တွေ့ဆုံ​မေးမြန်းခြင်း — ကချင်၊ ဇန်နဝါရီ ၁၂၊ ၂ဝ၁၃

ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် ပတ်သက်၍ ကေအိုင်အို အုပ်ချုပ်ရေးအရာရှိ အိုင်ဒီပီ အက်စ် စောင့်ရှောက်ရေး တာဝန်ခံ ဦးဒွဲပီဆာနှင့် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ်က တွေ့ဆုံမေးမြန်း ခဲ့သည်။ မြန်မာ အင်ဒီပဲန်ဒင့်ဂျာနယ် သို့ ဖြေကြားခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး- ကေအိုင်အို ထိန်းချုပ်နယ်မြေမှာ စစ်ရှောင်လာသူ ဘယ်နှစ်ယောက် လောက် ရှိလဲ။

ဖြေ- ၇ သောင်းခန့် ရှိတယ်။

မေး- အခု ဒီထိုးစစ်ကြောင့် စစ်ရှောင်လာသူ စစ်ဘေးဒုက္ခသည်တွေ တိုးလာတာ ရှိလား။

ဖြေ- တိုးလာတာတွေရှိတယ်။ အရမ်းဝေးတဲ့နေရာကတော့ မဟုတ် ဘူး။ ဒီနားတစ်ဝိုက်မှာရှိတဲ့ ရွာတွေကပဲ။ အစကတော့ တချို့က ပြေး ရမှန်းမသိဘူး။ သို့သော်လည်း အခု က လက်နက်ကြီးနဲ့ ပုံမှန်ဆက် တိုက်ပစ်နေ တော့ အခုမှ စစ်ရှောင် စခန်းထဲကိုလာပြီး တည်းခိုတဲ့ စစ်ဘေး ဒုက္ခသည်တွေ ရှိတယ်။

မေး- အခုလိုသာတပ်မတော်ဘက် က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒီစစ်ပွဲသာကြာလာမယ်ဆို စစ်ဘေးဒုက္ခ သည်တွေ အတွက် စိုးရိမ်စရာတွေ ဖြစ်လာနိုင်လား။

ဖြေ- စစ်ပွဲဆိုတာတော့ လူတွေ အတွက်တော့ စိုးရိမ်စရာ၊ ကြောက်စရာပဲ။ စစ်ပွဲ ကြာလာတာပဲဖြစ်ဖြစ်၊ မကြာတာပဲ ဖြစ်ဖြစ်၊ ဘယ်အချိန်ဖြစ် ဖြစ် စိုးရိမ်ရတယ်။ သို့သော်လည်း ဒီအစိုးရဘက်က ဆက်တိုက်တာ၊ ထိုး စစ်ဆင် တိုက်ခိုက်မှုတွေ ပိုဆိုးလာ မယ်ဆိုရင် စစ်ရှောင်လာသူတွေ အတွက် ပိုပြီးစိုးရိမ်ရတယ်။ အခု စစ်ပွဲက အားလုံးကြားသိတဲ့ အတိုင်း ကေအိုင်အေ၊ ကေအိုင်အိုက ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ ခံစစ် စစ်ပွဲ ပဲ။ ယနေ့ချိန်ထိ ကျွန်တော်တို့က အစိုးရစစ်တပ်တစ်ခုမှ သွားမပစ်ဖူး ဘူး။ ကျွန်တော်တို့က ခံစစ်သက် သက်ပဲ။ ဒါပေမယ့် သမ္မတဦးသိန်းစိန်က ထိုးစစ် မဆင်ဘူး။ သူတို့ ရှေ့တန်းက လူတွေကို ရိက္ခာလာပို့ တာပဲဖြစ်တယ် ဆိုပြီးပြောတယ်။ လက်တွေ့မှာတော့ သူပြောသလို မဟုတ်ဘူး။ ဘာကြောင့် အဲဒီလို ပြောလဲဆိုရင် အရင်က သူတို့ စစ်တပ်ရှိတဲ့နေရာမှာပဲ သူတို့ရိက္ခာ ပို့ရင် ဘာမှမပြောချင်ဘူး။ အခုက ကျွန်တော်တို့ တပ်ရှိရာတောင်ပ ထောင်တောင် (pahtau bum)ကို သူတို့ လက်နက်ကြီးတွေ၊ လေယာဉ် ပျံတွေနဲ့ လာတိုက်ပြီး နေရာယူ လိုက်တယ်။ သူတို့နဲ့ဘာမှ မဆိုင်ဘူး။ ပြည်မ ကနေ ပြည်နယ်ကို စစ်အင်အား ပို့တာကိုက ထိုးစစ်ဆင်တာပဲ။ ဒါစစ်ဆင်ရေးပဲ။ ဒီအထဲမှာ ဖြစ်တာတွေတော့ မပြောနဲ့တော့။ ဒီလိုသာ ထိုးစစ်ဆင်နေရင် ကျွန်တော် တို့ စစ်ဘေး ဒုက္ခသည်တွေအတွက် စိုးရိမ်စရာပါ။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့က အခုနိုင်ငံနယ်စပ် ဂိတ်ဆုံးမှာ ရောက်နေပြီ။ ထိုးစစ်ဆင်လာပြီဆိုရင် သူတို့အတွက် စိုးရိမ်စရာပဲ။ သူတို့ ဘယ်ကို ဆက်ပြီး ပြေးရမှာလဲ။

