ပြည်တွင်းသတင်း — ရန်ကုန်၊ မေ ၂၆၊ ၂ဝ၁၂

မှော်ဘီမြို့နယ် မြောင်းတကာရှိ ရန်ကုန် ခရောင်းသံရည်ကျို သံမဏိစက်ရုံ  အလုပ်သမား ၄ဝဝ ကျော်ကို ယနေ့ မေလ ၂၆ ရက်နေ့တွင် စက်ရုံမှူးက အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာစာကို ယင်းစက်ရုံ၏ Notice Board တွင် ကပ်ခဲ့ကြောင်း အလုပ်ထုတ်ခံရသူများထဲတွင် ပါဝင်သူ ကိုဟန်စိုးက  မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောသည်။

ဆန္ဒပြသော အလုပ်သမား အယောက် ၄ဝဝ ကျော်လုံးကို အလုပ်ဖြုတ်လိုက်ခြင်းနှင့် ပတ်သက်၍ ကိုဟန်စိုးက ““ဆန္ဒပြတဲ့ အယောက် ၄ဝဝ ကျော်လုံးကို အလုပ်ဖြုတ်လိုက်တယ်လို့ စက်ရုံမှူးရဲ့ ကြေညာစာကို Notice Board မှာ ကပ်တယ်။ သူတို့ ဒီလိုလုပ်တာ တရားမဝင်ဘူး။ တရားဝင်တယ်ဆိုလည်း တန်ရာတန်ကြေး ရရမယ်””ဟု ပြောသည်။

ယင်းမှ ဆက်လက်၍ အစာငတ်ခံ ဆန္ဒပြနေသော အလုပ်သမား ကိုယ်စားပြု အယောက် ၂ဝ ကျော်နှင့် ပတ်သက်၍လည်း ““အစာငတ်ခံ ဆန္ဒပြတဲ့သူတွေက ကျန်တဲ့သူတွေကို ပြောတယ်။ ဘာမှ အားမငယ်နဲ့၊ ဆက်လက်ပြီး နေမြဲတိုင်းနေ ဆိုပြီး ပြောတယ်။ မေလ ၂၈ ရက်နေ့မှာ သက်ဆိုင်ရာ ရုံးတွေကို သွားမယ်။ စာတင်ပြီး တိုင်ကြားမယ်””ဟု ဆန္ဒ္ဒပြသော အလုပ်သမားထဲတွင် ပါဝင်သူ ကိုဟန်စိုးက တစ်ဆင့်ပြန်လည် ပြောသည်။

စက်ရုံဘက်မှ အလုပ်သမားများကို သွေးခွဲပြောဆိုခြင်းနှင့် ပတ်သက်၍လည်း ကိုဟန်စိုးက ““စက်ရုံဘက်က ပြောတယ်။ ကျွန်တော်တို့ အလုပ်သမားတွေ အလုပ်ဆင်းမယ်ဆိုရင် တစ်နေ့ကို ပိုက်ဆံ ၄ဝဝဝ၊ ဌာနမြင့်တယ် ဆိုရင် ၁ သောင်းနဲ့ ထမင်း ကျကျနနကျွေးပြီး အဲယားကွန်းခန်းထဲမှာ တင်ထားမယ်။ အလုပ်လည်း မခိုင်းဘူး ပြောတယ်။ အလုပ်သမားတွေကတော့ သူတို့ကို ဘယ်လိုမှ လာပြီး စည်းရုံးလို့ မရဘူး။ ဒါပေမဲ့ ၁ ယောက်စ ၂ ယောက်စ ပါသွားတယ်””ဟု ပြောသည်။

မေလ ၂ဝ ရက်နေ့မှ စတင်၍ ယနေ့ မေလ ၂၆ ရက်ထိတိုင် ဆန္ဒပြနေသော အလုပ်သမား အယောက် ၄ဝဝ ကျော် စားသောက်ရေးနှင့် ပတ်သက်၍ ““လက်ရှိ ဦးဆောင်ဦးစီး လုပ်နေတဲ့ အီးစီ ၇ ယောက်နဲ့ အလုပ်အမှုဆောင်တွေက အလှူငွေတွေ ကောက်ခံတယ်။ ပြန်ပြီးရပ်တည်မယ်။ ၄ဝဝ ကျော်လုံးကို ငွေမပေးနိုင် ပေမဲ့ ၄ဝဝ ကျော်လုံးကိုတော့ ထမင်းကျွေးနိုင်မယ်ထင်တယ်။ ရွှေညဝါဆရာတော် ကလည်း  အလုပ်သမားများကို ဆက်ပြီး ကျွေးထားတုန်းပါပဲ””ဟု ကိုဟန်စိုးက ပြောသည်။

ဆက်လက်၍ အစာငတ်ခံ ဆန္ဒပြနေသော အလုပ်သမား ကိုယ်စားပြု အယောက် ၂ဝ ကျော်နှင့် ပတ်သက်၍ ““မေလ ၂၅ ရက်နေ့ကနေ အစာငတ်ခံ ဆန္ဒပြ လာတာဆိုတော့ ၂၄ နာရီကျော်သွားပြီ။ သူတို့ မလဲမချင်း ဆွဲမထုတ်ကြပါနဲ့ လို့ ပြောတယ်။ အနီးနားမှာရှိတဲ့ ဆရာဝန်တွေက ပြောတယ်။ အရေးကြီးရင် အချိန်မရွေး လာခေါ်လို့ရတယ်။ ပြီးတော့ ဓာတ်ဆားထုပ်တွေလည်း ဝေသွားသေးတယ်””ဟု ကိုဟန်စိုးက ပြောသည်။

ရန်ကုန် ခရောင်းသံရည်ကျို သံမဏိစက်ရုံ အလုပ်သမားများသည် အခြေခံလစာ တိုးမြှင့်ရေး အပါအဝင် စက်ရုံမှူး ဖြုတ်ချရေး ကိုပါ တောင်းဆိုခဲ့ရာ ယနေ့ မေ လ ၂၆ ရက်နေ့တွင် အလုပ်သမားများကို အလုပ်မှ ဖြုတ်လိုက်ကြောင်း စက်ရုံမှူးမှ ကြေညာစာ  ထုတ်ခဲ့ကြောင်း သိရသည်။

ဝ၁၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*