အုတ်တစ်ချပ်သဲတစ်ပွင့် — ရန်ကုန်၊ စက်တင်ဘာ ၁၅၊ ၂ဝ၁၂

လူသားတို့၏ ကိုယ်ခံ စွမ်းအားကို ကျဆင်းစေသည့် အေအိုင်ဒီအက်စ်ကို ဖြစ်ပွားစေသော ပိုးတစ်မျိုးသည် အိပ်(ခ်ျ)အိုင်ဗီ ဖြစ်သည်။

အချို့သော လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းက ယင်းရောဂါသည် ကူးစက်နိုင်ပြီး ကုရာနတ္တိ ဆေးမရှိသည့် ရောဂါဟုဆိုကာ ယင်းဝေဒနာရှင်များကို ပစ်ပယ်တတ်ကြသည်။ အမှန်စင်စစ်အားဖြင့် ယင်းရောဂါသည် ကူးစက်တတ်သည် မှာ မှန်သော်လည်း ဝေဒနာရှင်က စနစ်တကျ နေထိုင်ပါက တခြားသူများနှင့် ထမင်းကိုပင် အတူတကွ စားနိုင် ပါသည်။ အေအာတီ ဟု ခေါ်သော ဆေးဝါးကို မှန်ကန်စွာ သောက်သုံးသွားမည် ဆိုပါက သက်တမ်း ရှိသမျှ နေထိုင်နိုင်ကြောင်း သိရသည်။

အိပ်(ခ်ျ)အိုင်ဗီ သယ်ဆောင်သူ ဝေဒနာရှင်များကို တချို့သော အဖွဲ့အစည်းများ၊ အန်ဂျီအိုများက ဆေးအခမဲ့ ရရှိရန် ဆောင်ရွက်ပေး သကဲ့သို့ နယ်မြို့အသီးသီးမှ ဝေဒနာရှင်များ ဆေးကုသရန် လာရောက် တည်းခို နေထိုင် နိုင်ပြီး   နေ့စဉ် ထမင်း ၃ နပ်ကျွေးကာ ဝေဒနာရှင်များ လိုအပ်သည်ကို တတ်စွမ်းသမျှ ကူညီ ပေးနေသော မြောက်ဥက္ကလာပ မြို့နယ် ဝေဘာဂီ ကူးစက်ဆေးရုံရှေ့တွင် တည်ရှိသည့် အသောကရာမ ရွှေ ဟင်္သာ ရေလယ် ဘုန်းတော်ကြီးကျောင်းကို ယခုတစ်ပတ် အုတ်တစ်ချပ်သဲ တစ်ပွင့်ကဏ္ဍတွင် ဖော်ပြပါသည်။

အဆိုပါ အသောကရာမ ရွှေဟင်္သာ ရေလယ် စာသင်တိုက်တွင် ၂ဝဝ၅-၂ဝဝ၆ ခုနှစ်မှစ၍ အိပ်(ခ်ျ) အိုင်ဗီ ဝေဒနာသည်များ တည်းခိုနေထိုင် ခဲ့ကြသည်။ ယခုအချိန်တွင် ဝေဒနာရှင် ၅ဝ ကျော်ခန့် နယ်မြို့ အသီးသီးမှ လာရောက် တည်းခိုနေထိုင် ကြကြောင်း သိရသည်။

ဝေဒနာသည်များကို ကျောင်းတွင် စတင်လက်ခံပြီး နေထိုင်ဖြစ်ခဲ့ပုံကို ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ကုဏ္ဍလက “ဒီကျောင်းကို ၂ဝဝ၅ ဇူလိုင် ၁၆ ရက်မှာရောက်ပြီး ကျောင်းစတည်တယ်။ ကျောင်းမှာ ရေ အခက်အခဲ ရှိတာကြောင့် ရေသွယ်မယ့် ဒကာ ပေါ်လာတယ်။ ကျောင်းကလည်း ဝေဘာဂီဆေးရုံ ရှေ့မှာ ဆိုတော့ ဆေးရုံက လူနာစောင့်တွေက မနက်ဆိုရင် ရေဘူးလေးတွေ ကိုင်ပြီး ဆင်းလာကြတယ်။  နဂိုတုန်းက ရေက တအား ရှား တယ်။ ရေလာခပ်ရင်း တဖြည်းဖြည်း တစ်ယောက်နဲ့ တစ်ယောက် ခင်လာတယ်။  အဲဒီအချိန်မှာပဲ တချို့လူနာတွေက ဆေးရုံကနေ ဆင်းရမယ် ဆိုတော့ လူနာတစ်ယောက်က ဘယ်လိုမှ လမ်းမလျှောက်နိုင်သေးဘူး။ နယ်ကို ပြန်မယ်ဆိုရင် လူနာတွေ အရမ်း ဒုက္ခရောက်တယ်။ အဲဒီတော့ ဦးဇင်း တို့က နင်တို့ မသွားကြနဲ့ဦး ဒီမှာပဲ ၄၊ ၅၊ ၁ဝ ရက်လောက် နေကြပါ လို့ ခွင့်ပြုခဲ့ရင်းနဲ့ ပရိသတ် များလာတာ”ဟု မိန့်ကြားခဲ့သည်။

