သတင်းဆောင်းပါး — ဖေဖော်ဝါရီ ၁၄၊ ၂ဝ၁၃

themis_statue

တစ်ရံတစ်ခါက ဖြစ်ပါ၏။ ကျွန်တော်သည် နိုင်ငံ့ဝန်ထမ်း ဘဝ၊ နိုင်ငံခြားပညာ သင်ခွင့်ရရှိခဲ့သဖြင့် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ဖူး ပါသည်။ ဥပဒေပညာရပ်များ ဆည်းပူးလေ့ လာမှတ်သားရင်း တစ်နေ့သောအခါ ၌ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံ၏ တရား ရုံးချုပ်သို့ ပညာသင်ဖက်တစ်ဦးနှင့် အတူ သွားရောက်လေ့လာခွင့်ရရှိခဲ့ ပါသည်။ ကျွန်တော်တို့ကို ကြိုဆို ဆက်ဆံရေးအရာရှိက စောင့်ဆိုင်း ကြိုဆိုပါ၏။ တရားရုံးချုပ်အတွင်း လှည့်လည် ပြသပါ၏။ ရှင်းလင်း ပြောပြပါ၏။ ရုံးခန်းများ၊ တရား ခွင်များနှင့် တရားသူကြီး နားနေခန်း များ၊ စာကြည့်တိုက် နှင့် မှတ်တမ်း ဌာနများ သာမက တရားရုံးချုပ် ပရဝဏ်အနှံ့ကိုလည်း လိုက်လံပြသပါ၏။  ဂျပန်နိုင်ငံ၊ တရားရုံး ချုပ် အဆောက်အဦ၏အဝင်ဝ ညာဘက် ခြမ်းတွင် ရုပ်တုကြီးတစ်ခုထားရှိ ရာ ဆက်ဆံရေးအရာရှိက ယင်းရုပ်တု ထုလုပ် ထားရှိရခြင်း အကြောင်းကို ရှင်းလင်းပြောပြ ပါသည်။ ရှေးဟောင်း ဂရိခေတ်မှ တရားစောင့် နတ်သမီး (Themis) ၏ ရုပ်တု ပုံသဏ္ဌာန်ကို ဥပဒေသမားများ အမြင်အာရုံတွင် သတိပြုမိကြမည် ဟုထင်ပါသည်။ မျက်လုံး နှစ်လုံးကို အဝတ်နက်စည်းပိတ်လျက်၊ ဘယ် ဘက်လက်က ချိန်ခွင်ကို ဆွဲကိုင် မြှောက်ထားပြီး၊ ညာဘက်လက်က ဓားလွတ်တစ်စင်းကို ဆုပ်ကိုင်ချ ထားသည့် ပုံသဏ္ဌာန်ပင်ဖြစ်ပါ သည်။

ထိုစဉ်က ကျွန်တော်မြင်တွေ့ ခဲ့ရသော ရုပ်တုကြီးမှာကား ထိုသို့ သော တရားစောင့် နတ်သမီးရုပ်တုပင် ဖြစ်သော် လည်း ပြောင်းလဲမှု ၂ ခုရှိနေသည်ကို တွေ့ခဲ့ရပါသည်။ ထို့အတွက် စာရေးသူက ရုပ်တု၏ မျက်လုံး များကို မည်သည့်အတွက် ကြောင့် အဝတ်စည်းမထားရခြင်း နှင့် ညာဘက်လက်ရှိ ဓားလွတ် သည် အဘယ်ကြောင့် ခုတ်မည့် ဟန်ဖြင့် ကိုင်မြှောက်ထားရပါကြောင်း Original ပုံသဏ္ဌာန်နှင့် ကွဲပြားနေပါကြောင်း မေးမြန်းခဲ့ပါ သည်။

