တစ်ခေတ်တစ်ခါက ကမ္ဘာမှာ

မြန်မာ့ပုံရိပ်သည် အမှောင်

ခုတော့လည်း ထိန်ပြောင်လင်းလက်

မက်သူတွေ များသထက် များလာ

နောက်ကျသော ခြေထောက် သစ္စာဖောက်ဟုပင်

ဆင်ခြင်ကြလေသလော မသိ

တအိအိ ရောက်လာလိုက်သမှ

ကမ္ဘာ့ကျား၊ ကမ္ဘာ့နဂါးစုံညီ

ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ကြီးကား

နွံနစ်နေသော ပတ္တမြား ပေါ်ထွန်းလာဘိအလား။

သို့ပေသော်ငြား

ကမ္ဘာ့ရာဇဝတ်ဂိုဏ်းများ၏ အပြုအမူအတိုင်း

ခေတ်မီသော မြန်မာနိုင်ငံသားအချို့က

ပြုမူကျင့်ကြံလာကြသည်မှာ

မင်းမဲ့စရိုက်အလား လက်ဖျားခါ ကြက်သီးထစရာ

ငတ်သူတွေ ငတ်နေချိန်မှာ

ကားပြိုင်မောင်းကြ၊ လူသတ်ကြ

တရားခံများက ရာဇဝင် လူဆိုးများ မဟုတ်ဘဲ

မိ မဆုံးမ ဖ မဆုံးမ လူ့မလိုင် မျိုးဆက်များ ဖြစ်နေရကား

အုပ်ချုပ်ရေး မဏ္ဍိုင်သမားများလည်း

ထိုကားပေါ်က ကလေကချေများအား

အရေးယူရေး အခက်ကြုံ

ပြောမယုံ ကြုံဖူးမှ သိ

ထူးထွေတည့် အံ့ရာသော်။

 

နိုင်ငံသားများလည်း အခြေခံဗဟုသုတ မကုံလုံ

ကြုံလာသည့် ပဋိပက္ခအပေါ်

စိတ်လှုပ်ရှားမှုအဖုံဖုံဖြင့် သုံးသပ်

သန်းခေါင်စာရင်း ကောက်ရာတွင်

နိုင်ငံတွင်းနေ လူကုန် ထည့်ကောက်မည်ဆိုသည်ကိုပင်

တုန်လှုပ်နေကြ

နိုင်ငံသားစာရင်းနှင့် နိုင်ငံ့လူဦးရေစာရင်း

အလျဉ်းမတူပုံအား သတိမထားနိုင်ကြပေ။

မအံ့ဩမိပါတော့အံ့။

 

ပါတီများကြားမှာလည်း

အချိုးကျ ကိုယ်စားပြုစနစ်(ပီအာရ်)အရေး

မောင်းကြေးနင်း ခတ်သူခတ်လာ

အကြောင်းပြသည်မှာ ၂ဝ၁၅ ရွေးကောက်ပွဲ

အင်အားကြီးကျွဲနှစ်ကောင် ခတ်သည်တွင်

ဘုစုခရုနှင့် လူမျိုးစုပါတီများ

ကြားက လုံးပါးမပါးရန်

ပီအာရ်သည် ကြားခံအဖြေဟု မြင်ကြ၏။

သို့ရာတွင် အင်အားကြီးပါတီကြီးတစ်ခုကမူ

နိုင်ငံအဝှမ်း မဲနိုင်စွမ်းရှိသည်ဟု ယုံကြည်လျက်

ပီအာရ်ဆိုကာ အနိုင်-အရှုံးမဲ့ခွဲတမ်းဖြင့်

အခြားပါတီအစုအဖွဲ့များအား နေရာပေးရေး

စိတ်မကူးသေးသယောင်ယောင်

ပီအာရ်အား ကြားအရှုပ်ထုတ်ဟု မြင်လေ၏။

မအံ့ဩကြပါနှင့်။

 

ပြည်တော်ပြန်လိုသည့် လှုပ်ရှားသူများနှင့်

ပြည်ပရင်းနှီးမြှုပ်နှံမည့်သူများကလည်း

လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေရန်

အမြဲနေဧည့်သည်သဘော ပီအာရ်ရရေး

ညာသံ ဘယ်သံ ပေးလာကြပြန်သည်။

သို့ဖြင့် ထိုပီအာရ်၊ သည်ပီအာရ်

ကျီကျီကျာကျာ မြည်သံများ ညံလာ၏။

အံ့လည်း မအံ့နိုင်တော့ပါအံ့။

 

မည်သို့ပင်ဖြစ်စေ

တစ်သက်လုံး အနေမြဲသည့် အမြဲနေနိုင်ငံသားများ

ကိုယ့်အတွက် ခွဲတမ်းရသည့် မဲတစ်ပြားအတွက်

ကိုယ်စားပြုသူအား

အကောင်းဆုံး ရွေးနိုင်ရေး ဥာဏ်သွေးကြကုန်လော့။

ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*