ဆောင်းပါး — မတ် ၇၊ ၂ဝ၁၃

တစ်ခါက အာရှတိုက်မှ ဝန်ကြီး တစ်ဦးထံသို့ အာဖရိကတိုက်မှ ဝန်ကြီး တစ်ဦးရောက်လာသည်ဟူ၏။ နေ့ဘက် အလုပ်ကိစ္စများ တွေ့ဆုံဆွေးနွေး ကြပြီးနောက် ညဘက်တွင် အာရှမှ ဝန်ကြီး၏ အိမ်မှာ ညစာဖြင့် တည်ခင်း ဧည့်ခံ၏။ အာဖရိကမှ ဝန်ကြီးက အာရှမှ ဝန်ကြီး၏ နေအိမ်ကြီးကို  ကြည့်ရင်း အံ့ဩနေ၏။ စားသောက်ပြီး နောက် အာဖရိကမှ ဝန်ကြီးက အာရှမှ ဝန်ကြီးအား ဝန်ကြီး၏ လစာ နှင့် ဒီလိုအိမ်မျိုးဘယ်လိုဆောက်လဲ ဟု မေး၏။ အာရှမှ ဝန်ကြီးက ဟိုမှာ တံတား တစ်စင်းတွေ့လားဟု လက်ညှိုးထိုးပြ၏။ အာဖရိကမှ ဝန်ကြီးက လှမ်းကြည့်လိုက်ရာ တံတား တစ်စင်းမြင်ရ၏။ ထိုအခါ အာရှမှ ဝန်ကြီးက ဆက်ပြောသည်မှာ ၁ဝ ရာခိုင်နှုန်း ဟူ၏။

နောက် ၃ နှစ်၊ ၄ နှစ်ကြာသော အခါ အာရှမှ ဝန်ကြီးက အာဖရိက မှ ဝန်ကြီးထံသို့ တစ်လှည့်ရောက် သွားသည်။ နေ့ဘက် အလုပ်ကိစ္စများ ပြီးနောက် ညဘက်တွင် အာဖရိကမှ ဝန်ကြီး၏ အိမ်တွင် ညစာဖြင့် တည် ခင်းဧည့်ခံ၏။ အာဖရိကမှ ဝန်ကြီး ၏ အိမ်မှာ နန်းတော်ကြီးတစ်မျှ ခန်း နားလှသည်ကိုတွေ့ရ၏။ စားသောက်  ပြီးနောက်မှာ အာရှမှ ဝန်ကြီးက အာဖရိကမှ ဝန်ကြီးကို လစာနှင့် ဒီလိုအိမ်မျိုးဘယ်လိုဆောက်လဲဟု အံ့ဩကြီးစွာဖြင့် မေး၏။ အာဖရိကမှ ဝန်ကြီးက ဟိုမှာ တံတား တစ်စင်း တွေ့လားဟု လက်ညှိုးထိုးပြ၏။ အာရှမှ ဝန်ကြီးက လှမ်းကြည့်လိုက်ရာ မည်သည့် တံတားမှ မတွေ့။ ထိုအခါ အာဖရိကမှ ဝန်ကြီးက ဆက်ပြောသည် မှာ ၁ဝဝ ရာခိုင်နှုန်း ဟူ၏။

ဒါကတော့ အာရှနှင့် အာဖရိက မှ အချို့သော အစိုးရများ၏ လာဘ် ပေးလာဘ်ယူများပြားပုံကို တင်စား ထားသည့် ရယ်ရင်း မောစရာ ဟာသလေးတစ်ခုဖြစ်၏။

အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ခုဖြစ်သည့် Transprency International အဖွဲ့က ကမ္ဘာတစ်ဝန်းရှိ လာဘ်ပေး လာဘ်ယူ အဂတိ လိုက်စားမှု အခြေအနေ များကို စနစ်တကျ စစ်တမ်းကောက်ယူ ဖော်ထုတ်ပြီး နှစ်စဉ် ထုတ်ပြန်သည်။ ၂ဝ၁၂ ခုနှစ်အတွက် စစ်တမ်းထုတ်ပြန်ရာ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အများဆုံး ၅ နိုင်ငံထဲတွင် ပါဝင်နေသည်။ Transprency International အဖွဲ့၏ Corruption Percepltion Index (CPI) အရ နိုင်ငံပေါင်း ၁၇၆ နိုင်ငံ အနက် မြန်မာနိုင်ငံမှာ အဆင့် ၁၇၂ ဖြစ်ပြီး မြန်မာနိုင်ငံအောက်တွင် ဆူဒန်၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားနှင့် ဆိုမာလီယာ တို့သာရှိသည်။ ထိုစစ်တမ်းအရ အာရှတွင် မြန်မာနိုင်ငံ၏ အောက်၌ အာဖဂန် နစ္စတန်နှင့် မြောက်ကိုရီးယား သာရှိပြီး အရှေ့တောင်အာရှအဆင့်တွင် မြန်မာနိုင်ငံသည် လာဘ်ပေးလာဘ်ယူမှု အများဆုံး ဖြစ်နေသည် ကို တွေ့ရသည်။

