ခေတ်သစ်သင်ပုန်းကြီး — ဇန်နဝါရီ ၂၊ ၂ဝ၁၃

နှစ်ကတော့ သစ်သွားချေ၏။

အဖြစ်ကတော့ စစ်ဝဲမှာ နစ်ဆဲပါတကား။

နှစ်သစ်ကူးပွဲအဖြစ် ကမ္ဘာ့ကောင်းကင်ယံမှာ

မီးရှူးမီးပန်းတွေ ဖောက်ကာ

ကမ္ဘာသူကမ္ဘာသားများ အပျော်တွေ လျှံနေခိုက်

မြန်မာ့မြောက်ဖျားမှာတော့

ကောင်းကင်ယံစစ်ဆင်ရေး ဆင်နွှဲ

ကြဲလိုက်သည့် ဗုံး၊ ခွဲလိုက်သည့် ဗုံး

အုန်းအုန်းကျွက်ကျွက် လုပ်ရက်ကြပါပေ့၊

တိုင်းရင်းသားများလည်း ဝေခွဲမရ

တောင်ပေါ်က ခိုက်ခိုက်တုန် ကျောချမ်းပွဲမှာ

လူမွဲများက ကျောချင်းကပ် ရင်ငွေ့လှုံကာ

အနွေးဓာတ်ကို ရှာနေကြခိုက်

မြေပြန့်က ကျိကျိတက် ခရိုနီပွဲမှာ

နှစ်ထည်တည်းသော ဆွယ်တာက

သိန်းထောင်ကျော်နှင့် ဈေးတည့်သွားရာ

မည်သူ့ရင်ခွင်ကိုမျှ နွေးခွင့်မကြုံနိုင်လောက်ထင့်

မှန်တံခါးနောက်က လက်ဝါးကပ်တိုင်မှာသာ

အများသူငါ သွားရည်ယိုစရာ ချိတ်ဆွဲလောက်ပေလိမ့်

အနွေးလိုသူ နိုင်ငံသားများ အားကျကုန်ကြပေရော့

အံ့ဩကုန်နိုင်ရပါပေ့။

 

နှစ်သစ်ကူးကြိုဆိုပွဲကလည်း

မီးကျည်မီးပန်းတွေ ပေါက်ကွဲ

သန်းခေါင်ယံစစ်ပွဲပဲ ဖြစ်လာသလား အောက်မေ့ရ

လွတ်လပ်ပြီဆိုကာ

လမ်းမပေါ် ဆေးရိုးလှန်းသူတွေကို သတိရစရာ

ပြည်ပရောက် မနောဖိနပ်တွေက နိုင်ငံတော်အလံကို ချနင်းတော့

မခံမရပ်နိုင်တွေဖြစ်ကြ

မလုပ်သင့်သော လုပ်ရပ်ဆိုသည့်တိုင်

မနောသွေးတွေ ကျည်ခနေချိန်မှာ

အများစု “တို့ဗမာ”က ဘာများ လုပ်ခဲ့ကြပါလိမ့်

အကယ်ဒမီပွဲ၊ ရံပုံငွေပွဲ၊ နှစ်သစ်ကူးပွဲ၊ ပျော်ပွဲရွှင်ပွဲ

ဟိုပွဲသည်ပွဲ ပွဲမဆလာ

ဆင်နွှဲနေခဲ့ကြသည် မဟုတ်ပါလား

နိုင်ငံ့အရေး ကြောင့်ကြတွေးသည်ဆိုသော ပါတီကြီးများကပင်

နှုတ်ဆိတ်နေစိမ့်နေသည်မှာ ထင်ရှားနေ၏။

အံ့ဩရပါသည်။

 

နေ့စဉ်သတင်းစာ နေ့ခင်းအိပ်မက်ကလည်း

မီဒီယာသမားကိုသာမက

ပါတီသမားကိုပင် ကူးစက်

အဆက်မပြတ် ဖြစ်ပျက်နေသည့် သတင်းများကလည်း

သည်အိပ်မက်ကို ဆေးရောင်စုံခြယ်သပေး

ရသအရေးမှာတော့

စာရေးဆရာများ လိုင်းပြောင်းလာကြ

နိုင်ငံရေးဥတုအပြောင်းမှာ

ဖားတစ်ပိုင်း ငါးတစ်ပိုင်း စာဟောဆရာများလည်း

တရစပ် တိုးပွားနေရာ

ကွက်စိပ်ဆရာကောင်းလို အဆိုအငိုအပိုတွေ ဖိဟောနိုင်မှ

ဖိတ်စာပိုင်ပိုင် အခြေခိုင်မတတ်ပေကိုး

နောက်တိုးစာရေးဆရာများကလည်း စင်ပျော်မိုက်ခဲတွေချည်းမို့

သည်ပုံသည်နည်းနှင့် ဆိုလျှင်တော့ နယ်ခံစာချစ်သူများ ဒေဝါလီခံရပေအံ့

မအံ့ဩနိုင်ပါတော့ချေ။

 

ကိုယ့်နယ်သားများကိုယ်တိုင်က ဆုံးဖြတ်သည်ဆိုသော

အကယ်ဒမီအရုပ်များလည်း နယ်တစ်နယ်တည်းမှာ စုဝေးကာ နယ်သားဆုစစ်စစ်ဖြစ်ကြောင်း သက်သေခံမောင်းခတ်

အထပ်ထပ် စိစစ်သည်ဆိုသော

ဆုရွေးချယ်ရေးအဖွဲ့သစ်၏ အစွမ်းကား

ဒေသချစ်စိတ်လွှမ်းလေရော့သလား။

အံ့ဩမိပါသည်။

 

မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်း

မီးသင့်ကျည်ခ နှစ်သစ်ကူးညများမှ

ကင်းဝေးနိုင်ကြပါစေ။

 


ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*