ဝါလကင်းလွတ် သီတင်းကျွတ်ချေပြီ။

မြန်မာ့မီဒီယာသမိုင်းတွင် ထူးကဲစွာပင်

ပြည်တွင်းမီဒီယာသမားများကို သမ္မတကြီးက

အင်တာဗျူးပေးသကဲ့သို့

ပြည်ပအတွေ့အကြုံများကြောင့် မီဒီယာကို မကြောက်တော့ဟု

ပွင့်လင်းရင်းနှီးစွာ ဖြေကြားခဲ့သည်။

လက်ခုပ်တီးရပါ၏။

 

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့်

နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်ရမည်ဟု

၂၀ဝ၈ အခြေခံဥပဒေ အပိုဒ် ၆၀ (က)တွင် ဆို၏။

သို့သော် ဦးသျှောင်ကြီးများက

ပြည်သူက ထောက်ခံ၊ ဆန္ဒရှိလျှင်

သမ္မတအဖြစ်ပဲ အရွေးခံနိုင်မတတ်

ပြည်သူကို လွှဲချလာကြ၊

နိုင်ငံသားများခမျာကား

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်လည်း မဖြစ်နိုင်ဘဲနှင့်

ထိုသူများ ထင်သလို မဖြစ်လျှင်ပင်

ပြည်သူ့ဆန္ဒ မပီသယောင်ယောင်

ကြောက်စရာ့ ပြည်သူ့ဘဝပါတကား။

အံ့ဩရပါသည်။

 

နိုင်ငံသားမြောက်မြားစွာဖြင့် ဖွဲ့စည်းထားသည့်

အင်အားတောင့် နိုင်ငံရေးပါတီကြီးကား

စည်းလုံးခြင်းစကားကို ဆိုနေကြလျက်

နိုင်ငံတော်အလံကို ဇောက်ထိုးလွှင့်မိသည်ထိ

ကယောင်ချောက်ချား ဖြစ်လာလေ၏။

အံ့ဩမိပါ၏။

 

ကွန်နက်ရှင်မကောင်းသဖြင့် တမလွန်မပြောင်းမီမှာ

ဒေါင်းထားတာလေး ဆက်သိမ်းပေးရန် မှာရမတတ်

အင်တာနက်ခက်သည့်အရပ်မှ

မြန်မာနိုင်ငံသားများက

စည်းလုံးခြင်းသည် အင်အား ဆိုစကားအတိုင်း

အွန်လိုင်းမဲကို တဒိုင်းဒိုင်း ကလစ်ခေါက်ကြသဖြင့်

မြန်မာ့လုံမလည်း ဆုမလွဲတော့ပေ။

ကမ္ဘာ့လူထုလည်း မြန်မာ့ဇွဲကို အံ့လောက်၏။

အာဂ မျိုးချစ်စိတ်ပါပေ။

မအံ့ဩနိုင်ပါတော့အံ့။

 

အနောက်တံခါးမှာလည်း ချောက်ချားစရာများ

မကုန်နိုင် မခမ်းနိုင်

စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကိုလည်း

ကကြီးရေက မမြင်ကြရသေး

ကျန်လေသည့် နိုင်/ကျဉ်းနှစ်ရာကျော်လည်း

မျှော်ရင်းသာ မျှော်နေဆဲ

မြေယာတိုက်ပွဲတွေလည်း တင်းကျမ်း

ဆန္ဒဖော်ထုတ်ပွဲတွေလည်း မနားတမ်း

ပညာရေးအဆင့်အတန်းကလည်း အံ့မခန်း

ကျန်းမာရေးဝန်ဆောင်မှုများကလည်း ကြောက်ခမန်း

သဘောထားထုတ်ပြန်ကြေညာချက်များကလည်း ဖလန်းဖလန်း

သို့သော်ငြား နိုင်ငံသားမည်မျှက

မည်သို့သော ပြဿနာ မည်ရွေ့မည်မျှကို

မည်ကဲ့သို့ ပြုပြင်စေလိုကြောင်း

သုတေသနကောင်းကား ရှာမတွေ့

ဦးသူတစ်စုက လက်မှတ်ထုကာ စာဝေလျှင်

ဆန္ဒဖော် ထုတ်ပြန်ချက် ဖြစ်ရာ

လွယ်ချက်မှာလည်း ကမ်းကုန်

ရင်တုန်စရာ တစိမ့်စိမ့် တွေး၊ တလေးလေး ရင်နင့်

နိုင်ငံသားဖြစ်အင်ကို ရှုစားရက်နိုင်ကြပါပေ့၊

ထိတ်စရာ့ နိုင်ငံ့အရေးတွေပါတကား။

မအံ့ဩကြပါနှင့်။

 

မည်သို့ပင်ဖြစ်စေ

နိုင်ငံသားများ ဓာတ်မပျက်ပါရစေနှင့်။

ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*