ဒုတိယသက်တမ်း ဆက်ရမ်း (Run)နိုင်ခွင့်ရှိသည့်

သမ္မတကြီးကား ရောက်လာတော့မည်။

လုံခြုံရေးသမားများ အင်အားအပြည့်

မီဒီယာသမားများလည်း ခတ်ကွင်းတပြင်ပြင်

ရန်ကုန်သူရန်ကုန်သားများကတော့ ရင်တထိတ်ထိတ်

နဂိုကမှ ကားလမ်းတွေ ကျပ်ပိတ်နေရာ

ထိုတနင်္လာအရေး မတွေးဝံ့စရာပင်

ခြေလျင်လျှောက်မှ ခရီးတွင်မည့်ကိန်းဖြစ်လေမလား။

သည်အခါများတွင်လည်း ဆန္ဒပြပွဲနှင့် မှားနိုင်သေး၊

သမ္မတကို ကြိုသည့် ဂရပ်ဖီတီလည်း

အဖျက်သမားများလက်ချက်နှင့် မည်းနက်ပျက်စီးသွား

သည်ကြားမှာမှ

အားလုံးကောင်းပါသည်ခင်ဗျားဟု တွန်းပြောကြမည်ကို

စိုးရိမ်သူတွေက စိုးရိမ်

အင်္ဂတေတင်းတိမ်နောက်မှ နိုင်/ကျဉ်းများ ရှိနေသေးကြောင်း

စကားလက်ဆောင် မောင်းထုပေးရန်

တောင်းဆိုသူတွေ တောင်းဆို

အို..အိုဘဲ့ အိုဘားမားငဲ့

တစ်ဖက်နားနှင့် မနာ၊ နှစ်ဖက်နားနှင့် နာပါရန်

ပန်ကြားအပ်ပါကြောင်း။

 

အလယ်ပိုင်းမှာ ငလျင် လှုပ်၊ ရထားတွဲ မှောက်၊ မီးလောင်

အနောက်ပိုင်းမှာ လူစုလူဝေးပဋိပက္ခကနေ လက်နက်ကိုင်ခုခံမှုထိ ဖြစ်လာ

မြောက်ပိုင်းမှာလည်း ကျည်သံရော၊ ဆက်ကြေးသံပါ ဆူဆူညံနေ

သေသူတွေ သေကြ၊ ကြေသူတွေ ကြေကြ

အဆုံးမတော့ နိုင်ငံသားများဘဝကား ဒုံရင်းဒုံရင်း

မြို့ကြီးပြကြီးမှာ အနံကြီးကွင်းကျယ်များက ဖွဲ့စည်းသည့်

သဘာဝဘေးဒဏ်ကြုံရသူများ

ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဆိုသည်မှာလည်း

ဘယ်ချောင်မှာ အိပ်ပျော်နေသည် မသိ

ကပ်ဘေးတစ်ခု ဖြစ်လျှင် တစ်ဖွဲ့ ပေါ်

နောက်တစ်ခုဖြစ်လျှင် ထိုတစ်ဖွဲ့ ပျောက်

နောက်တစ်ဖွဲ့ ရောက်ဆိုသလို

အကူအညီပေးရေးအဖွဲ့အချို့လည်း ခါတော်မီ၊ ပေါက္ခရဝဿ

နိုင်ငံသားများလည်း အားကိုးရာကို

ဂျူတီပြောင်းမျှော်ရမတတ်

မှိုလိုပေါလာသည့်အရာထဲမှာ

ပြဿနာနှင့် ပဋိပက္ခ၊ သဘာဝဘေးနှင့် စစ်ဘေးများသာမက

အန်ဂျီအို၊ စီဘီအိုများလည်း ပါ

မအံ့ဩကြပါနှင့်။

 

နိုင်ငံတကာကလည်း မြန်မာဆိုလျှင်

စီးပွားရေးအတွက် မျက်စပစ်

လူ့အခွင့်အရေးအတွက် မေးခွန်းထုတ်နှင့်

ရေမှုတ်နှင့် မီးစကို နေရာမချနိုင်ကြသေး

ရွှေမြန်မာများကလည်း နိုင်ငံတကာကို

ငွေသာ လာပါ၊ ဒုတ်မယူလာပါနှင့်ဟု ဆိုသယောင်

ဆင်နားရွက်တံခါးဖွင့်ဝါဒဖြင့် ကြိုဆိုကြ

အံ့ဩရပါ၏။

 

လူစုလူဝေး၏ အသိဥာဏ်ပညာအရေးကလည်း

ထောက်ချင့်တွေးစရာ

ဒီမိုကရေစီမှာ အများ၏ဆန္ဒသာ အခရာဟု

ခပ်လွယ်လွယ် နားလည်မှု လွဲလာကြရာ

ထစ်ခနဲဆို လူ စု၊ ဆန္ဒ ပြု တောင်းပွဲတိုက်ပွဲ

ဆင်နွှဲဖို့ အသင့်ပြင်လာကြ

သုတေသနက နတ္ထိ၊ မူဝါဒက မျက်ကန်းသတ္တိ

မီဒီယာကို ဆွဲစေ့နိုင်လျှင် ခိုင်ပြီသာ မှတ်ထုံးဖြင့်

လှုပ်ရှားမှုများ ရှိလာနေလေရာ

လူနည်းစုတရားခံက

တာဝန်ရှောင်ရန်အခွင့်အလမ်းများ ဖောသီလာလေ၏။

အံ့ဩရပါသည်။

 

မည်သို့ပင်ဖြစ်စေ

နိုင်ငံသားများ အန္တရာယ်ကင်းကြပါစေ။

 

ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*