လာဘ်ပေးလာဘ်ယူ ပြဿနာသည် မြန်မာပြည်သူ အားလုံးကို ကြီးမားစွာ စိန်ခေါ်နေပြီး ဒီမိုကရေစီ ခရီး အတွက် ကြီးစွာသော ခလုတ်ကန်သင်း ဖြစ်နေသည်။

ဒီမိုကရေစီ၏ ရှေးဦးသင်္ကေတ အဖြစ် ပွင့်လင်းမြင်သာမှုများ အတန်အသင့်ဖြစ်ထွန်းလာပြီး နောက်ပိုင်း မြန်မာနိုင်ငံ၏ လာဘ်ပေးလာဘ်ယူ ဝေဖန်သံထဲတွင် တရားစီရင်ရေး မဏ္ဍိုင်မှ တရားသူကြီး များလည်း အဓိက ပစ်မှတ်တစ်ခု အနေဖြင့် ပါဝင်လာခဲ့သည်။ တရားစီရင်ရေး မဏ္ဍိုင်၏ သဘောသဘာဝအရ အမှုသည်များ၏ အနိုင်အရှုံးကို ဆုံးဖြတ်ပေးရာတွင် သာမန်အားဖြင့်ဆိုလျှင်ပင် ရှုံးနိမ့်မှုကို ကျေကျေနပ်နပ် လက်ခံနိုင်သူ ရှားပါးရာ လာဘ်ပေး လာဘ်ယူပြဿ နာနှင့်ပါ ရောထွေး လိုက်သည့် အခါ တရား သူကြီးများသည် ပို၍ ယိုးစွပ်ခံရစရာ ဖြစ်လာသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာ ၁/၂ဝ၁၂ တွင် တရားရုံး များတွင် လာဘ်ပေး လာဘ်ယူ ကင်းရှင်းရန် ညွှန်ကြားချက်များ ရှိသည်ဟု ဆိုသော်လည်း လာဘ်ပေးလာဘ်ယူမှုများ ရှိနေသည်ဟု ဖော်ပြပါရှိသည်။ ရှေ့နေတစ်ဦးကလည်း တရား သူကြီးများ လာဘ်စားမှုကြောင့် တရာစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်ပြိုလဲနေပြီဟု ညံညံဟိန်းဟိန်း ပြောဆိုသည်။ သတင်းမီဒီယာ ဂျာနယ်အချို့ကလည်း လူထောင်ဂဏန်း အရေအတွက်အပေါ် စစ်တမ်းပြုလုပ် အခြေပြု၍ တရားသူကြီးများ အဂတိတရား လိုက်စားမှုကြောင့် တရားစီရင်ရေး စနစ်မမျှတ ဖြစ်နေသည်ဟု စွဲစွဲမှတ်မှတ် မှတ် ထင်နေသည်။

ခေတ်ရေစီးကြောင်းထဲတွင် ရေစုန်မျှောရင်း လာဘ်ပေးလာဘ်ယူ ပြုလုပ်တတ်သော တရားသူကြီးအချို့လည်း ရှိကောင်းရှိနိုင်ပါသည်။ သို့သော် သာမန်မြန်မာပြည်သူ များကဲ့သို့ စားဝတ်နေရေး ဝဲဂယက်ထဲတွင် စုန်းစုန်း မမြှုပ်အောင် ဂုဏ်သိက္ခာကို အရင်းတည်၍ ပင်ပင်ပန်းပန်း ဆန်တက် ရုန်းကန်နေရသော တရားသူကြီး များလည်း အများစု ရှိနေပါသေးသည်။

လာဘ်ပေးလာဘ်ယူ ကင်းရှင်းရန် မည်သို့လုပ်ဆောင်မည်နည်း။ ထိရောက်စွာ အရေးယူအပြစ်ပေးမည် ဆိုသော နည်းလမ်း တစ်ခုတည်းဖြင့် တော့ ပြီးမြောက်အောင်မြင် လိမ့်မည် မဟုတ်။ လာဘ်ပေးလာဘ်ယူပြုလုပ် ရသည့် အရင်းခံ အကြောင်းတရားများ ကိုလည်း မြစ်ဖျားခံကြည့်မှသာ ပြည့်စုံပေလိမ့်မည်။ အရင်းခံအကြောင်း တရားအချို့ ကိုခြေရာခံ ကြည့်ချင်သည်။

