ပြည်တွင်းသတင်း — မတ် ၂၁၊ ၂ဝ၁၃

မတ် ၁၂ – မကွေး ဆေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ Uniform ဝတ်ဆင်လို/မဝတ်ဆင်လို သဘောထား ကောက်ခံထားခြင်း ရလဒ်များ ကို ထုတ်ပြန်ကြေညာ ခဲ့ပြီး မူလက ကောက်ခံ ရရှိထားသော ရလဒ်များ ကို ပြည်ထောင်စု ဝန်ကြီး (ကျန်းမာရေး ဝန်ကြီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ဆေးသိပ္ပံ ပညာဦးစီးဌာန)နှင့် ပါမောက္ခချုပ် (ဆေးတက္ကသိုလ်-မကွေး) သို့ ပေးပို့ရန် ရည်ရွယ်ထားသော်လည်း ပါမောက္ခချုပ် ဆရာကြီးက ယင်းကိုယ်တိုင် အစည်း အဝေးတွင် တင်ပြပေးမည်ဟု ဆိုသဖြင့် ပါမောက္ခချုပ် တစ်ဦးတည်းထံသို့သာ ပေးပို့ လိုက်ကြောင်း သတင်းရရှိသည်။ ပထမနှစ်မှ နောက်ဆုံးနှစ် အပိုင်း(ခ)အထိ စာသင်တန်း ငါးတန်းတွင် တက် ရောက် ပညာသင်ကြားနေ ကြသော ကျောင်းသား၊ ကျောင်းသူများထဲမှ ထက်ဝက်ကျော်က ဆန္ဒဖော်ထုတ် ခဲ့ကြပြီး ရလဒ် ရာခိုင်နှုန်းမှာ မဝတ်ဆင်လိုသူများ ၅၈.၄၆ ရာခိုင်နှုန်း၊ ဝတ်ဆင်လိုသူများ ၄၁.၅၄ ရာခိုင်နှုန်းဖြစ် ကြောင်း သိရှိရသည်။

မတ် ၁၂ – မုံရွာခရိုင်ကျောင်းသားများ သမဂ္ဂက ကနီမြို့နယ် ပေါက်အင်း တောင်မှလယ်သမားများ လယ်ယာမြေ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်ပြီး မုံရွာမြို့ပေါ်သို့ ချီတက် ဆန္ဒ ထုတ်ဖော်မှုနှင့် စပ်လျဉ်း၍ သဘောထား ကြေညာ ချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲများ နီးကပ်နေပြီဖြစ်သောကြောင့် ကျောင်းသား များ အနှောင့်အယှက် မဖြစ်စေရန် တောင်းဆိုနေကြသည့် ပြည်သူများအား အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးစေ လိုကြောင်း၊ လယ်သမား များအား အကြမ်းဖက် ဖြေရှင်း နည်းဖြင့် တုံ့ပြန်ခြင်း မပြုရန် တောင်းဆိုကြောင်း ဖော်ပြပါရှိသည်။

မတ် ၁၃ – သန်လျင်မြို့၊ ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကြီး ၏ ဘုရားပွဲတော်တွင် ဗကသများ အဖွဲ့ချုပ်၊ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂ (ရ/တ/က/သ)မှ ရန်ပုံငွေ ဈေးရောင်းပွဲအဖြစ် ဆိုင်ခန်းဖွင့်လှစ်ရောင်းချခဲ့ကြပြီး ဘုရားပွဲတော်နောက်ဆုံးရက်တွင် ဗကသ ကျောင်းသား/သူများ စုပေါင်း အလှူငွေ ထည့်ဝင်၍ ဘုရားပွဲတော်သို့ လာရောက်ကြသော သက်ကြီးရွယ်အိုများ၊ တောင်းရမ်း စားသောက် နေရသော သက်ကြီးရွယ်အို များနှင့် ကလေးသူငယ်များအား ထမင်း၊ ဟင်းနှင့် အအေး စတုဒီသာများကို ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေး လှူဒါန်းခဲ့ကြ ကြောင်း သိရှိရပါသည်။

