ခေတ်သစ်သင်ပုန်းကြီး — အောက်တိုဘာ ၁ဝ၊ ၂ဝ၁၂

နိုင်ငံတော်က

လမ်းဆုံလမ်းခွမှာ ရောက်နေသဖြင့်

နောက်ကြောင်းပြန်မပြန် အငြင်းသန်နေကြဆဲ

နိုင်ငံသားများကလည်း

လမ်းရိုးဟောင်းအတွေးဝင်္ကပါထဲက ထွက်မထွက်နိုင်ကြသေး

အာဏာလေးတစ်ပဲသား ရလျှင်

ပါဝါက တစ်ပိဿာပြချင်ကြ

ပြောရေးဆိုခွင့်ရှိသူက ပြောကြ ရေးကြ ဆိုကြသူများကို

တရားစွဲဦးမတဲ့

ကိုယ်ပြင်မည်ဟု ကျုံးဝါးထားသည့် တရားဥပဒေများအား ကိုးကား၍ပင်

အပြင်လူဖြစ်သည့် မီဒီယာများအား ထိုးချကာ

ကိုယ့်ပါတီပြဿနာအချို့ကို ဖြေရှင်းရန်ကြိုးစားလာကြသည့်ပြင်

ပါတီအချို့မှာလည်း ကိုယ့်ပါတီ၏မူကို ကိုယ်စားပြုရေးထက်

ကိုယ့်မူကို ပါတီနာမည်နှင့် အကောင်အထည်ဖော်ရေး

အားထုတ်လာကြ

ဘယ်ပါတီမှ မဝင်သည့် နိုင်ငံသားများကား

မျက်စိလည် လမ်းမှားရမတတ်

မူကိုရွေးရမလား၊ လူကိုရွေးရမလားလည်း မရှင်းမရှင်း

မတရားသည့်ဥပဒေကို ဆန့်ကျင်ရမလား၊

ကိုးကားရမလားလည်း မလင်းမချင်း

အမယ်မင်းတချင်စရာ လမ်းဆုံပါ အရပ်ကတို့ဟု

ဗျိုးဟစ်ကာ ငိုချင်းချပါရစေတော့

အံ့ဩကုန်နိုင်ရပါအံ့။

 

မီဒီယာများကလည်း အာဏာပိုင်က တရားစွဲလျှင်

အတိုက်အခံကို အားကိုးပြီး

အတိုက်အခံက တရားစွဲလာတော့

အာဏာပိုင်ကြောင့်ဟု လက်ညှိုးထိုး ဆင်ခြေကန်

အတိတ်မှာဖြင့် ကင်ပေတိုင်နှင့် အခြေအနေဟန်ရေးကို

ဘယာဘေးကြောင့်ချည်း မဟုတ်ဘဲ

မျက်နှာသာပေးခံရရေးအတွက် လုံးပန်းခဲ့ကြ

အံ့မခန်းစာနယ်ဇင်းပညာများပါပေ့

စာဖတ်သူများလည်း မျက်စိလည်လာကြ

ဆော်တုန်းက ငါကွများ၊ ဆော်ခံရတော့ ဒင်းကြောင့်ဟုအော်

တော်တော်လည်း တော်နိုင်ကြပါလေ့

အံ့ဩရပါ၏။

 

အရေးကြီးလျှင် သွေးစည်းရမည်ဆိုသည့်အတိုင်း

နိုင်ငံသားများ သွေးစည်းပြကြသည်မှာ

အခြေခံဥပဒေအတွက် လူထုဆန္ဒခံယူပွဲများ

ရွေးကောက်ပွဲများ၊ ငြိမ်းချမ်းရေးပွဲများ မဟုတ်မူဘဲ

မယ်ရွေးပွဲ၊ ဘောလုံးပွဲများ ဖြစ်နေသည်ကလည်း

အံ့ဖွယ်သရဲ ထူးကဲလှပါပေ့

သည်နှယ်ရွေ့လျှင်ဖြင့်

ဝေလေလေ့ ဝေလေလေ့၊ ကျောချမ်းပါသဟေ့ဟုသာ

ဗျိုးဟစ်ကာ ညည်းချင်းချပါရစေတော့

အံ့ဩကုန်နိုင်ရပါအံ့။

 

မြန်မာ့ဈေးကွက်လိုအင်များလည်း

အံ့ဖွယ်သရဲ ထူးကဲလျက်ရှိ

စာအုပ်စာပေ၊ စာစောင်ဂျာနယ်တွေဆို

စာများလျှင် ရောင်းမစွံ၊ ပုံများမှ စွံသတဲ့

ကြော်ငြာစာမျက်နှာများများပါမှ ကွာလတီမည်သတဲ့

တက်ကျမ်းလို မှီငြမ်းသုတက ရောင်းအားကောင်းပြီး

ကိုယ်တိုင်ရေးရသက အရောင်းထိုင်းသတဲ့

စာပေဟောပြောပွဲဆိုလည်း

စာအကြောင်းနည်းနည်း၊ ဆဲအကြောင်းများများမှ

လူတက်များသတဲ့

စာအုပ်ဆိုင်ထက် ဘီယာဆိုင်အရေအတွက်

အဆနဲ့ချီ များလေသည်တဲ့

ဘီယာအရက်ကို အားကစားနှင့်တွဲမှ ကြော်ငြာခွင့်ရသတဲ့

မြန်မာနိုင်ငံသားများ၏ ဝယ်လိုအားအစွမ်းကို

ယှဉ်နိုင်ပါရိုးလား အာဆီယံသားများရေ

အံ့ဩကုန်နိုင်ကြပါပေ့။

 

မည်သို့ပင်ဖြစ်စေ

နိုင်ငံသားများ ငိုချင်းမချ၊ ကျောမချမ်းရပါစေနှင့်။

ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*