ဆက်ဆံရေး အရာရှိက ရုပ်တုတွင် မျက်လုံးများကို အဝတ်စည်း မထားရသည်မှာ ယင်းတို့၏ တရား စီရင်မှု သည် မည်သူ၏ မျက်နှာကို မျှ မကြည့်ခြင်းမျိုးမဟုတ်ဘဲ ပြည် သူပြည်သားများ၏ ဥပဒေအရ အခွင့်အရေးများ၊ တရားမျှတမှုများ ကို ဥပဒေနှင့်အညီ ဖြစ်စေရေး ကြည့်ရှုသုံးသပ်ဖော်ဆောင်ပေးခြင်း ဖြစ်ကြောင်း၊ အမှန်တရား ကို မျက်လုံးမှိတ်၍ ရှာဖွေပေးခြင်း မဟုတ်ကြောင်း၊ ဓားဆိုသည်မှာ ထိုးခုတ် ရန်အရာတစ်ခုဖြစ်ကြောင်း၊ ဓား လွတ်ကို အောက်သို့ချပြီး ကိုင် ဆောင်ထားသည့် ပုံသဏ္ဌာန်သည် ထိုးခုတ်မည့်ဟန်မဟုတ်၍ အဆိုပါ ဓားမှာ အစွမ်းမရှိပါကြောင်း၊ ထိုး ခုတ်မည်ဟန်ဖြင့် ကိုင်ဆောင်ထား ခြင်းမှာ အချိန်မရွေးအသုံးပြုနိုင်မည့် အဓိပ္ပာယ်ကို ဖော်ဆောင်ပါကြောင်း၊ ဆိုလိုသည်မှာ မိမိတို့၏ ဥပဒေများ သည် စာအုပ်တွင်း၌သာ ရေးသား ထားသည် မဟုတ်၊ လက်တွေ့နယ်ပယ်များတွင် ပြည်သူ့အတွက် ထိ ရောက်သော၊ ထက်မြက်သော၊ အကာအကွယ် ပေးသော၊ အကျိုးရှိသော၊ အသုံးဝင်မှု အသုံးပြုမှုလည်း ရှိသော ဥပဒေများဖြစ်ကြောင်း၊ ထို့အတွက် ဤရုပ်တု ကို မျက်လုံးများ ဖွင့်ပြီး ဓားလွတ်ကို ဆွဲကိုင်မြှောက် ထားသည့် ပုံသဏ္ဌာန်ထုလုပ်ထား ခြင်းဖြစ်ပါကြောင်း ရှင်းပြပါသည်။

ကျွန်တော်စဉ်းစားကြည့်ပါ သည်။ တရားဥပဒေဟူသည် သမာ သမတ်ကျသော တွေးခေါ်မှု၊ ဆင်ခြင် သုံးသပ်မှုကို အခြေခံရပေသည်။ အမှန်နှင့် အမှား၊ တရားမှုနှင့် မတရားမှုတို့ကို လက်တွေ့ကျကျ စဉ်းစား၍ ခွဲခြားဆုံးဖြတ်ရပါသည်။ သို့ဖြစ်၍လည်း ဥပဒေသိပ္ပံပညာ (Jurisprudence) ဟူသော ပညာရပ် ရှိနေရခြင်း ဖြစ်ပါ၏။ နိုင်ငံတော်နှင့် ပြည်သူ အများအတွက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် လိုအပ်သော ဥပဒေ များကို ပြုလုပ်ပြဋ္ဌာန်းပေးရာ ၌ ရှုထောင့်မျိုးစုံမှ အကျိုးအကြောင်း၊ ဆက်စပ်ဆင်ခြင် စဉ်းစားခြင်းဖြင့် စည်းနှောင်မှု အားကောင်းသော၊ အကျိုး ရှိသော ဥပဒေ များဖြစ်ပေါ်လာရပေ သည်။ စိတ်ကူးသည် လက်တွေ့ ၏ အစပင်ဖြစ်၏။ တွေးခေါ်ဆင်ခြင်မှု၊ ဆက်စပ်စဉ်းစားမှု၊ ပိုင်းခြားဝေဖန်မှု၊ နှိုင်းယှဉ်သုံးသပ်မှု တို့သည် ကောင်း ကျိုးတရား၏ အခြေခံများပင်မဟုတ် ပါလော။ သို့သော် မိမိတစ်ဦးတစ် ယောက် သို့တည်းမဟုတ် အဖွဲ့အစည်း တစ်ရပ်ကို ဦးစားပေး၍ စဉ်းစား ဆောင်ရွက်ခြင်းမှာကား အများပြည် သူကို ကိုယ်စားပြုခြင်းမဟုတ်သည် ကို သတိချပ်သင့်ပေသည်။

