အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာပေဆုများ

ကြေညာလိုက်သည်။

ထူးသည်ကား ဈေးကွက်ဝင်အရောင်းရဆုံးစာရေးဆရာများ

ဖန်သားပြင်ပေါ်က စာရင်းမှားအရ ရောင်းရဆုံး စာရေးဆရာများ

စာဖတ်ပရိတ်သတ်များ အားအပေးဆုံး စာရေးဆရာများ

တစ်ရွေးသားပင် ပြည့်အောင် မပါ

မြန်မာပြည်မှာ စာပေလောကနှစ်ခု ရှိနေဘိသည့်အလား

စာရေးသူများရော စာဖတ်သူများပါ ကမ္ဘာနှစ်ခုစီမှာ ဝေးကွာ

မအံ့သြကြပါနှင့်။

အတိတ်က မထိခလုတ် ထိခလုတ်နှင့်

အာဏာရှင်အရှုပ်ထုပ်ကို ဖော်ထုတ်ရေးမှာ

ယဲ့ယဲ့သာ အသံထွက်ခဲ့သူများက

ယခုတော့ ရဲရဲတောက် ဟောပြော

မော မမောနိုင်ကြပေ ပွဲတွေ ဆက်၊ ခွင်တွေ ဆင်၊ ငွေရွှင် ချမ်းမြေ့

ခုမှပင် စာပေအရသာတွေ့လာကြ

အံ့သြရပါ၏။

နိုင်ငံသားအများ အငတ်တရား မခံစားနိုင်သဖြင့်

အုံကြွတောင်းဆို ဒီမိုလှုပ်ရှားမှုကာလအတွင်း

အိမ်နီးချင်းပေါက် ဖော်၏ ကျေးဇူးတော်ကြောင့်

သူရို့မောင်မင်းကြီးသားများ

စားခဲ့ရသော ထမင်းတစ်လုတ်အတွက်

ကျေးဇူးကြွေး ဖဲ့ဆပ်ရန် လိုသည်ဟူ၍

ဝန်မင်းက လူထုအား မိန့်ဆို

အငိုမှ မတိတ်သေးသော နိုင်ငံသားထုလည်း

မပြုံးဘဲနှင့် မျက်ရည်ယိုရမတတ်

ကျေးဇူးရှိဒကာတော်ရေမြေ့ရှင်ဆိုသည်ကလည်း

အရပ်ရှစ်မျက်နှာ ပြေးမလွတ်သယောင်

ဖွတ် ထွက်သည်ထိ

ခြတောင်ပို့ဟု မရိပ်မိကြသေးသည့်သူများ

သင်ခန်းစာကြီးကြီး ယူကြကုန်လော့။

အံ့သြကုန် နိုင်ရပါပေ့။

နိုင်ငံတကာဆက်ဆံရေးမှာ ထာဝရမိတ်ဆွေ/ရန်သူဟု မရှိဘဲ

ထာဝရအကျိုးစီးပွားသာ ရှိဟူသည့် အမြော်အမြင်ဖြင့်

ဦးပိုင်စီမံကိန်းများကို ဆုံးဖြတ်ခဲ့ကြောင်း ဆိုသူကဆိုချိန်မှာ

မြေယာအရေး ဆွေးနွေးပွဲ၌ တစ်ခါက မှားခဲ့ ကြောင်း ၀န်ခံသူက ခံ

မည်သူ မှန်သနည်း ကုလားကြီးနှင့် အရာကြီးဟု မေးရမတတ်၊

သို့သော် မဏ္ဍိုင်ကြီးသုံးရပ်ကို

မျက်တောင်မခတ် စောင့်ကြည့်သူ

မီဒီယာလည်း အမြဲမမှန်နိုင်ဟု ဝေဖန်သူ ရှိလာ

မှန်ပါ၏ သည်တရား

မခံသာလျှင် ကိုယ့်ကိုယ်ကိုသာ

စွဲချက်တင်ဆန္ဒပြကြပေရော့

မအံ့သြကြပါနှင့်။

 

၁၆၉.၅၆ သန်းတဲ့၊ နည်းနည်းနောနော ဂဏန်းလား

ဆင်းရဲသားရပ်ကွက်တစ်ကွက်လျှပ်စစ်မီးအလျှံ ညီးစီမံကိန်းပင်

ဆောင်ရွက်နိုင်လောက်သည့် ငွေကြေး

ဘယ်မှာ သုံးမလဲ မမေးကြပါနှင့်

အိမ်အကူ၊ ထမင်းချက်၊ ဥယျာဉ် လုပ်သား ၄၁၇ ဦးအတွက်တဲ့

ချုပ်ချုပ်ကြီး၊ မချုပ်တချုပ်ကြီးများနှင့်

အဆင့်ဆင့်သော အငြိမ်းစားနိုင်ငံ့ ဂုဏ် ရှောင်ကြီး ၁၈၄ ဦး၏

ဘ၀နေ၀င်ချိန် ဆည်းဆာရောင် တောက်ပြောင်ကာ

ကျောက်ဆောင်ပမာ ကျမ်းခန့်သာစေရေးအလို့ငှာ

အခြေခံဥပဒေ ပုဒ်မ ၇၀ အရ

တရားဝင်ကုန်ကျစရိတ်ပါတကား။

အံ့သြကုန်နိုင်ကြပါလော့။

မည်သို့ပင်ဖြစ်စေ နိုင်ငံသားများအနေဖြင့်

အိမ်အကူ၊ ထမင်းချက်၊ ဥယျာဉ်လုပ်သား ဖြစ်လိုစိတ်များ

ကင်းဝေး နိုင်ကြပါစေ။

 

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*