“ဘဦးရေ မင်းလည်း အိမ်ထောင်ရှိတဲ့လူ၊ ငါလည်း အိမ်ထောင် ရှိတဲ့လူပဲ။ သားသမီးတွေက ငါတို့ရဲ့ အသည်းကို ကိုင်လှုပ်တယ်ဆိုတာ ငါတို့သိကြတယ်။ ဒါပေမယ့် သားသမီးမရှိတဲ့ အင်္ဂလိပ်လူမျိုး တရားသူကြီးတချို့က ဒါကို နားမလည်ကြဘူး။ သူတို့က သူတို့ ရှေ့ရောက်လာတဲ့ အရာရှိငယ်တွေရဲ့ အမှုဆိုရင် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ချင် ကြတယ်။ တကယ်လို့ အရာရှိငယ် တွေ အမှားကျူးလွန်တယ်ဆိုရင်တောင်  သူတို့ရဲ့ သားသမီး တွေကို အငတ် မထားနိုင်လို့၊ ကိုယ်တုံးလုံး မထားနိုင်လို့ မှားကြတာချည်းပဲ။ သူတို့ရတဲ့ လစာကို ကြည့်လိုက်ဦး။ စိတ်ပျက်စရာကွ။ သူတို့ မိသားစုတွေ အတွက် လုံလုံလောက်လောက် ဘယ်မှာရှိပါ့မလဲ။ ဒါကြောင့် သူတို့ အမှား ကျူးလွန်ရင် သူတို့ကိုခေါ်၊ ကောင်းတဲ့ အကြံဥာဏ်ပေး၊ သတိပေး၊ တစ်ကြိမ်နဲ့ မလုံလောက်ဘူး၊ နှစ်ကြိမ်လောက် လုပ်ရမှာ။ ဒါမှ ကောင်းမလာဘူး ဆိုရင်တော့ ထိုက်သင့်တဲ့ အားလျော်စွာ အပြစ်ပေးရမှာပေါ့။ ဒါပေမယ့် သူတို့ကို အပြစ်ပေးရင် သားသမီးတွေ ကိုပါ အပြစ်ပေးသလို ဖြစ်သွားနိုင်တယ် ဆိုတာတော့ သတိထားနော်”

အထက်ပါ ပြောစကားများမှာ ၁၉၃ဝ ပြည့်နှစ်ကျော် ကာလက တရားသူကြီးချုပ်ဖြစ်သူ ဆာအာသာ ပေ့ဂ်ျ (Sir Arthur Page) က တရားလွှတ်တော် တရားသူကြီး ဦးဘဦး (နောင်အခါ သမ္မတ ဦးဘဦး)ကို ပြောခဲ့သည့် စကားများဖြစ်သည်။ သမ္မတ ဦးဘဦး၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ MY BURMA စာအုပ်ကို ဆရာစိန်ဝင်းစိန်က “ကျွန်ုပ်၏ မြန်မာနိုင်ငံ” အမည်ဖြင့် ဘာသာပြန်ထားသော စာအုပ်မှ ကောက်နုတ်ချက် ဖြစ်သည်။ လစာငွေ နည်းပါးမှု၊ သားသမီးများ၊ အမှားများ၊ တစ်နည်းအားဖြင့် လာဘ်ပေး လာဘ်ယူ ပြဿနာကို အရင်းခံ အကြောင်းတရား တစ်ခုအဖြစ် လစာငွေ မလုံလောက်မှုနှင့် ဆက်စပ် စဉ်းစားပေးသော ကိုလိုနီခေတ် နိုင်ငံခြားသား တရားသူကြီးချုပ် တစ်ဦး ၏ ရှုမြင်ပုံကား မှတ်မှတ်သားသား ဖြစ် စရာပင်။

