ပြည်တွင်းသတင်း — ဧပြီ ၃၊ ၂ဝ၁၃

မတ် ၂၅ – ပုသိမ်ခရိုင်ကျောင်းသားများ သမဂ္ဂက လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး မိဘပြည်သူများနှင့် ကျောင်းသား များသို့ အကြမ်းဖက်မှု များတွင် ပါဝင်ခြင်း မပြုရန်၊ ဘာသာရေး ပဋိပက္ခများ ဖြစ်စေရန် လှုံ့ဆော်ရေးသားထားသော စာရွက်စာတမ်းများ ဖြန့်ဝေခြင်း၊ လက်ဝယ်ထားရှိခြင်းများ မပြုလုပ်ကြ ရန်၊ မိမိတို့ အရပ်ဒေသ တွင် အကြမ်းဖက်မှုများ မဖြစ်ပွားလာစေရန် အတတ်နိုင်ဆုံး တားဆီးဆောင်ရွက်ရန်၊ အကြမ်းဖက်မှုများကို ရှုတ်ချရန် ပန်ကြား ထားသော ပန်ကြားချက် တစ်စောင် ကို ထုတ်ပြန်ကြေညာခဲ့သည်။

မတ် ၂၆ – ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) (ကသဖ)အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးသည် မတ် ၂၅ ရက်တွင် အကြောင်းမဲ့ပျောက်ဆုံး ခဲ့ကြောင်း သတင်းရရှိသည်။ မတ် ၂၉ ရက်တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး အဖွဲ့မှ ကိုကိုကြီးက ကိုရဲမင်းဦးအား ရန်ကုန်တိုင်း ရဲမှ ခေါ်ယူစစ်ဆေး မေးမြန်းနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မတ် ၂၇ – ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) သည် အာရှအလင်းရောင် ဖောင်ဒေးရှင်း (ပြင်ဦးလွင်) ဆရာတော်၊ ရွှေဘို ရှေခြင်္သေ့ ပရဟိတဆရာတော်၊ မန္တလေး ၈၈ ကျောင်းသား ဟောင်း များ၊  မန္တလေးနှင့်ရွှေဘို ဘာသာပေါင်းစုံ အသင်းများနှင့် ပူးပေါင်းပြီး မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်ကြောင့် နောက်ဆက်တွဲ ဒုက္ခများ ခံစားနေရသူများအား သွား ရောက်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။ ဗကသများ အဖွဲ့ချုပ်အနေ ဖြင့် တတိယ အကြိမ်မြောက် မိတ္ထီလာမြို့ သို့ သွားရောက်ပြီး ဒုက္ခသည် များအား လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မတ် ၂၇ – စစ်ကိုင်းခရိုင် ကျောင်းသားများသမဂ္ဂမှ (၆၈)နှစ်မြောက် တော်လှန်ရေးနေ့ အမှတ်တရ သဝဏ်လွှာ တစ်စောင်ကို ထုတ်ပြန်ကြေညာ ခဲ့သည်။ ယင်းသဝဏ်လွှာ တွင် “တော်လှန်ရေးနေ ပန်းတိုင်များဖြစ်သော ဒီမိုကရေစီရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုဖြန့်ချိခွင့် ရရှိရေးတို့အတွက် မိမိတို့ကျောင်းသားများမှ ဆက်လက် ကြိုးပမ်း အကောင် အထည်ဖော် သွားမည် ဖြစ်ကြောင်း” ဖော်ပြပါရှိသည်။

မတ် ၂၇ – ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဗဟိုလုပ်ငန်းကော်မတီသည် လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး အဓိကရုဏ်းများ အမြန်ဆုံးဖြေရှင်းနိုင်ရန် အသိပေး ကြေညာ ချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကြေညာချက်တွင် “တာဝန်ရှိသူများ၏ အရေးယူမှု နှောင့်နှေးပြီး ပြတ်သားမှု မရှိခြင်း၊ နောက်ဆက်တွဲ ဂယက်များကို ထိန်းသိမ်းနိုင်မှု မရှိခြင်းတို့ကြောင့် အဓိကရုဏ်း အသွင်များ ဆက်တိုက်ဖြစ်ပွား လာခဲ့ခြင်းဖြစ်ကြောင်း၊ အဓိကရုဏ်း ဖြစ်ပွားရန် လှုံ့ဆော်သည့် စာရွက်စာတမ်း များကို ရမည်းသင်းခရိုင် ဗကသနှင့် တောင်ငူခရိုင် ဗကသတို့မှ တွေ့ရှိ သိမ်းဆည်းကာ ပြဿနာ မကြီးထွားစေ ရန် ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ ကျောင်းသားလူငယ်များ အနေဖြင့် အဓိကရုဏ်းများ မပြန့်ပွားစေရန် ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သွေးထိုး လှုံ့ဆော်မှု များကို ရှောင်ရှားပြီး နိုင်ငံသား အချင်းချင်း စိတ်ဝမ်းမကွဲဘဲ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး၊ ငြိမ်းချမ်းရေးလမ်းကြောင်းများသို့ ဆက်လက်ချီ တက်ကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဒေသခံ ကျောင်းသား ပြည်သူများ၏ သတင်းပေးချက်အရ အကြမ်းဖက်ပဋိပက္ခများတွင် နိုင်ငံရေးပါတီအချို့ မှ ခေါင်းဆောင်ပိုင်း မဟုတ်သော အဖွဲ့ဝင်များ ပါဝင်လှုပ်ရှား ခဲ့ကြောင်း၊ နိုင်ငံရေး ပါတီများအနေဖြင့် မိမိတို့ပါတီဝင်များအား တားမြစ် သတိပေးကြ ရန်လိုအပ်ကြောင်း၊ အစိုးရအနေဖြင့် အကြမ်းဖက်သူ များကို ပိုမိုထိရောက် စွာ တားဆီးသင့် ကြောင်း၊ အကြမ်းဖက်မှု များ မဖြစ်ပွားသေးသည့် နေရာများ တွင် ဒေသခံဘာသာရေးခေါင်းဆောင်များ၊ ပြည်သူများ ပူးပေါင်းပြီး ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေး အတွက် စီစဉ်ဆောင်ရွက် သင့်ကြောင်း” ဖော်ပြပါရှိသည်။

မတ် ၂၇ – ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဗဟိုလုပ်ငန်းကော်မတီမှ (၆၈)နှစ်မြောက် တော်လှန်ရေးနေ့ သဝဏ်လွှာ  ကို ထုတ်ပြန်ကြေညာ ခဲ့သည်။ ယင်းသဝဏ်လွှာတွင် “ဗမာ အမျိုးသား သွေးစည်း ညီညွတ်မှု ပြန်လည် တည်ဆောက်ဆဲ ကာလတွင် အချင်းချင်း အာဃာတ ဖြစ်စေနိုင်မည့် အပြုအမူ လုပ်ရပ်များ၊ သွေးထိုးလှုံ့ဆော်မှုများ ကို ရှောင်ရှားပြီး “မတ်လတော်လှန်ရေး” စိတ်ဓာတ်ကို ပြန်လည် အသက် သွင်းကြရန် တိုက်တွန်းနှိုးဆော်ကြောင်း” ဖော်ပြ ပါရှိသည်။

ဝ၆၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)

Leave a Reply

Your email address will not be published. Required fields are marked *

*