ပြည်တွင်းသတင်း — ရန်ကုန်၊ မတ် ၁၈၊ ၂ဝ၁၃
ပုသိမ်-မုံရွာ ကားလမ်းမဘေးမှ မြေကွက်အချို့ကို တွေ့ရစဉ်

ပုသိမ်-မုံရွာ ကားလမ်းမဘေးမှ မြေကွက်အချို့ကို တွေ့ရစဉ်

ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတ ခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပန်း တောကြီးအုပ်စုအတွင်း ပုသိမ်-မုံရွာ လမ်းမကြီး ဘေးရှိ ဥယျာဉ်ခြံမြေများအား လွန်ခဲ့သည့် ၂ဝဝ၃ ခုနှစ်က ပန်းတောကြီးအုပ်စု ရယက ဥက္ကဋ္ဌ ဦးသိန်းထွန်းက ထိုဒေသရှိ ခြံစိုက်သူများအား ယင်းတို့၏ ခြံမြေများကို အထက်က သိမ်းထားပြီး ဖြစ်ကြောင်း၊ ခြံစိုက်သူ များအား ရယက ရုံးခန်းသို့ ခေါ်ယူပြီး ပြောကြားကာ ခြံလုပ်ငန်း လုပ်ကိုင်နေသူများကို တားဆီးခဲ့သည်ဟု ပန်းတောကြီးအုပ်စုမှ ခြံလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် လေးမျက်နှာ မြို့နယ် အမျိုးသမီး ရေးရာ အလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါ်ခင်ကြည် က မြန်မာအင်ဒီပဲန်ဒင့်သို့ မတ် ၁၇ ရက် က ပြောကြားသည်။

ထိုသို့ လုပ်ငန်းများ ရပ်ဆိုင်း ခံရခြင်း၊ ခြံမြေများ သိမ်းယူခံရခြင်းနှင့် ပတ်သက်၍ ယင်းက ဆက်လက်ပြောကြား ရာတွင် “ကျွန်မတို့ ပိုင်တဲ့ ခြံမြေတွေကို ၁၉၈၈ ခုနှစ် လောက်ကတည်းက ဝယ်ထားပြီး ခြံစိုက်ပျိုးခဲ့တာပါ။ အဲဒီတုန်း ကတော့ စာချုပ် စာတမ်းတွေ မရှိကြဘူး။ ကိုယ့်ရွာသား အချင်းချင်းတွေ ဆိုတော့ ယုံကြည်မှု တွေနဲ့ပဲ အရောင်းအဝယ် လုပ်ခဲ့ကြတယ်။ ကျွန်မ ဝယ်ထားတဲ့မြေ ၂၅ ဧကကိုလည်း တစ်ရွာလုံးလည်း သိတယ်။ နောက်တော့ ၂ဝဝ၃ ခုနှစ်မှာ လေးမျက်နှာမြို့က ရေတိုက်စားလို့ ပျက်သွားတဲ့ အခါကြတော့ ကျွန်မတို့ ပန်းတောကြီးကို ရွှေ့ပြီး မြို့ကွက် ရိုက်မယ် ဆိုပြီး ဖြစ်လာ တယ်။ နောက်တော့ ရွှေဟင်္သာ ဆရာတော်က သူ့ကို လူထုက လာတိုင်တယ်။ လေးမျက်နှာမြို့ကို မရွှေ့ဖို့ လာပြောကြတယ် ဆိုပြီးတော့ သက်ဆိုင်ရာကို ဆရာတော် က ပြောတော့ အဲဒီမှာ မြို့သစ် တည်မယ့် အစီအစဉ် မလုပ်ဖြစ်တော့ဘူး။ အဲဒါက ပထမအကြိမ် ပေါ့နော်။ ကျွန်မတို့ ရွာသားတွေလည်း ငါတို့မြေတွေ အသိမ်းမခံရတော့ဘူး ဆိုပြီး စိတ်ချမ်းသာ သွားကြတယ်။ နောက်တော့ အမြှောက်တပ် ဆောက်မယ်ဆိုပြီး လာပြန်တယ်။ အဲဒီအမြှောက်တပ် လည်း လေ့ကျင့်ရေးကျောင်းနဲ့ နီးတယ်ဆိုပြီး မလုပ်ဖြစ်တော့ပြန်ဘူး။

