ခေတ်သစ်သင်ပုန်းကြီး — ဒီဇင်ဘာ ၅၊ ၂ဝ၁၂

တစ်ခေတ်တစ်ခါက သမ္မတလူကြမ်းစကား

ကမ္ဘာကျော်သွားခဲ့ဖူး

စစ်တပ်ဆိုတာ မိုးပေါ်ထောင် မဖောက်ပါတဲ့၊

ခုများလည်း ဖဝါးထပ်ကြပ် ခြေရာထပ်နင်း

စကားတင်းဆိုပုံများ လက်ဖျားခါလောက်ရဲ့

မီးလောင်စေတတ်သော ဗုံးပေါက်ကွဲမှုကို ခံရသည်မှာ

သံဃာထုကို အကာအကွယ်ယူထားသူများ

ဦးစွာရှောင်တိမ်းမှုကြောင့်ဆိုပဲ

သူတို့ ခွဲချင်တာ လူထုရင်ခွင်မှန်း

ဘယ်မျက်ကန်းများက မသိခဲ့ကြပါလိမ့်၊

မဟာတာဝန်အရေးမို့ မေတ္တာမိုးသွန်းလောင်းကာ

ခွင့်လွှတ်ပါမည့်အကြောင်း

အရေပြားအက်ကြောင်းနှင့် သံဃာတော်များက မိန့်ရဦးမတဲ့

ဘောက်မဲ့ ဘဇာကြောင့် သည်နှယ်ရဲရဲတောက်ကြပါလိမ့်

အံ့သြကုန်နိုင်ရပါ၏။

 

မိုးကုန်မှ မှိုလိုပေါလာသည့်အရာများတွင်

စုံစမ်းရေးကော်မရှင်များလည်း ပါ၏။

ပဋိပက္ခတရားခံရှာရန် စုံစမ်းရေး

စီမံကိန်း သင့် မသင့်ဆုံးဖြတ်ရန် စုံစမ်းရေး

အကြမ်းဖက်နှိမ်နင်းရေးတရားခံဖော်ထုတ်ရန် စုံစမ်းရေး

စုံစမ်းစရာများလည်း ကုန် မကုန်နိုင်

တစ်ခေတ်တစ်ခါက တန်ပြန်ထောက်လှမ်းရေးဆိုသည့်နှယ်

စုံစမ်းရေးအဖွဲ့ဝင်များ သင့် မသင့် သုံးသပ်မည့်

စုံစမ်းရေးအတွက် စုံစမ်းရေးအဖွဲ့ဆိုသည်မျိုးများ

မကြာမီမှာ ပေါ်ထွက်လာလေဦးမလား

အတွေးပွားစရာ ထူးကဲလှစွာသော မြန်မာပေပါတကား။

အံ့သြရပါသည်။

 

နောက်ကြောင်းပြန်မည်ကို စိုးရိမ်သူက စိုးရိမ်

မလိမ်တမ်း တွေးကြည့်လျှင်

အခင်းအကျင်းက ရှေ့ရောက်လှချည့်ဟု မဆိုနိုင်သေး

လမ်းဘေးလူဖမ်းပွဲမျိုးလည်း အရှက်တကွဲ လုပ်ကောင်းတုန်း

ဥပဒေဆိုသည်ကလည်း အုပ်ချုပ်သူကို ကာကွယ်ပေးကောင်းတုန်း

တရားစီရင်ရေးမှာလည်း သားရေကွင်းထုံးက နှလုံးမူတုန်း

ကိုယ့်လူဆို မတင်းကျပ်၊ ရန်သူဆို မပျော့ပြောင်း

ကျွန်ကောင်း၊ သပေါက်ကောင်း ဖြစ်ရေးလည်း

တိုင်းတစ်ပါးလူသားနှင့် တွေ့တိုင်း ကြံကောင်းတုန်း

တစ်မြေတည်းနေသူများအချင်းချင်းကြားမှာတော့

မတူတာမှန်သမျှ အကြောင်းပြကာ

သစ္စာဖောက် တံဆိပ်ကပ်ချင်ကြတုန်း

ဘယ်တုန်းက အရှေ့ကို လျှောက်ခဲ့ကြပါလိမ့်

အနောက်ကဖြင့် မပြန်လိုသတဲ့

ယုံနိုင်ကြပါငဲ့

မအံ့သြကြပါနှင့်။

 

အပြင်မှာ ရုတ်ရုတ်သဲသဲဆို

အွန်လိုင်းတွေ ကွန်နက်ရှင်နှေး

သည်ချိန်သားကဖြင့် အချိန်မရွေး ဟန်ချက်ညီဆဲ

ကမ္ဘာလုံးဆိုင်ရာ အညံ့ဆုံးအင်တာနက်ကွန်ရက်ဟု

ချီးမြှောက်သူတွေပင် ရှိလာ

သုံးစွဲခ အရာမှာလည်း ချိန်တာဖြစ်လိုက်၊ ပမာဏဖြစ်လိုက်နှင့်

သုံးစွဲသူကို သွေးတိုးစမ်း၊ အငိုက်ဖမ်းရေး ကြိုးစား

မိုဘိုင်းဖုန်းများလည်း ဈေးမကျ

နိုင်ငံသားများ ရလိုက်သည်က

ဈေးချိုသော ဝန်ဆောင်မှုများ မဟုတ်ဘဲ

ဝန်ကြီးမင်းအသစ်သာ ဖြစ်တော့၏။

မအံ့သြနိုင်ပါတော့အံ့။

 

မည်သို့ပင်ဖြစ်စေ နိုင်ငံသားများအနေဖြင့်

မိုးရွာလျှင် ရေကြီး၊ နွေအခါ မီးလောင်သော သည်နေရာတွင်

ဥပဒေဘောင်အတွင်းမှ ခိုးဆိုးတိုက်ခိုက်ကြ၍

မချစ်နှစ်သက်သူအဖြစ် အသွင်ပြောင်းရသော

ရန်သူမျိုးမင်းအပေါင်းမှ

အခါမလပ် နေရာမရွေး

ကင်းဝေးနိုင်ကြပါစေသောဝ်။

ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*