ရေလယ်ကျောင်းတွင် ဝေဒနာရှင်များ တည်းခို နေထိုင်ရန် နေရာပေးခြင်းကို ၂ဝဝ၉ ခုနှစ်တွင် အကြောင်း တစ်စုံတစ်ရာကြောင့် ၃ လခန့် ရပ်ဆိုင်းခဲ့ရပြီး လူနာများကို ကျွေးမွေး စောင့်ရှောက်နိုင်ခြင်း မရှိကြောင်း၊ ထို့နောက် ၂ဝ၁၁ ခုနှစ်တွင် လူနာများ ပြန်လည် လက်ခံခဲ့ပြီး ကျွေးမွေး စောင့်ရှောက်ခဲ့ကြောင်း မိန့်ကြား ခဲ့သည်။ လာရောက် တည်းခိုကြသော ရောဂါ ဝေဒနာရှင်များသည် မြောက်ဥက္ကလာပ မြို့နယ်ရှိ (ဝေဘာဂီ အထူးကု ဆေးရုံကြီး)၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံ ဆေးရုံကြီးနှင့် ATZ (သဇင် ဆေးပေးခန်း)များတွင် ရောဂါ ကုသကြပြီး ဆေးဝါးများ ရရှိကြသော်လည်း လူနာများကို ကျွေးမွေး စောင့်ရှောက်ရာတွင် အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။

လူနာများကို ကျွေးမွေး စောင့်ရှောက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကျောင်းထိုင် ဆရာတော်က “ဦးဇင်းတို့ဆီမှာ ရန်ပုံငွေ မရှိဘူး။ ရှိတဲ့ လူနာတွေကို ကျွေးထားတာ တစ်ခုပဲ။ ဦးဇင်းတို့က မနက်၊ နေ့လယ်၊ ညနေ ၃ ကြိမ် ကျွေးမွေးတယ်။ ဆေးကတော့ သူတို့မှာ အဖွဲ့အစည်း ပေါင်းစုံရှိတယ်။ အဓိက စားစရိတ်ပဲ၊ ဆွမ်းခံကရတဲ့ ဆွမ်းနဲ့ ဟင်းကိုပါ ခွဲဝေကျွေးမွေး ပါတယ်။  တစ်နေ့ကို ငွေ ၃ ထောင် ထုတ်ပြီး ဟင်းစား ဝယ်ပေးတယ်။ ကျောင်းမှာ ရှိတဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ချက်ပြုတ်ပြီး ကျွေးရတယ်။ အာဟာရ ကတော့ မရှိဘူး။ ကိုယ့်စိုက်ခင်းပဲ အားကိုး နေရတယ်”ဟု မိန့်ကြားခဲ့ပါသည်။

အဆိုပါ ရေလယ်ကျောင်းတွင် လာရောက် နေထိုင်ကြသော ဝေဒနာရှင်များထဲမှ ပုဂ္ဂိုလ်တစ်ဦးကလည်း “ဒီမှာက နေရတာ အားလုံး အဆင်ပြေပါတယ်။ ဦးဇင်းတို့ကို အားကိုးနေရတယ်။ အစ်မတို့ အဖြစ်က ဦးဇင်းတွေ ဆွမ်းခံ၊ ဒကာမတွေက ပါးစပ်ဟဆိုတဲ့ အဖြစ်မျိုး ဖြစ်နေတယ်”ဟု ညှိုးငယ်စွာ ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်၊ အသောကရာမ ရွှေဟင်္သာရေလယ် စာသင်တိုက်တွင် နယ်မြို့အသီးသီး မှ အိပ်(ခ်ျ)အိုင်ဗီ ဝေဒနာသည်များ ဆေးဝါးကုသရန် လာရောက် တည်းခိုနေထိုင်ကြပြီး ထိုသူများအတွက် လိုအပ်နေသည့် အစာအာဟာများ လှူဒါန်းလိုပါက မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ကူးစက်ဆေးရုံ မျက်နှာချင်းဆိုင် ရေလယ်ကျောင်း တွင် သွားရောက် လှူဒါန်းနိုင်ပါသည်။

ဝဝ၅

ဆက်စပ်သတင်းများ

အရုဏ်ဦး လူမှုကူညီရေး အသင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇၊ ၂ဝ၁၃
ခရေမိသားစု ဒါနပြုအဖွဲ့

ခရေမိသားစု ဒါနပြုအဖွဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂ဝ၊ ၂ဝ၁၃

ဘဝမြင့်မိုရ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂၊ ၂ဝ၁၂

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*