နောက်တော့ ဦးသိန်းထွန်း ဥက္ကဋ္ဌ ဖြစ်လာတော့ ကျွန်မတို့ကို လာပြော တယ်။ ခြံစိုက်ပျိုးရေး လုပ်ငန်းလုပ်မယ့် ကုမ္ပဏီတွေ လာပြီ။ အဲဒီကုမ္ပဏီ တွေက အထက်က အမိန့်နဲ့မြေဂရမ် ခံပြီး မြေရိုင်းတွေမှာ ခြံစိုက်ဖို့ ရောက်လာပြီ။ ခင်ဗျားတို့မှာ ဘာပြေစာမှလည်း မရှိဘူးလို့ လာပြောပါတယ်။ ကျွန်မတို့မှာ အဲဒီအချိန်က ရပ်ကွက် ရယက ရုံးတွေက ပေးတဲ့ပြေစာတွေ ရှိပါတယ်လို့ပြောတော့၊ သူက အဲဒါတွေ မရတော့ဘူးတဲ့၊ ခင်ဗျားတို့ က ပြေစာက တစ်နှစ်စာလေးတွေပဲ ပေးတော့ ကျွန်တော်တို့လည်း အလုပ် ရှုတ်တယ်။ အဲဒါကြောင့် မပေးတော့ တာလို့ ပြောပြီး ကျွန်မတို့ကို ၂ဝဝ၃ ခုနှစ်မှ စပြီးတော့ ပြေစာမပေးတော့ ဘူး။ နောက်တော့ ကျွန်မတို့ ခြံတွေထဲမှာ စိုက်ပျိုးထားတဲ့ သီဟိုဠ်ပင်၊ ရှောက်ပင်၊ သရက်ပင်တွေကို အကုန် ဝင်ခုတ်တယ်။ ပြီးတော့ သူတို့က ထင်းအဖြစ် ယူကြတယ်။ ပြီးတော့ အဲဒီထင်းတွေကို သူတို့က ရောင်းစား ကြတယ်။ ကျွန်မတို့ အဲဒီအချိန်က စပြီးတော့ ခြံစိုက်လို့ မရတော့ဘူး။ ကျွန်မတို့ ခြံထဲမှာရှိတဲ့ သက်ကယ်တွေ ဆိုရင်လည်း သူတို့ကပဲ ရက်ပြီးတော့ ရောင်းတယ်။ ကျွန်မတို့ ခြံရှင်တွေက ဝင်ပြီးတော့ ရက်လို့ ရှိရင် သူတို့က ရဲကိုတိုင်တယ်။ အဲဒီ မှာ ရဲက ဖမ်း၊ စခန်းမှာ တစ်ညအိပ် ပေါ့။ အခုဆိုရင် ကျွန်မတို့ ဒေသမှာ တောင်ကတုံး (ခေါင်းတုံး)တွေ ဖြစ်ကုန်ပြီ။ သူတို့ ခုတ်ကြတာ”ဟု ဆိုသည်။

