပြင်ပြောင်းလဲဖို့ ဆိုတဲ့နေရာမှာ ပြည်သူလူထုကလည်း ပြည်သူလူထုရဲ့ အခွင့်အရေးကို သိဖို့လိုတယ်။ အဲဒီအခွင့်အရေးကို သိတာဟာလည်း ဥပဒေနဲ့အညီ သိဖို့လိုတယ်။ ဥပဒေဘောင်ထဲကနေ ကိုယ့်ရဲဆန္ဒ သဘောထားကို ထုတ်ဖော်ပြသဖို့လိုတယ်။ မကြာခင် ကာလတွေက ပေါ်ထွန်းခဲ့တဲ့ ကိစ္စရပ်တွေရှိတယ်။ လျှပ်စစ်မီးကိစ္စ လိုဟာမျိုး ပြည်သူလူထုကလည်း ကိုယ့်ရဲဆန္ဒသဘောထား ကို ထုတ်ဖော်ဖို့သင့်တယ်။ အဲဒီ ဆန္ဒသဘောထားကို ထုတ်ဖော်တယ်ဆိုတာ ကိုယ့်ရဲ့ လိုလား တောင့်တချက်ကို အစိုးရဘက်က အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေဘက်က ဆောင်ရွက်ပေးဖို့အတွက် ဆန္ဒထုတ်ဖော်တာ၊ ဒီထုတ်ဖော်မှုကို အစိုးရဘက်နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်လို့ ရပြီဆိုရင် ဒီဆန္ဒပြမှုဟာ အောင်မြင်တယ်လို့ ပြောလို့ရတယ်။ အခု လျှပ်စစ်မီးကိစ္စ ဆိုရင် ညှိနှိုင်းတယ်။ ဆန္ဒထုတ်ဖော်တယ်။ အောင်မြင်မှုရတယ်၊ လျှပ်စစ်မီးကို စီမံခန့်ခွဲမှု ရှိလာတယ်။ ဒီစီမံခန့်ခွဲမှုဟာ နေ့ချင်းညချင်း ရန်ကုန်မြို့ကြီး တစ်ခုလုံး မီးထိန်ထိန်ညီး လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်လို့မရဘူး””ဟု သုံးသပ်ခဲ့သည်။

ဆက်လက်၍ ““ဒါပေမဲ့ ဒီဆန္ဒထုတ်ဖော်မှု တွေကလည်း ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ထိခိုက်သွားနိုင်မလားဆိုတဲ့ အခြေအနေကိုလည်း ဆန္ဒပြတဲ့သူတွေက ကိုယ့်ရဲ့ ဆန္ဒထုတ်ဖော်မှုမှာ သေသေချာချာစဉ်းစားဖို့ လိုတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ နိုင်ငံရေးအသွင် ကူးပြောင်းရေးဟာ အရေးကြီးပါ တယ်။ ဒီလိုအခြေအနေမှာ သဘောထားတိုင်း၊ သဘောထား တိုင်းရဲ့ အခြေအနေဟာ နှစ်ခု နှစ်ခု ပေါ်လာတတ်ပါတယ်။ အသွင်ကူးပြောင်းမှုကို ကြိုက်တယ်ဆိုတဲ့ အခြေအနေတွေ ရှိတယ်။ အချို့က အသွင်ကူးပြောင်းရေးကို မလုပ်ချင်ဘူး။ ရှေးရိုးစွဲပေါ့ဗျာ၊ ကိုယ့်ရဲ့ ပိုနေမြဲ ကျားနေမြဲဆိုတဲ့ အခြေအနေလေးအတိုင်း နေချင်ကြတယ်။ အပြောင်းအလဲဆိုတာ အခက်အခဲတွေ အများကြီး ရှိတယ်။ အဲဒီ စိန်ခေါ်မှုတွေကို ရင်မဆိုင်ချင်ဘူး၊ အဲဒီအတွက် ရှေးရိုးစွဲအတိုင်း ပိုနေမြဲ ကျားနေမြဲအတိုင်း နေချင်တယ်ဆိုတဲ့  အခြေအနေတွေကလည်း လက်ရှိ အစိုးရအဖွဲ့ အတွင်းမှာလည်း ရှိနိုင်တယ်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ အပြောင်းအလဲ လုပ်ဆောင်မှု ကြားမှာလည်း အဲဒီအခက်အခဲတွေက ရှိနိုင်တယ်။

