၄၅ ဦးမြောက် အမေရိကန် သမ္မတ  ဒေါ်နယ်ထရန့်

၄၅ ဦးမြောက် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်

အမေရိကန် ရွေးကောက်ပွဲ သမိုင်းတွင် အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် ပွဲတစ်ပွဲအဖြစ် ဆင်နွှဲပြီးနောက် ရီပတ်ဘရီကန် ပါတီမှ ဒေါ်နယ်ထရန့်က ဒီမိုကရက်တစ် ပါတီမှ ဟီလာရီ ကလင်တန်ကို နိုဝင်ဘာ ၉ ရက် မဲရေတွက်မှုတွင် အနိုင် ပိုင်းလိုက်ကာ ၄၅ ဦးမြောက် အမေရိကန် သမ္မတ ဖြစ်လာသည်။

မြန်မာနိုင်ငံသား အချို့မှာ ဒေါ်နယ်ထရန့် အနိုင်ရရှိခြင်းဖြင့် မြန်မာ-အမေရိကန် အရေးနှင့် ပါတ်သတ်ပြီး စိုးရိမ် ပူပန်မှုများ ရှိနေသည်။

မြန်မာနိုင်ငံသား အချို့မှာ သမ္မတဟောင်း ကတော် ဟီလာရီ ကလင်တန်ကို ထောက်ခံကြပြီး ဟီလာရီ ကလင်တန် သာ သမ္မတ ဖြစ်လာလျင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်မည်ဟု ယူဆ ထားကြသူများလည်း ဖြစ်သည်။

ရွေးကောက်ပွဲ မတိုင်မီက လိင်ပိုင်းဆိုင်ရာ ပြောကြားချက်များ စွပ်စွဲမှုများ၊ အခွန် ရှောင်တိမ်းမှုများဖြင့် စွပ်စွဲခံရမှုများ ရှိနေသည့်ကြားမှ ယင်းတို့ကို ကျော်လွှားကာ နိုဝင်ဘာ ၈ ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရန့်က အနိုင် ရသွားခဲ့ခြင်းလည်း ဖြစ်သည်။

ဒေါ်နယ်ထရန့် အနေဖြင့် သမ္မတဖြစ်ပါက အမေရိကန်သို့ မွတ်စလင်များ ဝင်ရောက်ခြင်းအား တားမြစ်သွားပြီး မက္ကဆီကို နယ်စပ်တံတိုင်း ကာရံသွားမည်ဟု ပြောဆိုထားခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပွဲဆူခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ဖလော်ရီဒါ၊ မြောက် ကယ်ရိုလိုင်းနားနှင့် အိုဟိုင်းယို တို့ကဲ့သို့ အဓိက ပြည်နယ်များတွင် အနိုင်ရကာ မဲအရေအတွက် ပဉ္စလက် ဂဏန်းဖြစ်သော ၂၇၀ ကို ရရှိကာ ထရန့်က အနိုင်ရသွားခြင်း ဖြစ်ကြောင်း အမေရိကန် မီဒီယာများတွင် ဖော်ပြနေခြင်း ဖြစ်သည်။

ထို့ကြောင့် အမေရိကန် မြန်မာ ဆက်ဆံရေး အလားအလာနှင့် ပါတ်သက်ပြီး နိုင်ငံရေး လေ့လာ သုံးသပ်သူ အချို့ကို ဆက်သွယ် မေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။

အမေရိကန် သံအမတ်ကြီး Scot Marciel

အမေရိကန် သံအမတ်ကြီး Scot Marcielပေါ်ထွက်လာတဲ့ သမ္မတက ဘယ်လိုပေါ် လစီမျိုးကို လက်တွေ့ အကောင်အထည် ဖော်မလဲဆိုတာ သူကပဲ ချမှတ်မယ်၊ ဒါပေမယ့် ဒီပေါ်လစီတွေက ဘယ်သူပဲ ချမှတ်ချမှတ် ပါတီနှစ်ခုလုံးရဲ့ မြန်မာနိုင်ငံအပေါ် အကူအညီပေးလိုတဲ့ သဘောထား ကတော့ ပြောင်းလဲမှာ မဟုတ်ဘူး၊ ဒါကတော့ ဆက်ရှိနေမှာပါ။ ထရန့် နိုင်သွားရင်တော့ သူဘာတွေ ဆက်လုပ်မလဲ သူ့အပေါ်မှာပဲ မူတည်တယ်၊ အသေးစိတ် လုပ်ငန်း ဆောင်တာတွေတော့ ပြောင်းမယ်၊ ဒါပေမယ့် ပါတီနှစ်ခုလုံး ကတော့ မြန်မာနိုင်ငံအတွက် အကောင်းဆုံး လုပ်ပေးမယ် ဆိုတဲ့ သဘောထား ကိုတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး။