မေး- ဒီလိုင်ဇာမှာသာမက စစ်ရှောင် စခန်းတွေမှာ ဗုံးခိုကျင်းတွေ တူးထားတာ တွေ့တယ်။ ဘာလို့တူးထားကြ တာလဲ။

ဖြေ- စိုးရိမ်လို့ ကြောက်လို့ တူးထားတာ။ အစိုးရတွေက ခန်းကိုင်တောင် (hkang kai bum) ကနေ လက်နက် ကြီးနဲ့ ပစ်တယ်။ လိုင်ဇာမှာလည်း ကျနိုင်တယ်။ တရုတ်ပြည်ဘက်လည်း ကျော်နိုင်တယ်။ အဲဒီလိုမျိုး နေရာမှာ ကျွန်တော်တို့ စစ်ရှောင်စခန်းတွေပြု လုပ်ပြီး နေနေတာကြောင့် ကြောက်ပြီး တူးထားခိုင်းတယ်။ ဟုတ်တယ်။ နောက်တစ်ခုက အစိုးရက ၂၈ ရက် က ဂျက်လေယာဉ်ကအစ သုံးလာတယ်။ ဒီဘက်ကို အောက်ကနေ စစ်သားတွေ ပစ်တဲ့ ကျည်ဆန်တွေ မရောက်နိုင်ပေမယ့် လေယာဉ်နဲ့ပစ်တဲ့ ကျည်ဆန်တွေ မရောက်လာနိုင်ဘူး လို့ ပြောလို့မရဘူး။ ဒါကြောင့် လက်နက်ကြီးနဲ့ပဲ ပစ်ပစ်၊ လေယာဉ်နဲ့ပဲပစ်ပစ် ကိုယ့်လုံခြုံ ရေးအတွက် ကြိုတင် ပြင်ဆင်ထားတဲ့ အနေနဲ့ တူးထားကြတာ။

မေး-အစိုးရက ထုတ်ပြန်ထားတဲ့ အထဲမှာ သူတို့သာ ကေအိုင်အေ ခြိမ်းခြောက်မှုကြောင့် တရားဥပဒေ စိုးမိုးမှု ရှိတဲ့ နေရာတွေကို ရွှေ့ပြောင်းလာတဲ့ စစ်ရှောင်လာသူတွေကို ကူညီစောင့်ရှောက် ထားတယ်လို့ ပြောခဲ့တယ်။ ဒီအပေါ် မှာကော ဘယ်လိုပြောချင်လဲ။

ဖြေ-ဒါက မြန်မာအစိုးရတွေပြောတဲ့ စကားတွေကို သိပ်မထူးဆန်းဘူး၊  ကျွန်တော်တို့အတွက်တော့။ ဘယ် အချိန်ပဲ ဖြစ်ဖြစ် သူတို့က မှန်တာကို မပြောဘူး။ သူတို့ဘက်က ကောင်းအောင်ပဲ ပြောတတ်တယ်။ အခုပဲ ပြောပြော၊ အရင်ကပဲ ပြောပြော၊ နောင်ပဲပြောပြော သူကမှန်တာကို ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ စာရင်း အရတော့ သူတို့ ထိန်းချုပ် နယ်မြေမှာရော ၃ သောင်း ၃ ထောင်ဝန်းကျင်လို့ပြောတယ်။ ဟုတ်တယ်။ စစ်ရှောင် စခန်းထဲ မသွားတဲ့သူတွေလည်း ရှိတယ်။ တချို့က စစ်ဖြစ်လာလို့ လူထူတဲ့နေရာမှာ ပြောင်းမှ လုံခြုံမယ် ဆိုပြီး ပြောင်းလာတာ ဟုတ်တယ်။ တချို့က ဆွေမျိုးတွေရှိလို့ ပြောင်းလာတာ ဟုတ်တယ်။ နောက်ပြီး ဒီဘက်ဝိုင်း မော်မြို့နယ် ဂါရာယန်ဘက်ကတော့ အစိုးရတွေကိုယ်တိုင် မောင်းထုတ်လိုက်တာ။ ဒေသခံအိမ်တွေမှာ စစ် သားတွေ နေဖို့ဆိုပြီး အစိုးရတွေ ကနေ ဒေသခံတွေကို ရွာကနေ မောင်းထုတ်လိုက်တာ။ အစိုးရကို ယုံလို့ ပြောင်းလာ ကြတာတော့ မဟုတ်ဘူး။  အစိုးရကနေ အားလုံးထောက်ပံ့ ကူညီပေး စောင့်ရှောက်ပေးနေ တာလည်း မဟုတ်ဘူး။ အဓိက က အန်ဂျီအိုတွေ၊ လူမှုကူညီမှု အသင်းတွေ၊ နိုင်ငံခြားအကူအညီတွေနဲ့ ဘာသာ ရေးအဖွဲ့တွေကနေ ကူညီစောင့် ရှောက်ပေးနေတယ်လို့ပဲ နားလည် ထားတယ်။ သူတို့အစိုးရတွေပဲ ကူညီတာ မဟုတ်ဘူး။ ဆုံးအောင်ပြော မယ်ဆိုရင် ဒီဇင်ဘာ ၂ဝ ရက်ကျော် တုန်းက သူတို့ စစ်တပ်တွေလေ ယာဉ်တွေနဲ့ ပစ်လို့ မလိရေအားစက်ရုံ တာဘိုင်တစ်ခု ပျက်သွားတယ်။ အဲဒါကို အစိုးရတွေက ကေအိုင်အေတွေ လမ်းတံတား ဖျက်ဆီးတယ်။ လျှပ်စစ်မီး ဖျက်ဆီးတယ် ဆိုပြီး ပြောတယ်။ ဒါကို မြစ်ကြီးနား၊ ရန်ကုန်၊ မန္တလေး က လူတွေ ယုံချင်ယုံမယ်။ တကယ်လက်တွေ့ ဒီကလူတွေတော့  ယုံမှာမဟုတ်ဘူး။ လျှပ်စစ်မီးပြင်ဖို့ သွားတဲ့ ကားကို ကေအိုင်အေတွေ ပစ်လို့ ကားမှန်ထိသွားတယ်လို့ သူတို့ပြန်ပြောတယ်။ ဘာပဲပြောပြော အဲဒါက စစ်ပွဲဖြစ်တဲ့ နေရာပဲ၊ စစ်ကားတွေ တက်လာရင်တော့ ပစ်မှာပဲ။

