စာနယ်ဇင်းကောင်စီစာရင်းသစ်

ထွက်ပေါ်လာပြန်ချေပြီ။

သည်တစ်ခါဖြင့် လောက်ကလောင်၊ ဂေါက်ကလောင်စသည့်

ဇော်ကလောင်များ ပါမလာတော့ဘဲ

သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်များဖြင့်

ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ ပါလာသည်။

အချို့ကျော်ကလောင်များကား ပြတ်သား၏။

ရွှေလက်နှင့် ခေါ်လည်း မလာ၊ ငွေလက်နှင့် ခေါ်လည်း မလာ၊

ကိုယ့်မူနှင့်သာ ကိုယ် ရပ်ကြ၏။

လွတ်လပ်သော စာနယ်ဇင်းသမားဟူသည်

အကြောက်တရား မရှိသည့်နည်းတူ

အမြှောက်တရားကိုလည်း ခုခံနိုင်၏။

ဂုဏ်ပြုရပါသည်။

သို့သော်

စာနယ်ဇင်းသမားဟူသည် မည်သူနည်းဟူသည့်

အနက်ဖွင့်ဆိုချက်ကို

မည်ကဲ့သို့ သတ်မှတ်မည်ဆိုသည်ကား မသိနိုင်သေး၊

ကျော်လျှင် ပြီးစတမ်း

စာနယ်ဇင်းသမားတန်းဖြစ်နိုင်လေမလား၊

တစ်အုပ် ရေး၊ တစ်စောင် ထုတ်၊ တစ်မုဟုတ်ချင်း တန်းဝင်နိုင်မည့်

စာနယ်ဇင်းကောင်စီဆိုလျှင်ကား

အဖွဲ့ဝင်အင်အား သန်းခြောက်ဆယ်ကပ်လတ္တံ့။

အံ့ဩရပါသည်။

 

ငွေရတုတော့မည့် မျိုးဆက်ကြီးများခမျာလည်း

တစ်ချက် ခုတ်၊ နှစ်ချက် ပြတ်ရန်

ရံပုံငွေလည်း ပြန်ဝေရင်း

စစ်တလင်းလည်း မြင်းစီးကြည့်လျက်

အများမက်သည့် ယူအက်စ်ကို ကျောခိုင်း

ကချင်တိုင်းဆီ ဒုန်းစိုင်းကာ

နိုင်ငံသားများ နှလုံးသားကို အနိုင်ပိုင်းလေတော့သည်။

မအံ့ဩကြပါနှင့်။

 

နိုင်ငံသားများလည်း ကျည်သံ၊ ဂျီသံ၊ မြည်သံများကြားမှာ

ဆူးကြားက ဗူးခါးနှယ် မလှုပ်နိုင်ကြ

စီးပွားရေးထုတ်ကုန်များကိုသာ လက်လှမ်းမမီ ရှိရမည်

လုပ်ငန်းနွှယ် အမှိုက်ဆိုး၊ ရေဆိုး၊ အငွေ့ဆိုး၊

အဆိုးတကာ့အဆိုးများကဖြင့် အိမ်တိုင်ရာရောက်

နောက်မကျတမ်း

စားသုံးသူအခွင့်အရေးဟူသည် ခန်းခြောက်လာတော့၏။

အံ့ဩရပါသည်။

 

နိုင်ငံရေးအကျဉ်းသားအချို့ လွတ်မြောက်လာကြပြန်သည်။

ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပါ၏။

ကိုယ့်အိမ်ကိုယ်ပြန်ရသည့် အရသာကား ကောင်းလေစွ။

သို့တစေ လက်လီစိတ် လွှတ်နေသဖြင့်

အချို့က သဘောမကျ၊

သို့သော် လူကုန် လွတ်သွားလျှင်

အချို့အဖွဲ့များ ခေါင်းစဉ် ပျောက်၊ ရန်ပုံငွေ ပျောက် ဖြစ်လတ္တံ။

နိုင်ငံရေးအကျဉ်းသားဖြစ်လာနိုင်သူများအား

ကာကွယ်စောင့်ရှောက်ရေးဟူသော

ခေါင်းစဉ်သစ်၊ စိတ်ကူးသစ်ဖြင့်

ရန်ပုံငွေ ရှာဖွေရေးအဖွဲ့သစ်များ ပေါ်ထွက်လာနိုင်ကောင်း၏။

မအံ့ဩကြပါနှင့်။

 

တစ်ချိန်တည်းတွင်

အချို့နိုင်ငံသားများမှာကား ကျူးကျော်ဟုဆိုကာ

အိမ်တိုင်ချွတ် အဖျက်ခံရကြောင်း ကြားရပြန်သည်။

ဝမ်းနည်းစိတ်မကောင်းရပြန်ပါ။

အိုးမဲ့အိမ်မဲ့ရသည့် အရသာကား ဆိုးလေစွ။

နိုင်ငံတွင်းမှာ နိုင်ငံပျောက်သူ၊ အိမ်ပျောက်သူနှင့်

စိုးနှောင့်ဗျာပါ များလှစွာသည်

အသင်မြန်မာ ခက်ရှာတည်း၊ ခက်ရှာတည်း။

 

မည်သို့ပင်ဖြစ်စေ

နိုင်ငံသားများ အိုးအိမ်မမဲ့ကြပါစေနှင့်။  ။

ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*