ဝါလကင်းလွတ် သီတင်းကျွတ်ချေပြီ။

ဆီမီးကား မမြိုင်၊ လျှပ်စစ်မီးကား ဖျောက်ဆိပ်

သို့သော် ဟုန်းဟုန်းတောက်နေသော မီးများ ရှိနေ၏။

ဗြဟ္မစိုရ်တရားလေးပါး ပြာကျသွားသည်။

လူသားချင်းစာနာထောက်ထားမှု မီးသွေးခဲဖြစ်သွားသည်။

မီးမွှေးသူများလည်း မရှား

လောင်စာများလည်း အဆင်သင့်

မြေပေါ်မြေအောက် အဆင်းချောက်တွန်းမည့်သူများ

ပြည်တွင်းပြည်ပ အတင်းလျှောက်ဝေသူများလည်း

မနည်းမနော၊ အံ့ကြီးပင်ဩရ၏။

မီးသတ်မည့်သူများ အလိုရှိလှပါသည်။

သို့သော် မီးငြှိမ်းနိုင်သူများဟု ယုံကြည်ထိုက်သူများကား

ရေအား မကြွယ်ဘဲ လေအားသာ ကြွယ်နေဆဲ။

အရေးကြီးအဆို၊ ထုတ်ပြန်ကြေညာချက်၊

သဘောထား ထုတ်ပြန်၊ စိုးရိမ်ပူပန်၊

တိုက်တွန်းတောင်းဆို

လေအားတွေ ပိုပိုလျှံလျှံ

မီးလျှံတွေ အရောင်တညီးညီး

ဗျာပါဒမီးများ တောက်လောင်ဆဲ။

ဝမ်းနည်းရပါ၏။

 

တာလီဘန်တွေကို အာခံသည့်

ပါကစ္စတန်ဆယ်ကျော်သက်မိန်းကလေးက

သူတို့အတွက် ပညာရေး အရေးကြီးကြောင်း

ခဲတံမှ မရလျှင် သေနတ်တွေ ရလာနိုင်ဟု

ပုံပမာပြုချေ၏။

ခဲတံမရခဲ့သူများ တုတ်၊ ဓား၊ လက်နက် ကိုင်သည်မှာ

အံ့စရာ မရှိသော်လည်း

ပညာတတ် ကီးဘုတ်ကိုင်သူများကိုယ်တိုင်

သတ်တရား၊ ဖြတ်တရားကို အားရပါးရထောက်ခံ

အင်တာနက်ကို မီဒီယမ်ပြုကာ

အမုန်းတရား ဖြန့်ချိရေး၊ အာဃာတ တရား ပြန့်ပွားရေး

ဆင်ခြင်တုံတရား ခမ်းခြောက်ရေး စသည်စသည်

ပညာဥာဏ်သတ် လက်နက်များကို ကိုင်လာကြသည်ကား

အံ့ဖွယ်သရဲ ထူးကဲလှချေသည်။

ကြေကွဲရပါ၏။

 

အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ဆိုသလို

နဂိုကမှ ကမ္ဘာ့အမြင်မှာ

လူ့အခွင့်အရေးကို ချိုးဖောက်နေဟု ထင်ခံနေရဆဲ

နည်းပညာခေတ်ကြီးမှာ ဆိတ်ကွယ်ရာအရပ်ဟု ရှိနိုင်ရန် ခက်နေဆဲ

ကမ္ဘာ့မျက်မှောက် ဆိုရှယ်မီဒီယာထဲမှာ

ကိုယ့်အတွေးတိမ်မှု၊ ပညာမဲ့မှုတွေကို

စာသား၊ ဓာတ်ပုံ အဖုံဖုံဖြင့်

သက်သေပြုကာ ဖွင့်ဟဝန်ခံသူ ခံ

သည်အကြံကို မှန်လှပြီအထင်ဖြင့် ငါကွဟု ကျေနပ်ကြ

“လိုက်ခ်”သူ၊ “ရှယ်”သူများဖြင့် လူထူသည်ကို အရသာခံကြ

ထိုအရာများကိုပင် သက်သေခံအဖြစ် စွဲချက်တင်ကာ

ကမ္ဘာ့အလယ်မှာ အရှက်ခွဲလာနေကြကြောင်း

ငဲ့စောင်းကြည့်ကုန်ကြပါတော့

သည်နှယ်မျှ မနိုးထလျှင်ဖြင့်

ကမ္ဘာက ထိုးသည့်လက်ညှိုးအတွက်

အဓိက တာဝန်ရှိသူများမှာ

သေနတ်လက်နက်ကိုင်များအပြင်

အသင် ကီးဘုတ်လက်နက်ကိုင်များပါ

ပါသွားနိုင်လေသည်။

စိုးရွံ့မိပါ၏။

 

မည်သို့ပင်ဖြစ်စေ

နိုင်ငံသားများ မသိ၍ ခံခဲ့ရ၊ ခံရဆဲကိုမှ သင်ခန်းစာမယူ

ပိုသိအောင် မကြိုးစားဘဲ

မသိတသိကို အသိလုပ်ကာ ဖြေရှင်းကြခြင်းများ

ကင်းဝေးပြီးသကာလ တရားဥပဒေ၏ အရိပ်အာဝါသကိုသာ

သည်ဘဝ လုံခြုံရေးအတွက် (သံသရာအတွက် မဟုတ်)

အားကိုးရာဟူ၍ မြင်နိုင်ကြပါစေ။

ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)

  1. မြန်မာပြည်က တရားဥပဒေ ကတော့ ပြိုမလိုယိုင်နဲ့နဲ့ ဆိုတော့ ဘ၀လုံခြုံေ၇းအတွက် အားကိုးရပါ့ မလား ကိုပြောင်းဖူးရိုးရယ်

Leave a Reply

Your email address will not be published. Required fields are marked *

*