မေး- အခုတလော အကူအညီလာ ပေးတဲ့လူတွေ သိပ်မလာဘူးလို့ ပြောကြတယ်။ အဲဒီလိုမျိုး အကူအညီတွေ မလာတော့ဘူးဆိုရင် အခက်အခဲတွေ ရှိလာနိုင်လား။

ဖြေ- အစိုးရရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်လာတဲ့ သူတွေတော့ မရောက်နိုင်တော့ဘူး။ ဒါပေမယ့် တကယ်ကို စစ်ရှောင်သူ များကို ကူညီချင်တဲ့ လူတွေကတော့ နည်းအမျိုးမျိုး သုံးပြီး ကူညီသူတွေ တချို့တွေတော့ ရောက် တယ်။ အကူအညီတွေ မရောက် လာရင် ဘယ်လိုလုပ်မလဲဆိုတာက တော့ ကျွန်တော်တို့လူတွေအတွက် တော့စိုးရိမ်စရာပဲ။ ဒါပေမယ့် ဘုရားသခင်က ကျွန်တော်တို့ကို မပစ်ထားဘူး ဆိုတာပဲ။ ကျွန်တော်တို့ စားဖို့ ကျွန်တော်တို့ အသက်ရှင်ဖို့အတွက် ဘုရားသခင် လမ်းဖွင့်ပေးမှာပဲလို့ ယုံ ကြည်တယ်။

မေး- အခြားဘာများ ထပ်ဖြည့်ပြော စရာများရှိသေးလဲ။

ဖြေ- အခုက ခက်ခဲတယ်ဆိုတာ ထက်ကို ပိုပြီးခက်ခဲလာတယ်။ ဒီဇင်ဘာ အရှေ့လတွေမှာတော့ ကျွန်တော်တို့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတွေမှာ ကျွန်တော်တို့နေရာ  ယူထားတော့ စစ်ရှောင်လာသူတွေ သူတို့ ရပ်ရွာကို ပြန်ပြီး ဝင်ငွေနည်း နည်းပါးပါးရအောင် အလုပ်ပြန်လုပ် လို့ရတယ်။ အလုပ်သွားလုပ်လို့ရ တယ်။ အစားအစာ တွေ သွားသယ်လို့ ရတယ်။ အခုကတော့ အဲဒီ ကားလမ်းတွေမှာ သူတို့ အကုန်နေရာ ယူလိုက်ပြီ။ ဒါကြောင့် အခု ကျွန်တော်တို့ စစ်ရှောင်လာသူတွေ ဘယ်မှသွားလို့မရတော့ဘဲ စစ်ရှောင်စခန်းထဲကနေ ဘယ်မှ မသွားတော့ဘူး။ သွားလို့လည်း မရတော့ဘူး။ အပြင်သွားပြီး အလုပ်သွားလုပ်လို့ မရတော့ဘူးဆိုရင်တော့ ခက်ခဲမှုတွေကတော့ ပိုပြီး များလာပြီ။ ဒါပေမယ့် ကျွန်တော်တို့ကို တကယ် ချစ်ခင်စိတ်ထားပြီး တကယ်ကူညီ ချင်တဲ့လူတွေက နည်းအမျိုးမျိုး သုံးပြီး လာရောက် ကူညီကြမယ်လို့ ယုံကြည်ကြတယ်။

ဝ၇၁

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*