ဦးရဲထွဋ်

ဦးရဲထွဋ်ဒေါနယ်ထရန့် နိုင်သွားတဲ့ အတွက်ကြောင့် သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒက သူကပြည်တွင်းရေးကို အာရုံစိုက်တယ်။ ဒါကြောင့် အာရှမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍ လျော့ကျ သွားနိုင်တယ်။ လျော့ကျ သွားတာနဲ့ အမျှ မြန်မာနိုင်ငံ အပေါ်မှာလည်း သူ့ရဲ့ ထိတွေ့မူက လျော့ကျ သွားနိုင်တယ်။ အိုဘားမားရဲ့ အာရှအပေါ် ဗဟိုပြုတဲ့ မူဝါဒက ထရန့်လက်ထပ်မှာ ပိုလို့ အားနည်းသွားမယ်။ နောက်တစ်ခုကတော့ အိုဘားမား လက်ထပ်မှာ လုပ်ခဲ့တဲ့ လွတ်လပ်တဲ့ ကုန်သွယ်မူဇုန် ဆိုတာလည်း ထရန့်လက်ထပ်မှာ ရပ်တန့် သွားနိုင်တယ်။

ဒေါက်တာသောင်းထွန်း

ဒေါက်တာသောင်းထွန်းထရန့်က နိုင်သွားတယ် ဆိုတော့ သူက စီးပွားရေး သမားလေ၊ စီးပွားရေး သမားဆိုတော့ စီးပွားရေး အမြင်နဲ့ သုံးသပ်တဲ့ဘက်ကို ကဲသွားမလားလို့ ကျွန်တော်တို့ ထင်တယ်။ မြန်မာနိုင်ငံ ဆိုင်ရာ ပေါ်လစီကိုပေါ့နော် သို့သော်လည်းဘဲ ဘာဘဲ ပြောပြော ကွန်ဂရက်ကလဲ ရှိတယ်လေနော် အမေရိကန်ရဲ့ အုပ်ချုပ်ရး စနစ်မှာကိုက သမ္မတနဲ့ ကွန်ဂရက်နဲ့ Check in balance တွေက ရှိတော့ ကွန်ဂရက် ကတော့ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် အမြဲတမ်း အာရုံစိုက်နေတော့ အဲ့ဒီ ဘက်ကတော့ ထိန်းညှိနိုင်လိမ့်မယ် ထင်တာပေါ့၊ သို့သော်လည်းဘဲ ဒေါ်နယ်ထရန့် ကတော့ မြန်မာပြည် ကိစ္စနဲ့တော့ နည်းနည်း စိမ်းတယ်ပေါ့၊ ဟီလာရီ ကလင်တန် တို့လို မြန်မာပြည် ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံခြားရေး မူဝါဒတွေ ချမှတ်တဲ့ နေရာမှာ ထဲထဲဝင်ဝင် ပါခဲ့တာ မဟုတ်သလို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောဆိုတာ သုံးသပ်ချက်ပေးတာ မတွေ့ရဘူးပေါ့၊ ဆိုတော့ မြန်မာ့အရေးနဲ့တော့ နည်းနည်း စိမ်းတာပေါ့။ အဲ့ဒီလိုကတော့ ရှိတယ်၊ သူ့ရဲ့ ကမ်ပိန်းကာလမှာ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ နှိမ့်ချပြောဆိုတာတွေ ရှိခဲ့တော့၊ နောက်တခုက ပေါ်လစီရေးတဲ့နေရာမှာ အစွန်းရောက်တဲ့ ဟာလေးတွေ ရှိတယ်၊ နိုင်ငံတကာ အခင်းအကျင်း မှာလဲ အိုဘားမားနဲ့ မတူတဲ့ အနေအထား လေးတွေ ဖြစ်လာနိုင်တာပေါ့၊ အဲ့ဒါတော့ ကမ္ဘာမှာ အမေရိကန်နဲ့ ဆက်ဆံရေးကို ဘယ်လိုမျိုး သက်ရောက်မှု ရှိမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့၊ အမေရိကန် သမိုင်းမှာ အမျိုးသမီး သမ္မတဖြစ်တာ တခါမှ မရှိသေးဘူးလေ၊ အဲ့ဒါတခုပေါ့ အမေရိကန်က အမျိုးသမီး တော်တော်များများက အမျိုးသမီး အခွင့်အရေး အတွက် တိုက်ပွဲဝင်နေရတာပေါ့၊ Cabinet ဖွဲ့စည်းပုံကို ကြည့်ရမှာပေါ့၊ သူသမ္မတဖြစ်ပြီး သူ့ရဲ့ Cabinet ကို ဖွဲ့စည်းတဲ့ အခါမှာ အမျိုးသမီးတွေ ဘယ်နှယောက် ထည့်သွင်း ဖွဲ့စည်းသလဲ၊ ရှေ့နေချုပ်၊ တရားသူကြီးတွေ တရားလွှတ်တော်ချုပ်တွေ ခန့်တဲ့အခါမှာ အမျိုးသမီးတွေ ဘယ်လောက် ပါဝင်နိုင်မလဲ အဲ့ဒါကတော့ စောင့်ကြည့်ရမှာပေါ့။

