ပူပူနွေးနွေး သက်တမ်းတိုးခွင့်ရသွားသော

အမေရိကန်သမ္မတ၏ ခြောက်နာရီကြာခရီးစဉ်ကား

အောင်မြင်စွာ ပြီးဆုံးသွားလေပြီ။

ပဲ့တင်သံများကား ကျန်ရစ်ဆဲ။

ခရီးမတိုင်မီ နှစ်ပတ်နီးပါးအလိုကပင်

အမေရိကန်လုံခြုံရေးသမားများက

ရန်ကုန်မြေပုံကို အစိမ်းစား

သမ္မတစီးတော်ကားကို မယချလာ

ဟိုတယ်အခန်း ရာချီငှား

သူ့နိုင်ငံသားအခွန်ထမ်းခမျာများအတွက်

သည်ခရီးဘတ်ဂျက် မမေးရက်စရာ။

ရန်ကုန်ဘက်က ပံ့ပိုးမှုများမှာလည်း

နှစ် ၆ဝ မှ တစ်ခါတည်းပေမို့လား မသိ

အမှိုက် မရှိစေရ၊ အဟောင်းဆို ဆေးသုတ်ကြေး

မီးစက်က အရံ၊ မီးသတ်လည်း မကျန်ရာ

ရန်ကုန်သူရန်ကုန်သားများကား

သည်ခရီးမျိုး တစ်လတစ်ခါရှိလျှင်

မြို့တော်ပင် အသွင်ပြောင်းသွားလေမလားဟု တွေးသူတွေး

လမ်းပိတ်၊ ကားကျပ်၊ ရှုပ်ယှက်ခတ်ဟု မြင်သူမြင်ကြ၏။

မအံ့သြကြပါနှင့်။

 

ဒို့သမ္မတကြီးခမျာ အရေးကြီးပုဂ္ဂိုလ်အား ကြိုရန်

ဖနွမ်းပင်မှ အမီပြန်လာခဲ့ရ

တွေ့အပြီး ဖနွမ်းပင်ပြန်ဖို့အရေးမှာလည်း

ကန်သမ္မတက ဘွဲ့နှင်းသဘင်ခန်းမမှသည်

မင်္ဂလာဒုံလေယာဉ်ပြေးလမ်းဆီ တိုက်ရိုက်သွား

တာ့တာများ ပြပြီး ထွက်ခွာ

ဒို့သမ္မတကို လေယာဉ်ကြုံလေးမျှပင် ခေါ်မသွား

အဘကား ခရီးပန်းသော်လည်း

အထုပ်ထမ်းကာ ဖနွမ်းပင်အရောက် ပြေးရပြန်ချေ၏။

ကန်သမ္မတကား ဟိတ်ဟန်မဲ့ ပျူငှာရက်စက်စွာ

လေးစားရင်းနှီးမှုအရာကို ကာယကံမြောက်ပြလေရာ

အမေ့ပါးမှာ သနပ်ခါး ပျက်လေ၏။

အမေက ရှက်ပြုံး၊ သူက ပခုံးဖက်

အတွေးထက်သူများက သူတို့နှစ်ဦးသား၏

အဖမဲ့ အမိလက်ကြီးပြင်းရပုံချင်း တူညီမှုအား

ထောက်ရှုစာနာ ကြည်နူးကြပါသော်လည်း

ရောင်းအားတက်ရေး ဒို့အရေးသမားများက

မအောင့်မအီးနိုင်ရကား

နေ့များကျော်တက် ချက်ချင်းထွက်ကာ

ဈေးကွက်မှာ ဦးအောင်လုံးပန်း

သတင်းနှမ်းဖြူးနှင့် ဓာတ်ပုံနိုင်းချင်း ထည့်ကြ

စာနယ်ဇင်းပါးဝသည်ဟု ဆိုရမည်လား

စောင်ရေငတ်ကြီးကျသည်ဟု မြည်ရလေမလား

မသိနိုင်ပါချေတကား။

အံ့သြရပါသည်။

 

မီဒီယာသမားများ ခြောက်နာရီခရီးနှင့်

ပျားတုပ်နေကြခိုက်

ဂေါ်နိုက်အချို့ကို လွှတ်ပေး

နိုင်ငံတော်ဂိမ်းပလေးကား အကွက်စေ့

နာမည်ကျော်နှမ်းဖြူးနှင့် ရာဇဝတ်သားနိုင်းချင်း

သည်သတင်းကလည်း အကွက်ဆန်းမထွင်

သည်နှယ်ပင် လက်လီစိတ်လျှင်ဖြင့်

နိုင်ငံတကာသမ္မတများ တစ်ပတ်တစ်ခါ

ကြွမြန်းလာမှပင် နိုင်/ကျဉ်းလူကုန် အပြင်ရောက်ပေလိမ့်

မည်သို့ပင်ဖြစ်စေကာမူ

လွတ်လူများအတွက် သာဓုခေါ်ရပါပေသည်။

အံ့ဖွယ်မဟုတ်လေတကား။

 

မည်သို့ပင်ဖြစ်စေ

နိုင်ငံသားများ မည်သည့်အရေးကြီးပုဂ္ဂိုလ်မျှ မလာသော်ငြား

အမှိုက်ကင်းကင်း၊ မီးလင်းလင်းနှင့် နေနိုင်ကြပြီးသကာလ

မီဒီယာလောဘဇောတို့၏ ရန်မှလည်းကောင်း

ကပ်စေးနည်းလွတ်ငြိမ်းချမ်းသာ၏ တွန့်တိုမှုမှလည်းကောင်း

ကင်းဝေးကာ သက်ရှည်ကျန်းမာကြပါစေ။

ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*