ကျွန်တော်တို့ ၈၈ ခုနှစ်ကစပြီးတော့ လုပ်ခဲ့မှုတွေရှိတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒါတွေကို ကျွန်တော်တို့က သေသေချာချာ သင်ခန်းစာထုတ်ပြီး ရှေ့အပြောင်းအလဲ တစ်ရပ်ကို လုပ်တဲ့အခြေအနေမှာ ပြည်သူလူထုတွေ အားလုံး၊ ပြည်သူလူထုဆိုတာ တပ်မတော်ကော၊ ရဲကော၊ အုပ်ချုပ်ရေးအဖွဲ့အစည်း တွေကော၊ ဝန်ထမ်းတွေ ကော၊ လက်လုပ်လက် စားတွေကော၊ အားလုံးပါဝင်တဲ့ ပြည်သူလူထုတစ်ရပ်လုံးက ညီညီ ညွတ်ညွတ်နဲ့ ကိုယ့်ရဲ့ ဆန္ဒသဘောထားတွေကို ထုတ်ဖော်ကြ၊ ကိုယ့်ရဲ့ ဆန္ဒသဘောထားတွေကို အုပ်ချုပ်ရေး အဖွဲ့အစည်း တွေ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး အပြောင်းအလဲတွေကို မှန်မှန်ကန် ကန်နဲ့ ဆောင်ရွက်နိုင်ရင် ကျွန်တော်တို့ နိုင်ငံမှာ တိုးတက်တဲ့ ဖြစ်စဉ်တစ်ရပ် ဖြစ်လာလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် မလိုလားအပ်တဲ့ နှောင့်နှေး ကြန့်ကြာမှုတွေ ပေါ်ထွန်းလာနိုင်မယ်။

အခုဖြစ်နေတဲ့ ဖြစ်စဉ်တွေကို သုံးသပ်ကြည့် မယ်ဆိုရင် တချို့ အခြေအနေတွေမှာ ကျွန်တော်တို့ စိတ်ပူမှု တွေရှိတယ်။ ဒီမိုကရေစီရေး၊ နိုင်ငံရေးအုပ်စုတွေထဲမှာ တချို့ Hard လိုင်းတွေက အပြုတ်တိုက်ရေး၊ အမြစ်ဖြတ်ရေးဆိုတဲ့ အခြေ အနေမျိုးတွေနဲ့ လုပ်လာခဲ့မယ်ဆို ရင် မြန်မာပြည်ရဲ့ အခြေအနေကောင်းတွေ ဖြစ်တဲ့ လမ်းစ ကောင်းတွေ ဖြစ်တဲ့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး ပျက်ပြားသွားနိုင်တယ်။ အဲဒီလို ပျက်ပြား မသွားစေချင်ဘူးဆိုရင် ပြည်သူလူထုတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေကို  ဥပဒေနဲ့အညီ ဆောင်ရွက်တတ် အောင် ပြည်သူလူထုကလည်း ကိုယ့်အခွင့်အရေးတွေကို ကိုယ် သိအောင် ပြောဆို၊ တောင်းဆိုရလိမ့်မယ်။ ဒါပေမဲ့ တစ်ဖက်အာဏာပိုင် အဖွဲ့အစည်းကလည်း ဖိနှိပ်မှုမျိုးမဟုတ်ဘဲ ပြဿနာရပ်တွေကို ကိုင်တွယ်ဖြေရှင်းခြင်း အားဖြင့် ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ရှာကြံသင့်တယ်။ ဒီအနေအထားပေါ်မှာ အစိုးရဘက်ပိုင်းကလည်း ပြဿနာတွေက ရှုပ်တယ်။ ငါတို့ကို ဘယ်သူမှ လာမပြောနဲ့ ငါတို့က ဖိနှိပ်ပြီးဖြေရှင်းလိုက်မယ်ဆိုတဲ့ အခြေအနေမျိုးကို မလုပ်သင့်သလို ဒီဘက်က ဆန္ဒပြ တောင်းဆိုမှုတွေ ကြားမှာလည်း တင်းမာတဲ့ အယူအဆတွေကို ကိုင်စွဲထားတဲ့သူတွေက နောက်ကမြှောက်ပေးတာ သော်လည်းကောင်း၊ ရှေ့ကနေ ဆွဲခေါ်တာ သော်လည်းကောင်း ဒီလိုအခြေအနေမျိုးတွေ မဖြစ်အောင် ထိန်းသိမ်းသင့်တယ်လို့ ကျွန်တော်မြင်တယ်။

