လက်ဝါးကြီးအုပ် အမြတ်ထုတ်သော်လည်း

စင်ပေါ်က ဆင်းစရာမလိုအောင်ပင်

ကျောထောက်နောက်ခံ ခိုင်သူများကို ခရိုနီဟု ဆိုကြသည်။

ထို့နည်းအတူ ခရိုပြာ၊ ခရိုဝါများလည်း ရှိသေးသတဲ့။

အတိုက်အခံဘဝတုန်းက လက်သီးဆုပ်ထားသလောက်

တရားဝင်မဟုတ်သော ပူးပေါင်းဆောင်ရွက်သူများ ဖြစ်လာသောအခါ

နိုင်ငံသားများအပေါ် ခေါင်းတစ်လုံးပိုမြင့်နေသလို

ဟန်မူပို မာန်ဂုဏ်မောက်ကြသော်လည်း

ခရိုနီကို ရင်ဆိုင်တွေ့လျှင်ဖြင့်

လက်ဆွဲနှုတ်ဆက်၊ လက်ပိုက်ခေါင်းညိတ်မပျက်

ပါးစပ်က နားရွက်ချိတ်မတတ် အရယ်အပြုံးမပျက်

ပက်ပက်စက်စက်ကြီး ပြာနေကြသည့် ခရိုပြာများဟူသတတ်။

မအံ့သြကြပါနှင့်။

 

ဖန်သားပြင်ပေါ်မှာ ပြောကြရအောင်ဆိုကာ

မီဒီယာမမများ စကားပြောကြသောအခါ

ဖက်ရှင်နှင့် အလှအပ မည်မျှအရေးကြီးကြောင်း

ပုံနှိပ်မီဒီယာမှာ ကြော်ငြာများဖြင့် ကွာလတီအော်သည်ကို

ရှုတ်ချကြသူများမှာ အမြင်ကျဉ်းသူများဖြစ်ကြောင်း၊

မြန်မာ့ပုံနှိပ်မီဒီယာလောကကား

ဖက်ရှင်နှင့်ကြော်ငြာမှ မကယ်လျှင် အသက်ဆက်ဖွယ် မမြင်ဟု

ကြီးမားကျယ်ဝန်း၊ စူးရှထက်သန်သော အမြင်ကြီးများဖြင့်

ရဲရဲကြီး သုံးသပ်ခဲ့ကြသည်မှာ အံ့ဖွယ်သူရဲ ထူးကဲလှချေ၏။

ဖန်သားပြင်အစီအစဉ်မှူးများ ကမ္ဘာကို ရင်ပေါင်တန်းရေး

သည်နှယ်သာ ခေါင်းပြေးနေလျှင်

မြန်မာ့မီဒီယာပုံရိပ်၏ နောင်ရေးကား ရင်လေးဖွယ်တည်း။

မအံ့သြကြပါနှင့်။

 

သိန်းသုံးထောင်နီးပါးအလှူငွေရသွားသည့် အဖွဲ့ကလည်း

ဂီတသမားများနှင့် မူပိုင်ခွင့်အရေးမှာ

သိသလိုလို မသိသလိုလိုနှင့် နှာစေးနေရာက

အရေးဆော်သူများ အသံထွက်လာကာမှ

ကျသလောက်ပေးပါမည်ဟုဆို

သူတို့ ထိုးခဲ့ဖူးသော လက်ညှိုးများကို

ဂငယ်ကွေ့ နောက်ကြောင်းပြန်ထိုးခိုင်းရတော့မတတ်

တတ်လည်း တတ်နိုင်ကြပါပေ့။

အံ့သြရပါသည်။

 

တစ်ခါက ဘဝရှင်မင်းတြားကြီးကား

ယခုတိုင် ကျန်းမာရေးလည်း ကောင်း၊ သြဇာရေးလည်း ညောင်းဆဲဟု

တပ်မိသားစုဝင် ကိုယ်စားလှယ်တော်ကြီးက ဆို၏။

အရေခွံပြောင်းခဲ့သူများလည်း

မျက်နှာဖုံးကို အသာလှပ်၊ အရပ်ရပ် ဇာတ်တော်များကို ရှုစား

သုံးနှစ်ခံဦးမည့် ဉာဏ်များမြေပုံကို ပြင်

၂ဝ၁၅ ကို အဝင်ဖြောင့်နိုင်ရေး

ဘေးလေးဆပ် ဘေးလေးဆပ် ကြိုးစားလေသတတ်။

မအံ့သြနိုင်ပါတော့အံ့။

 

အရွယ်နှင့်မမျှ အလုပ်လုပ်လွန်းသည့် ပါတီဥက္ကဋ္ဌခမျာလည်း

အနယ်နယ်အရပ်ရပ်မှ သူ့လူများ၏

ရပ်ကျေးမြို့နယ်တာဝန်များ ထမ်းဆောင်ရရေးအတွက်

တံတောင်တွက်၊ နောက်ကျောဓားထိုး၊ ကုန်းချောရန်ဖြစ်

နည်းစံနစ်များကို တစ်စစ ကြားနာလာရဟန်ရှိစွာ

ဆန်ရင်းနာနာဖွပ်သည့် မိန့်ခွန်းများကို

ဆံဖြူတွေ မဖုံးနိုင်တော့သည်ထိ ဟောနေရရှာသည့်တိုင်

အောက်ခြေက အမာခံအခိုင်များကား

သူများကို ထိုးထားဖူးသော လက်ညှိုးကို မရုပ်မီ

ထိုထိုဤဤသော အခွင့်ထူးခံသဏ္ဍန်များအား

ခြေရာနင်း အတုခိုးမဝနိုင်ကြသေး

မလျော်သြဇာလေးမှ မသုံးရလျှင် ခေတ်မမီတော့မတတ်

ဇာတ်ပျက်နေကြဆဲပင်။

အံ့သြရပါ၏။

 

မည်သို့ပင်ဖြစ်စေ

နိုင်ငံသားများ ဓာတ်မပျက်ပါရစေနှင့်။

ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)

  1. ခရိုဝါကဘာပါလိမ့်

Leave a Reply

Your email address will not be published. Required fields are marked *

*