မြန်မာတွေ သဘောထားကြီးကြောင်း

ကမ္ဘာကပင် ဩချရမတတ်

ကင်မရာမီးတဖျတ်ဖျတ်ဖြင့် ကြိုကြ

တစ်ခါက မှူးကြီးပင် သွားရည်ကျချင်စရာ

သူ့ခေတ်သူ့အခါက အကြိုထောက်သူများဟူသည်

ကိုယ့်ထမင်းကိုယ်စား နေ့စားချောသမားများဖြစ်ကာ

ယခုမှာမူ ချောလူ၊ တောသူများသာမက

ကဏ္ဍအစုံ လူ့အလွှာအစုံ ဖြစ်နေ

သံဝေဂတွေ ရချင်စရာ

မေတ္တာတုံ့ပြန်ပုံကား ကြက်သီးထဖွယ်

သင်ပုန်းချေကျွမ်းကျင်ဆုံးဆု ထွင်မည့်သူရှိလျှင်

မြန်မာနိုင်ငံသားများ ပြိုင်ဘက်မရှိ ဗိုလ်စွဲအံ့။

မအံ့ဩကြပါနှင့်။

 

သို့သော်တည့် သို့သော်

ငြိမ်းချမ်းရေးခရီး မနီးစပ်နိုင်ကြသေး

ကြမ်းခင်းဈေး ၇ နှစ်၊ ပုဒ်မ ၅ ည မှသည်

၁ နှစ်နှင့် သုံးသောင်းတန် ပုဒ်မ ၁၈ အဖြစ် ပြောင်း

ဂျောင်းစေချင်သည်က ကျည်

ဂျောင်းရမည်က မည်သူများ ဖြစ်လေမည် မသိ

အံ့ဩရပါဘိ။

 

မြို့တော်များတွင် ခရိုနီ၊ ခရိုနီနှင့်

ငွေပင်ငွေရင်းက လွဲပြီး ကျင့်ဝတ်၊ စေတနာ မချမ်းသာသူများကို

လက်ညှိုးထိုး အပြစ်မြင်နေကြဆဲ

အဝေးနေရာများတွင်ကား ခရိုနီ အစားစားရှိနေ

လက်နက်နှင့် ယူနီဖောင်း လဲစားသည့် ငြိမ်းချမ်းရေးခရိုနီ

သယံဇာတနှင့် နယ်မြေ လဲပစ်သည့် တော်လှန်ရေးခရိုနီ

ထိုထိုခရိုနီများကား ကျည်ဒဏ်၊ ထောင်ဒဏ်ကို

ကြံ့ကြံ့ခံနိုင်သလောက်

ဒေါ်လာအမြှောက်၊ လုပ်ပိုင်ခွင့်ကျည်ဆံ ရှပ်မှန်ရုံ ရှိသေး

အတုံးအရုံး ကျဆုံးကုန်ကြသတဲ့။

အံ့ဩကုန်နိုင်ကြပါပေ့။

 

သည်ကြားထဲ ပြည်တော်ပြန်တွေကလည်း အမောက်ထောင်

ပြည်ပနိုင်ငံသားဘဝ စွန့်ရေးကို ယောင်၍ပင် မတွေးဘဲ

မြဲနေထိုင်သူအဖြစ်နှင့်

ပြည်ပနိုင်ငံသား ပြည်တွင်းနိုင်ငံရေးသမား ဖြစ်ချင်လာကြ

ထို့ထက်မက လှေနံနှစ်ဖက် နင်းလိုသည့်သဘောဖြင့်

နိုင်ငံတွင်းမနေဘဲ ရွေးကောက်ပွဲဝင်နိုင်ရေး

တောင်းဆိုဦးမတဲ့

ပြည်တွင်းမှာ ခြေရှုပ်၍ အန္တရာယ်လှုပ်လာလျှင်

ပြည်ပခြေကုပ်ဆီ ထွက်ပြေး၊

အဝေးမှာ အခြေလှုပ်လာလျှင်

ပြည်တွင်း ဝင်၊ မြဲနေစတေးတပ်စ်ကို သုံး

ပြုံးပြုံးကြီး မိန့်တော်မူရေး

တွေးတွေးနိုင်ကြပါပေ့

စူးပေ့သော ရွှေဥာဏ်ဖြင့် ထူးပေ့သော အဆိုကို

ဆိုဆိုနိုင်ကြပါပေ့

ဗိုလ်အောင်ဒင့်စကားလုံး ငှားသုံးရမတတ်

နင်းချင်းနင်းလျှင် အမိမြေကို မနင်းကြပါနှင့်

ပြည်ပအားကိုး ပုဆိန်ရိုးဘဝဖြင့်သာ

ရဲရဲကြီး အရိုးထုတ်ကြပါကုန်လော့

အံ့ဩကုန်နိုင်ကြပေအံ့။

 

ပြည်တွင်းမှာ အဗျူးမခံကြသည့်တိုင် ပြည်ပမှာ ဗျူးဖြေသူများအား

“ဒါမှ ဒို့အစ်မကြီး”ဟု အားပေးသူများလည်း ရှိ

“ဒါမှ ဒို့သမ္မတကြီး”ဟု ဝံ့ကြွားသူများလည်း ရှိ

အလျှောက် ကောင်း၍ အထောင်း သက်သာသူ သာ

အဖြေ မကောင်း၍ နှုတ်ထောင်း ခံရသူ ရ

အဆာပလာ တန်ဆာဆင် ပြောသဖြင့်

အနှစ်သာရ၊ မူဝါဒကို မထင်ဟပ်သည့်တိုင်

နိုင်ငံသားတွေကဖြင့် လက်ခုပ်လှိုင်ကြ

အံ့ဩရပါသည်။

 

မည်သို့ပင်ဖြစ်စေ နိုင်ငံသားများ

ခရိုနီဘေး၊ အမြဲမနေဘဲ မြဲနေလျှောက်သည့်ပီအာရ်များဘေးတို့မှ

ကင်းဝေးကြပါစေ။

ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*