တိုင်းရင်းသားသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၁၄၊ ၂ဝ၁၃

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၏ ကေအိုင်အေနှင့် ပတ်သက်သည့် ကြေညာချက် ထုတ်ပြန် အပြီးတွင် ကေအိုင်အေ၏ ရှမ်းနီလူမျိုး များနှင့် ကျေးရွာများ အပေါ် တုံ့ပြန်ဖိအားပေးမှုများသည် ပိုမိုဆိုးဝါးလာသည့် အခြေအနေတွင် ရှိနေကြောင်း ယင်းပါတီ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးစောဝင်းထွန်းက ဇန်နဝါရီ ၁၄ ရက်တွင် မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။

အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ရခြင်းသည် ဒီဇင်ဘာ ၂၃၊ ၂၄၊ ၂၅ ရက်က မန္တလေးမြို့တွင် ကျင်းပခဲ့သော ပါတီ မျက်နှာစုံညီအစည်းအဝေး၌ တက်ရောက် လာသော နယ် အသီးသီးမှ အလုပ် အမှုဆောင်များ၏ တင်ပြချက် အရ တကယ့်အဖြစ်မှန်ကို ပြည်သူလူထုသို့ တင်ပြရန် အချိန်ရောက်ပြီဟု ယူဆသဖြင့် အစည်းအဝေး ဆုံးဖြတ်ချက် အရ ဒီဇင်ဘာ ၂၇ ရက်တွင် အများသိ ရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဦးစောဝင်းထွန်းက ဆိုပါသည်။ ထို့ပြင် နှစ်ပေါင်း ၅ဝ ကျော် ကြာသည် အထိ ပြေလည်မှု မရနိုင်သေးသော အဆိုပါ လက်နက်ကိုင် ပဋိပက္ခများ တွင် လက်နက် မစွန့်ချင် ကြသည့် အကြောင်းသည်လည်း  အဓိက အကြောင်း တစ်ရပ် ဖြစ်နေကြောင်း ယင်းက ဆိုပါသည်။

ဆက်လက်ပြီး ယင်းက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များသည် တရားဝင် ရပ်တည်ရန် ခက်ခဲကြောင်းနှင့် ရှေ့ဆက်နိုင် ရန် ဆိုလျှင် ဖွဲ့စည်းပုံ ပြင်ဆင်ရန်(သို့မဟုတ်) ယခုအတိုင်းပင် ဆက်သွားရန် ဟူသည့် အချက်များပေါ်တွင် များစွာ တည်ရှိနေကြောင်း ဆိုပါသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် မိမိတို့ပါတီ၏ ကြေညာချက်ကို ကိုးကားဖော်ပြခဲ့ခြင်း သည်လည်း သက်ဆိုင်ရာ ပြန်ကြားရေးဌာန၏ အာဘော် သာ ဖြစ်သည်ဟုယူဆပြီး မိမိတို့ပါတီအနေဖြင့် ထိုသို့ ဖော်ပြမည့် အကြောင်းကို မသိရှိရပါကြောင်း ယင်းက ရှင်းလင်း ပြောကြားပါသည်။

ထို့အပြင် မိမိတို့သည် ကချင်ဒေသတွင်ပင် မွေးဖွား ခဲ့ပြီး တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများ အကြား တွင် ကြီးပြင်းလာရသဖြင့် ယင်းတို့၏ ကောင်း ကွက်၊ ဆိုးကွက်များကို နားလည်ကြောင်း ယခု ပဋိပက္ခများ ပြေလည် ရန် နှစ်ဖက်စလုံးသည် မိမိတို့၏ ဆန္ဒများ ထက် ကချင်ပြည်သူ၊ ပြည်သားတို့၏ မျက်နှာကို ထောက်ထား သင့်ကြောင်း မိမိတို့၏ ဆန္ဒနှင့် လိုလား ချက်များကိုသာ ရှေ့တန်းတင်၍ ဆွေးနွေးလျှင်မူ ငြိမ်း ချမ်းရေး သည် ကြာရှည်ခံမည် မဟုတ်ကြောင်း ဦးစောဝင်းထွန်း က ပြောကြားခဲ့သည်။ တိုင်းလိုင်(ရှမ်းနီ) အမျိုး သားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီသည် မန္တလေးမြို့တွင် အခြေစိုက်၍ အဓိကအားဖြင့် ကချင်ဒေသနှင့် စစ်ကိုင်း တိုင်း အထက်ပိုင်းရှိ ရှမ်းနီ လူမျိုးများကို အခြေခံအားပြု ဖွဲ့စည်းထားသော ပါတီတစ်ခု ဖြစ်ပါသည်။

ဝ၆ဝ

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*