ဘာကြောင့် ဒီအချိန်မှာ ကျွန်တော်တို့ ဒီစကားတွေကို ပြောရသလဲ ဆိုရင် ဒါက မြန်မာနိုင်ငံရဲ့ အရေးကြီးဆုံး အသွင်ကူးပြောင်းရေးကာလဖြစ်တယ်။ အသွင်ကူးပြောင်း ရေးကာလမှာ ဒီမိုကရေစီရေးအ တွက် နိုင်ငံရေးဆိုင်ရာ အသွင်ကူးပြောင်းရေးတွေရှိသလို ဖွံ့ဖြိုတိုးတက်ရေးအတွက် ပြည်သူလူထုရဲ့ ခံစားနေရတဲ့ ပေါက်ကွဲမှုတွေ လည်းရှိပါတယ်။ ဒါတွေအားလုံးကို ဟန်ချက်ညီညီ ထိန်းညှိသွားနိုင်မှ ကျွန်တော်တို့ တိုင်းပြည်ဟာ ကောင်းမွန်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ရောက်နိုင်မယ်။ နို့မို့ဆိုရင် ကျွန်တော်တို့ဆီမှာ ပြဿနာတွေ ကျန်ခဲ့မယ်။ ပြည်တွင်းစစ်မီးတွေ ဆက်ပြီးတော့ တောက်နေမယ်။ အဆိုးသံသရာတွေ လည်နေမယ်။ ဖိနှိပ်လို့ အုံကြွမှုတွေဖြစ်တယ်။ အုံကြွလို့ ဖိနှိပ်တယ်ဆိုတဲ့ အဆိုးသံသရာတွေ ကနေ လွတ်မြောက်နိုင်ဖို့ဆိုရင် တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးပါတယ်””ဟုလည်း အစွန်းရောက် တုံ့ပြန်မှုနှစ်မျိုးအပေါ် ပိုင်းခြား သုံးသပ်ပေးခဲ့သည်။

ထို့ပြင် လက်ရှိမြန်မာနိုင်ငံအတွက် တရားဥပဒေစိုးမိုးရေး အရေးကြီးပုံကို ““အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ တရားဥပဒေ စိုးမိုးရေးဟာ  အခုချိန်မှာ လိုအပ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒီတရားဥပဒေစိုးမိုးရေး ဆိုတာ ပြည်သူလူထုကလည်း ကိုယ့်အခွင့်အရေးကို ကိုယ်သိပြီး တရားဥပဒေနှင့်အညီ ကိုယ့်ရဲ့အခွင့်အရေးကို ထုတ်ဖော်ဖို့ လိုအပ်သလို အစိုးရဘက်ကလည်း တရားဥပဒေနဲ့ အညီ တောင်းဆိုလာမှုတွေကို ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေတွေကို ပြည်သူလူထုနဲ့ ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ပြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို လုပ်မယ်ဆိုရင် လူထုကလည်း လက်ရှိ ဆောင်ရွက်နေမှုတွေကို ထောက်ခံလာနိုင်ပါတယ်။

လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး အခုဆောင်ရွက်လိုက်တဲ့ ကိစ္စရပ် မျိုးဆိုရင် မီးစက်တွေကို နိုင်ငံတကာကနေ ကူညီမှုတွေနဲ့ သုံးမယ်၊ မိုးမရွာလို့ ရေအားလျှပ်စစ်တွေမရနိုင်ဘူးဆိုရင် မီးစက်တွေနဲ့ မောင်းနှင်ပြီးတော့ ပေးမယ်။ ယာယီဒီ ပြဿနာကိုကုမယ်။ ဒီနေရာမှာ ရှေ့ကပြောခဲ့တဲ့သူတွေရဲ့ အမှားအယွင်းတွေရှိတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးတွေက ထိန်ထိန်ညီးနေတယ်၊ ပိုနေရင်တော့ ရောင်းနေရမှာပေါ့ ဆိုတဲ့ အခြေအနေမျိုးတွေကိုတော့ အုပ်ချုပ်တဲ့သူတွေပဲ ဖြစ်ဖြစ်၊ ဆန္ဒပြတောင်းဆိုနေတဲ့သူတွေပဲ ဖြစ်ဖြစ်၊ ဘယ်သူမှ လက်လွတ်စပယ် ဘယ်ကိစ္စမှ မပြောသင့်ဘူး၊ ဒီလိုလက်လွတ်စပယ်ပြောမှု၊ ဆောင်ရွက်မှုတွေဟာ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်တယ်လို့ ဒီလို ကောက်ချက်ချမိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အချိန်ကာလဟာ တကယ်အရေးကြီးတဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုမှာ နုနယ်တဲ့ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ပေါ်ထွန်းတတ်တဲ့ အခြေအနေတွေကိုအုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ ပြည်သူလူထုကြားမှာ ထိန်းညှိပြီး တရားဥပဒေ စိုးမိုးရေးနဲ့အညီ ပြုပြင်ရင်းနဲ့ ဒီမိုကရေစီပန်းတိုင်ကို ရောက်သည်အထိ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှုကို ဆောင်ရွက်သင့်တယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ အားလုံးက ဟန်ချက်ညီညီ လိုက်ပါခြင်းဖြင့် ဒီမိုကရေစီခရီး ပန်းတိုင်ကို ရောက်အောင် ဆောင်ရွက်သင့်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်””ဟု အကျယ်တဝင့် ပြောကြားခဲ့ပါသည်။

ဦးဖြိုးမင်းသိန်းသည် မကြာသေးမီက သြစတြေးလျနိုင်ငံ လွှတ်တော်အတွင်း ဝင်ရောက်လေ့လာခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါသည်။

ဝ၃၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*