ဒေါက်တာ တေဇာဆန်း

(ယုံကြည်ရာ အသိပညာ ပြန့်ပွားရေးအသင်း နိုင်ငံရေးသိပ္ပံနှင့် စစ်ဘက် အရပ်ဘက် ဆက်ဆံရေး အထူးပြု)

ဒေါက်တာ တေဇာဆန်းသူတို့ ၄ နှစ် ၁ ကြိမ်လုပ်တဲ့ ရွေးကောက်ပွဲမှာ ရီပါ့ဘလစ်ကန် ပါတီ ကိုယ်စားပြု ဒေါ်နယ်ထရန့် နိုင်သွားတယ်ပေါ့၊ သာမာန်အားဖြင့် ပြောကြမယ်ဆိုရင် ဒီမိုကရက်တစ် ပါတီရဲ့ ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံရဲ့ အကြောင်းကို ပိုသိတယ်၊ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ ရင်းနှီးမှု ရှိတယ် တော်တော်များများ ကတော့ ဟီလာရီကိုတော့ မြန်မာနိုင်ငံသား တော်တော်များများက ပိုပြီး သိကြတယ်။ တခုရှိတာက အင်အားကြီး နိုင်ငံကြီးတွေရဲ့ နိုင်ငံတကာ ဆက်ဆံရေးရဲ့ သဘော သဘာဝ ကတော့ လူတစ်ဦးတယောက် ပြောင်းတိုင်း မူပြောင်းနေတာတော့ မဟုတ်ပါဘူး။ အင်အားကြီး နိုင်ငံကြီးတွေရဲ့ စူပါပါဝါပေါ့ဗျာ။ နိုင်ငံခြားရေး မူဝါဒကတော့ တကယ့် စနစ်တကျ လေ့လာ ချမှတ်ထားတဲ့ မူဝါဒတွေ ဖြစ်တဲ့အတွက် လူပုဂ္ဂိုလ်တစ်ဦး တယောက် ခေါင်းဆောင် ပြောင်းရုံနဲ့တော့ သူတို့ရဲ့ မူဝါဒတွေကတော့ ချက်ချင်းလက်ငင်း ပြုပြင်ပြောင်းလဲ သွားမှာ မဟုတ်ဖူးလို့ ပညာရှင်တွေကလဲ ထောက်ပြထားတာ ရှိပါတယ်။ အကြမ်းဖျင်းပြောရမယ် ဆိုရင်တော့ လွန်ခဲ့တဲ့ ၈ နှစ်လုံးက ဒီမိုကရက်တစ် ပါတီက ကြီးစိုးခဲ့တယ်၊ သမ္မတ အိုဗားမားပေါ့၊ ပါတီပြောင်းသွားပြီ ရီပါ့ဘလစ်ကန် ပါတီ တက်လာပြီ မြန်မာနိုင်ငံ အတွက် သီးသန့် ပြောရမယ် ဆိုရင် သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒကတော့ နေ့ချင်းညချင်း ချက်ချင်း လက်ငင်း ပြောင်းမှာတော့ မဟုတ်ဘူး။ သေချာလေ့လာ ဆန်းစစ်ပြီးမှ အခြေအနေ အချိန်အခါနဲ့ လိုက်မယ့် မူဝါဒကိုဘဲ ချမှတ်မယ်လို့ ယူဆပါတယ်။