ခြံမြေများ သိမ်းယူခံရမှုနှင့် ပတ် သက်ပြီး ထိုဒေသတွင် ယခင်က ရယက ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီး ယခုအခါ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာ မြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်၊ ဧရာဝတီတိုင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းအား မြန်မာအင်ဒီပဲန်ဒင့် က ဆက်သွယ်မေးမြန်း ရာတွင် မိမိ အနေဖြင့် ယင်းမြေများကို သိမ်းယူ ထားခြင်းမရှိကြောင်း၊ ထိုမြေများကို ဗဟိုမြေလွတ်မြေရိုင်း ကော်မတီက ချထားပေးခြင်း ဖြစ်ကြောင်း၊ ဧက ၃ဝဝ ချထားပေးကြောင်း၊ သို့သော် ဧက ၁ဝဝ သာချထားကြောင်း၊ ဧက ၂ဝဝ သည် လျှောက်ထားဆဲဖြစ် ကြောင်း၊ ယင်းခြံလုပ်သူများ ကိုခေါ် ပြောစရာ အကြောင်းလည်း မရှိကြောင်း၊ မိမိ အနေဖြင့် ရောင်းစားထားခြင်းလည်း  မရှိကြောင်း၊ ရောင်းစားစရာအကြောင်း  လည်း မရှိကြောင်း၊ ထိုမြေလွတ် မြေရိုင်းများကို သက်ဆိုင်ရာသို့ လျှောက် ထားသည့်သူများတွင် ပြေစာများ ရှိကြောင်း၊ မရှိသေးသူများလည်းရှိ ကြောင်း၊ ထိုကိစ္စများကို မြို့နယ် စာရင်းဌာန သို့ မေးမြန်းနိုင်ကြောင်း စသည်ဖြင့် ပြန်လည်ဖြေကြား ပါသည်။  ဆက်လက်ပြီး လေးမျက်နှာ မြို့နယ် မြေစာရင်းဌာနသို့ ဆက်သွယ်ခဲ့ရာ မြို့နယ် မြေစာရင်းမှူး ဦးဇော်မင်းက ပြောကြား ရာတွင် မြေလွတ်မြေရိုင်းများကို အဆင့်ဆင့် လျှောက်ထား တင်ပြရကြောင်း၊ ယင်းသို့ လျှောက်ထား ရာတွင် ဗဟိုမြေလွတ် မြေရိုင်းကော်မတီ က စိစစ်ပြီး ချပေးရကြောင်း၊ မြေလွတ် မြေရိုင်း များ လျှောက်ရာတွင် ပုဂ္ဂလိက လုပ်ငန်းရှင် ကုမ္ပဏီများရှိကြောင်း၊ မိမိတို့ အနေဖြင့် မြေလွတ်မြေရိုင်း လျှောက်ထားခြင်းကို စိစစ်သည့် အခါတွင် လျှောက်ထား သည့် မြေများပေါ်တွင် အပင်များ စိုက်ပျိုးထားခြင်း၊ ဥယျာဉ်ခြံများ လုပ်ကိုင်ထားသည့် မြေ များကို သိမ်းယူခြင်းမရှိကြောင်း၊ လွတ်နေသည့် မြေ၊ လုပ်ကိုင်သူ မရှိသည့် မြေများ၊ အငြင်းပွားသူရှိသည့် ထပ်မံလျှောက်ထားသူမရှိသည့် မြေများကို မိမိတို့ စိစစ် ရကြောင်း၊ မြေပြင်များတွင် စိုက်ပျိုးပင်များ ရှိနေပြီး ဒေသခံ တောင်သူများ သစ်ကြီးဝါးကြီး၊ နှစ်ရှည်သီးနှံများ စိုက်ပျိုးထားသည့် မြေများကို မိမိတာဝန်ယူစဉ်ကာလ အတွင်း သိမ်းယူမှုမရှိကြောင်း၊ အဓမ္မ သိမ်းယူခြင်းမျိုး အလေ့အထ မိမိတို့ ဒေသတွင် မရှိကြောင်း၊ လုပ်ကိုင်နေသည့် ခြံစိုက်သူများတွင် သက်ဆိုင်ရာက ပြေစာများ ထုတ်ပေးထား ကြောင်း၊ လျှောက်ထားသူ များ အနေဖြင့် လက်ရှိ လုပ်ကိုင်နေသည့် မြေယာများကို သိမ်းယူခြင်း မလုပ်ကြောင်း၊ မိမိတို့ ဌာနအနေဖြင့် ထိုသို့သိမ်းယူခြင်းမျိုးကို လုပ်မပေးခဲ့ကြောင်း စသည်ဖြင့် ဖြေကြားခဲ့ပါသည်။

ခြံမြေများ သိမ်းယူခံခဲ့ရသည့် ဒေသခံ ခြံလုပ်ငန်းရှင် ၄၃ ဦးက နိုင်ငံ တော်သမ္မတကြီးထံသို့ ဆက်လက် တိုင်ကြားမည်ဟု သိရသည်။

ဝ၃၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*