သမ္မတ ဦးဘဦး ကိုယ်တိုင်ကလည်း ထိုစာအုပ်၏ တစ်နေရာတွင် အလားတူ ဤသို့ သုံးသပ်ပြထားသည်။ “အတိုင်း အတာတစ်ခုအထိ အကျင့်ပျက်မှုကို တွေ့ရသည်မှာ တရားစီရင်ရေး၏ အောက်တန်းရာထူးများတွင် တွေ့ရခြင်း ဖြစ်သည်။ အကြောင်း အရင်းကို စဉ်းစားရန်မလို၊။ ကောင်းသော၊ အရည်အချင်းရှိသော၊ သိက္ခာ ရှိသော ဝန်ထမ်းကို လိုလျှင် တန်ရာတန်ကြေး ပေးမှ ရနိုင်ပေလိမ့်မည်။ လစာနည်းနည်းပဲ ပေးလျှင် အခြား တစ်နည်းနည်းဖြင့် သူ့ဝင်ငွေကို ဖြည့် တင်းလိမ့်မည်မှာ ဓမ္မတာပင်။ တရား စီရင်ရေး၏ အငယ်ထမ်းဝန်ထမ်းများ အတွင်းတွင် ဤသို့သာဖြစ်နေကြ၏။ သူတို့အား လခအလွန်နည်းပါးစွာ ပေးထားသည်။ တစ်လလျှင် ရူပီငွေ ၁၅ဝ ခန့်ဖြင့် စတင်ကြရသည်။ ထိုခေတ်တွင် နေထိုင်မှုစရိတ် အလွန် နိမ့်ကျသော်လည်း တရားသူကြီး တစ်ယောက် အဖို့ ကျွေးရမွေးရသည်မှာ သူ့မိသားစုအပြင် ဆွေမျိုးသားချင်း ပါရှိနေနိုင်သေးသည် ကိုလည်း မေ့မထားအပ်ပါ။ ထို့ပြင် ကျားနှင့် လိုက်ဖက်အောင် ခြေရာ လိုက်ကြီးပေးရသည့် ကိစ္စများ လည်း ရှိသေး၏။

တရားသူကြီးတစ်ဦးတွင် မိသားစုရှိသည်။ သားသမီးများ ပညာရေး ကိစ္စရှိသည်။ ကျန်းမာရေး ကိစ္စရှိသည်။ လူမှုရေး ကိစ္စရှိသည်။ အိမ်ငှားရပြီဆိုလျှင် အိမ်လခက ရရှိသည့် လစာ၏ ထက်ဝက်ခန့် အနည်းဆုံးရှိသည်။ ရရှိသော လစာနှင့် အမှန် တကယ် အခြေခံ ကုန်ကျစရိတ် စေ့ငမိပါရဲ့လား။ လိုငွေကို မည်သို့ ရှာဖွေမည်နည်း။ တရားသူကြီးများသာ မဟုတ်။ အခြားဝန်ထမ်းများရော ယင်းတို့ရရှိသည့် လစာနှင့် အခြေခံ ကုန်ကျစရိတ်တို့ ကာမိပါရဲ့လား။ သူတို့ရော လိုငွေများကို မည်သို့ရှာဖွေ ကြမည်နည်း။

အဓိက ဆိုလိုချင်သည်မှာ အခြေခံ ကုန်ကျစရိတ်ကို ထေမိစေနိုင်မည့် ထိုက်သင့်သော လစာစရိတ် မရရှိခြင်းသည် လာဘ်ပေး လာဘ်ယူ ဖြစ်ပွားရသည့် အရင်းခံ အကြောင်းရင်းထဲတွင် ထည့်သွင်း စဉ်းစားရမည့် အချက်တစ်ချက် ဟု ပြောလိုခြင်း ဖြစ်သည်။ လာဘ်ပေးလာဘ်ယူ ပြုလုပ်မှုကို ကာကာ ကွယ်ကွယ်ပြုလိုခြင်းမဟုတ်။ အရင်းခံ အကြောင်းရင်းများကို  ပြည့်စုံစွာ ထည့်သွင်း စဉ်းစားစေလိုသည့် ဆန္ဒသက်သက်သာဖြစ်ပါသည်။

ပုစ္ဆာတစ်ခု အဖြေထုတ်ရာတွင် ပေးထားချက် ပြည့်စုံမှ မှန်ကန်သော အဖြေတစ်ခု ထုတ်နိုင် မည်ဖြစ်သည်။ ပေးထားချက် မပြည့်စုံပါက အဖြေ တစ်ခု ရရှိနိုင်သော်လည်း မှန်ကန်သော အဖြေဖြစ်မည် မဟုတ်။ ပေးထားချက် မပြည့်စုံဘဲ အဖြေထုတ် ခိုင်းနေကြသဖြင့် အဖြေမှားများ ထွက်ပေါ်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဒီမိုကရေစီ လူလားမြောက် ဖို့ အဖြေမှန်များ ထုတ်နိုင်ရန် လိုပါလိမ့်မည်။

သက်ဇော်နိုင်

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*