ကျွန်တော်တို့ နိုင်ငံတွင် ယနေ့ အချိန်ကာလအထိ ကျင့်သုံးနေဆဲ ဖြစ်သော ပြဋ္ဌာန်းဥပဒေအတော်များ များမှာ ရှေးယခင် အင်္ဂလိပ်လက် ထက်ကတည်းက ပြဋ္ဌာန်းခဲ့သော ဥပဒေများဖြစ်ပါသည်။ အင်္ဂလိပ် အစိုးရသည် ထိုခေတ်ကာလက ယင်းတို့၏ အကျိုးစီးပွားကို အဓိက ထားခဲ့မည်မှာ သေချာသကဲ့သို့ အခြားတစ်ဖက်တွင် လည်း ဥပဒေ တစ်ရပ်၏ အနှစ်သာရများကို ကျန သေချာစွာ စဉ်းစားဆင်ခြင်၍ ရေးဆွဲပြဋ္ဌာန်း ခဲ့ခြင်းကြောင့် ယနေ့ထိတိုင် လက်ခံသုံးစွဲနေရ သည်မှာလည်း အငြင်းမထွက်သော အချက် တစ်ရပ်ပင်ဖြစ်ပါသည်။ လွတ်လပ် ရေးရပြီးနောက်ပိုင်း ရေးဆွဲပြဋ္ဌာန်း ခဲ့သော ဥပဒေများသည်လည်း မည်သို့ ရှိနိုင်ပါသနည်း။ အများပြည်သူ ၏ အခွင့်အရေးများ ကို ကန့်သတ်သည့် ဥပဒေက များမည်သာဖြစ် ပါ၏။ ပထမနှစ် ဥပဒေကျောင်းသား ဘဝက လေ့လာကျက်မှတ် ဖူးပါသည်။ ထိုစဉ်အချိန် ကာလက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးက မိန့်ကြား ခဲ့ပါ၏။ “ဥပဒေဆိုတာ အထက်စီးရတဲ့ လူ တန်းစားက သူ့အကျိုးစီးပွားကို ကာကွယ်ဖို့ ပြုလုပ် ပြဋ္ဌာန်းခြင်းသာ ဖြစ်တယ်” တဲ့။ ထိုစကားလွန်စွာပင် ဟုတ်မှန်လှကြောင်း ထိုခေတ်ကာလ များက ပြဋ္ဌာန်းခဲ့သည့် ဥပဒေများ က သက်သေခံနေပါပေသည်။ ထို ခေတ်ကာလများသာ မဟုတ် ပြီးခဲ့ လေသော အစိုးရ၏ ပြဋ္ဌာန်းဥပဒေ များသည် လည်း ပြည်သူများ၏ အကျိုးကို မည်မျှ ကာကွယ် စောင့် ရှောက်ပေးခဲ့ပါသနည်း။ ဖြေရန် လိုမည် မဟုတ်ပါ။ အတိတ်ကို သမိုင်းထဲတွင်ထား လိုက်ပါမည်။ ပစ္စုပ္ပန်ကို ကြည့် သည့်အခါ ဒီမိုကရေစီ လမ်းကြောင်း ပေါ် ပွင့်လင်းမြင်သာမှုများဖြင့် ခရီး နှင်နေပါသည်။ လွှတ်တော်များက လည်း နိုင်ငံနှင့်ပြည်သူများ၏ အကျိုး ဆထက်ထမ်းပိုး တိုး၍ ဖော် ဆောင်နေကြပါသည်။ အသစ်ပြဋ္ဌာန်း ခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း တို့ဖြင့် နိုင်ငံနှင့် ပြည်သူများအတွက်  ဥပဒေများ တိုးပွား ပြဋ္ဌာန်းနိုင်ရေး ကြိုးစားဆောင်ရွက်နေ ကြပါသည်။ ပြည်သူများ၏ အကျိုးကို အမှန် တကယ် ကာကွယ် စောင့်ရှောက်သည့် ဥပဒေများဖြစ်ပေါ်ရန်လည်း လိုအပ် ပါမည်။  ဥပဒေဟူသည် မကြာခဏ အသစ် ပြဋ္ဌာန်းရခြင်း၊ ပြင်ဆင်ရ ခြင်း မဖြစ်ရန်လည်း လိုအပ်ပါ သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်လည်း ကိုက်ညီရပါမည်။ ခေတ်စနစ်နှင့်လည်း လိုက်လျောညီထွေ ရှိရပါမည်။ ပြုလုပ်ပြဋ္ဌာန်းသူ   ၏ လိုလားချက်ကို ဖော်ဆောင် သကဲ့သို့ သက်ဆိုင်ရာ နယ်ပယ်ရှိ ပြည်သူများ၏ အကျိုးစီးပွား အခွင့် အရေးများကိုလည်း အလေးဂရုပြု  ရန်လိုပါမည်။ စည်းနှောင်အားရှိရန် လိုအပ်သကဲ့သို့ ပြည်သူများ ကိုယ်တိုင် လက်ခံလိုက်နာ လိုသည့် ဆန္ဒ ရှိစေရန်လည်း လိုပါမည်။ ပြဋ္ဌာန်းပြီးရုံမျှဖြင့် ဥပဒေ မဟုတ်သေး၊ လေးစားလိုက်နာမှု၊ စည်းနှောင်အား ရှိမှုတို့လည်း လိုအပ်သည်ဖြစ်ရာ ထိရောက်ထက်မြက်မှု၊ အသုံးဝင်မှု၊ အကျိုးပြုမှုကိုလည်း အလေးထား စဉ်းစားရမည်ဖြစ်ပါသည်။

ပန်းပဲဖိုမှ ထွက်လာသည့် ဓား တစ်လက်သည်  သံသားမာမာ၊ ခုတ်အားကောင်းကောင်း၊ အသွား ထက်ထက် ဓားတစ်လက် ဖြစ်ရပါ မည်။ အသုံးမခံ ဦးကျိုးသွားပဲ့ မဖြစ်စေရပါ။ ဥပဒေပြုသူတို့က ပြဋ္ဌာန်းလိုက်သည့် ဥပဒေ များသည် အများ ပြည်သူ အကျိုးစီးပွားနှင့် အခွင့်အရေး များကို ထိရောက်စွာ ကာကွယ်ပေး နိုင်ရပါမည်။

ဇေယျာတင့်ညို

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*