မတ် ၁၃ – မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားနှင့် ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း (၂၅)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ဗကသများ အဖွဲ့ချုပ် (အထက်မြန်မာပြည် လုပ်ငန်းကော်မတီ)နှင့် ဗကသ ကျောင်းသား ဟောင်းကြီးများက ကြီးမှူး၍ မန္တလေးမြို့ ဒက္ခိဏရာမ ဘုရားကြီးတိုက်၊ အလယ်တိုက်ကြီးတွင် ၂၀၁၃ ခုနှစ်၊ မတ် ၁၃ ရက် နေ့ လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အခမ်းအနား တွင် ယင်းနှစ်ပတ်လည်နေ့ဖြစ်စဉ်ကို RIT ကျောင်းသားဟောင်း ကိုစိန်လှိုင်ဦးနှင့် နောက်ဆက်တွဲ ဖြစ်စဉ်ကို ဆေးတက္ကသိုလ် ကျောင်းသားဟောင်း ကိုတင်သစ်ကလည်းကောင်း ပြောကြားခဲ့ကြပြီး ဗကသများ အဖွဲ့ချုပ်၏ သဝဏ်လွှာကို ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ မအိသဉ္ဇာမောင်က ဖတ်ကြား၍ လည်းကောင်း၊ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီ ကိုမိုးထက်နေ က လည်း ကောင်း၊ အမှတ်တရ စကားများကို အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်၊ ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက လည်းကောင်း ပြောကြားခဲ့ကြပြီး အခမ်းအနားအပြီးတွင် ဆရာ ဆူးမြင့်သိန်းက အနုပညာ ဖြင့် ပုံဖော်ပြသခြင်း အစီအစဉ်ကို ခင်းကျင်းပြသခဲ့ကြောင်း သတင်းရရှိသည်။ ထိုနည်းတူ ရန်ကုန်မြို့တွင်လည်း ဗကသများအဖွဲ့ချုပ်မှ ဦးစီးပြီး လူ့အခွင့်အရေးနေ့ အခမ်းအနားကို တော်ဝင်နှင်းဆီ၊ သီရိခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မတ် ၁၅ – လယ်ယာမြေ သိမ်းဆည်းခံရမှုများနှင့် ပတ်သက်ကာ မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည် မြို့နယ်၊ အလယ်ကန်အုပ်စု၊ သန်းတောကျေးရွာ တောင်သူ လယ်သမားများ၏ ဖိတ်ခေါ်မှုကြောင့် ရမည်းသင်း ခရိုင် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များသည် အဆိုပါ ကျေးရွာတောင်သူ လယ်သမား များနှင့် သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ ယင်းတွေ့ဆုံပွဲတွင် ဗကသကျောင်းသားများက တောင်သူလယ်သမား အချင်းချင်း စည်းလုံးကြရန်နှင့် မကြောက်ကြ ရန် ၁ နာရီခန့် မကြောက် တရားဟောခဲ့ကြသည်ဟု ယင်းသမဂ္ဂ၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

မတ် ၁၆ – လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ နှစ်က တက္ကသိုလ်ကျောင်းသားများ၏ သပိတ်တပ်ကြီးကို မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ၏ လုံ/ထိန်း တပ်ဖွဲ့ဝင်များက အကြမ်း ဖက်နှိမ်နင်းခဲ့သည့် တံတားနီနေ့ (၂၅)နှစ် မြောက် ငွေရတု အခမ်းအနားကို ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်နှင့် တက္ကသိုလ် ကျောင်းသား သမဂ္ဂများ ပူးပေါင်းကာ ရန်ကုန်မြို့၊ အင်လျားကန်ဘောင်၊ တံတားနီ မှတ်တိုင်အနီးရှိ မြက်ခင်းပြင် တွင် ၂၀၁၃ ခုနှစ်၊ မတ် ၁၆ ရက် ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားသို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးမှ ၈၈ မျိုးဆက်ကျောင်းသားဟောင်းများ၊ လူ့ဘောင် သစ်လူငယ်အဖွဲ့ဝင်များနှင့် ဗကသ၊ တကသ ကျောင်းသားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြကြောင်း၊ အခမ်းအနားတွင် သဝဏ်လွှာ များဖတ်ကြားခြင်း၊ အမှတ်တရ စကားများပြောကြားခြင်း၊ တံတားနီ ဖြစ်ရပ်များ အောက်မေ့စကား ပြောကြားခြင်း၊ ကဗျာသီချင်း ရွတ်ဆိုခြင်း များ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ဝ၆၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*