အားလုံးလဲ သိပြီးသားပါ ဟီလာရီ ကလင်တန်ကတော့ အမေရိကန်နိုင်ငံ သမိုင်းမှာ အဓိက ပါတီကြီး ၂ ပါတီကနေ သမ္မတလောင်း အနေနဲ့ နာမည် တင်သွင်းခံရတာ ပထမဆုံး အမျိုးသမီးပေါ့၊ အဲ့ဒါကြောင့် အမျိုးသမီးရေး ဆောင်ရွက်သူတွေနဲ့ စိတ်ဝင်စားတဲ့ သူတွေကတော့ဖြင့် သူများ သမ္မတဖြစ်လာမလား ဆိုပြီး မျှော်လင့်ချက် ထားထားတာ ဖြစ်မလာဘူးပေါ့၊ ဒါပေမယ့် ကျွန်တော် တစ်ဦးတစ်ယေက်တည်း အမြင်က အခု ဟီလာရီ အရွေးခံခြင်းသည် အမျိုးသမီးရေး လုပ်တဲ့သူတွေကို အမျိုးသမီးတွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဏ ဆိုတာထက် အမေရိကန် ပြည်သူပြည်သားတွေက သူတို့မှာ ပါတီတစ်ခုသည် သက်တမ်း ၂ ဆက်ထက် ဖြစ်လေ့ဖြစ်ထ အင်မတန် နည်းပါတယ်၊ ဒီမိုကရက်တစ်က အခု သက်တမ်း ၂ ဆက်ရှိပြီပေါ့၊ ၈နှစ်၊ အမေရိကန် မဲဆန္ဒရှင်တွေ အနေနဲ့က အပြောင်းအလဲ တခုကို လိုလားနေတဲ့ အချိန်လဲ ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ ဒါကြောင့်မို့ တခြားပါတီ ရီပါဘလစ်ကန် ပါတီကို မဲပေးလိုက်တာလဲ ဖြစ်နိုင်တယ်၊ တချို့က သုံးသပ်တာက ဟီလာရီ ကလင်တန်က အမေရိကန်ပြည်သူတွေရဲ့ နိုင်ငံရေး မျက်နှာစာမှာ သူရောက်လာတာ ကြာပြီ တော်တော်များများက ဟီလာရီရဲ့ မူဝါဒတွေ စည်းရုံးရေးမှာ ကျဆင်းနေတယ်၊ ပေါ်လာတာ ကြာပြီ အပြောင်းအလဲကို လိုချင်နေတဲ့ အချိန်မှာ ဒေါ်နယ်ထရန့် ကတော့ အားလုံးသိပြီးသား ရီပါဘလစ်ကန် အနေနဲ့ဆိုတော့ ရွေးလိုက်တာလို့လဲ ပြောတယ်၊ တချို့က အမျိုးသမီးမို့ မရွေးချယ်ဘူး ဆိုတာမျိုး ပြောနေတယ်။ ဒါပေမယ့် အဲဒါထက် တခြား အကြောင်းရင်းတွေကြောင့်လဲ ဟီလာရီ ကလင်တန် အနိုင်မရဘူးလို့ ထင်ပါတယ်။

ဒေါက်တာ အောင်သူငြိမ်း

ဒေါက်တာ အောင်သူငြိမ်းထရန့်အနေနဲ့က နိုင်ငံခြားရေး မူဝါဒမှာ သေသေချာချာ ပြောထားတာတော့ မရှိသေးဘူးပေါ့နော်။ မကြားမိသေးဘူး။ နိုင်ငံခြား ဆက်ဆံရေးနဲ့ ပါတ်သက်ရင် တစ်ခုကတော့ တရုတ်ပြည် ကိစ္စကတော့ ပြောထားရှိတယ်။ အာရှတိုက်နဲ့ ပတ်သက်လို့ သေသေချာချာ ပြောထားတာ မရှိသေးတော့ ကျွန်တော်တို့ ပြောဖို့ခက်တယ်။ မှန်းဆရ ခက်တယ်။ ထရန့်ဆိုတာက ကျွန်တော်တို့ အတွက် လူသစ် အတိုင်း ဖြစ်နေတယ်။ ဆိုတော့ နိုင်ငံခြားရေး မူဝါဒတွေက ဘယ်လို ဖြစ်မလဲဆိုတာ သေသေချာချာ မသိသေးဘူး။ သုံးသပ်ဖို့ ခက်သေးတယ်။ အဲဒီတော့ အတွေ့အကြုံတွေ အရ တခု ပြောစရာရှိတာက အမေရိကန်ရဲ့ သဘောပေါ့နော်။ အရင် လူလုပ်သွားတဲ့ မူဝါဒတွေ အတိုင်း ဆက်လျှောက် တတ်တာ များပါတယ်။ ကျွန်တော်တို့ မြန်မာပြည် အရေးဆိုရင်လဲ ထိတွေ့ ဆက်ဆံရေး ကိစ္စတွေ ဆက်လုပ်မယ် လို့တော့ ထင်ပါတယ်။ အမေရိကန် နိုင်ငံရေးမှာက လော်ဘီလို့ခေါ်တဲ့ မူဝါဒတွေကို ပေါက်ရောက်အောင် တိုက်တွန်း ဆွေးနွေးတာက အရေးကြီးပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ကိုယ် ဘာလုပ်ချင်တာလဲ ဘာလိုချင်တာလဲ မူတည်ပြီး ဟိုဘက်အစိုးရကို သွားပြီး လွှတ်တော်ရော အစိုးရရော ဘယ်လို တိုက်တွန်း ဆွေးနွေးမလဲ ဆိုတာ ပြင်ဆင်သင့်တယ် ထင်ပါတယ်။

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*