၂ဝ၁၃ ဘိုနှစ်သစ်တော့ ရောက်လာလေပြီ။

မြန်မာနှစ်သစ် မဟုတ်၍ သိကြားမင်းတော့ မဆင်း

သိကြားမင်းများ ဆင်းခဲ့လျှင်

မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်

ကိုင်လာမည်လော မပြောတတ်။

ဖထီးများနှင့် ဖက်လှဲတကင်း

ငြိမ်းချမ်းရေးလမ်းခင်းခိုက်မှာ

ဒူဝါ၊ ဒူကဘာများနှင့် စစ်ပွဲသတင်းက

မလွှဲမရှောင်သာ ဖော်ပြနေကြရဆဲပါတကား။

ကြားပွဲစားတွေက ပြောင်းမသွားသည့်တိုင်

ငြိမ်းချမ်းရေးဈေးက တစ်ပြေးညီမရှိချေပါတကား။

ပြည်တော်ပြန်များလည်း

နယ်စပ်မှာ သေနတ်ဆွဲ၊ ပြည်တွင်းထဲ ချိုးရုပ်ဆင်

ဘယ်ခွင်မှ အလွတ်မပေးကြ

လုပ်လိုက်ရသည့် သတင်းစာရှင်းလင်းပွဲ

မီဒီယာများလည်း မျက်စိလည်

စာဖတ်သူတွေလည်း အူကြောင်ကြောင်ဖြစ်

ပြည်သူ့ဝန်ဆောင်မှုသတင်းစာမှာ အေးချမ်းသာယာသလောက်

ပုဂ္ဂလိကသတင်းဂျာနယ်တွေမှာ ဆူဆူပူပူ ပေါက်ကွဲ

ဆန့်ကျင်ဘက်တွေထဲမှာ အသားကျ

သင်္ကြန်စာ မဖတ်ရပါဘဲနှင့်

မီးစနှင့် ရေမှုတ်ကို တစ်မဟုတ် မြင်ယောင်လာကြ

အံ့သြရပါသည်။

 

ကြားပွဲစားဆိုဆို၊ ဖျန်ဖြေစေ့စပ်သူပြောပြော

ညှိနှိုင်းဆောင်ရွက်သူခေါ်ခေါ်

သည်ရာထူးတော်အတွက်လည်း

လက်ကမ်းခေါ်မည့်ရက်ကို စောင့်သူက စောင့်နေဆဲ။

အနောက်ဖျားကိစ္စတုန်းကလည်း

အလားတူဆင်ခြေဖြင့် ဆင်ဝှေ့ရန်ရှောင်ခဲ့ရာ

စောင့်ကြည့်သူအချို့မှာ အားမလို အားမရ

လက်ပံတောင်းတောင်အရေးမှာကျ အခေါ်မစောင့်

တိုင်းရင်းသားအရေးမှာဖြင့် အတော်အောင့်နေနိုင်သည်မှာ

မည်သည့်အမှောင့်ပယောဂကြောင့်လေလဲ

မသဲမကွဲ ဖြစ်လာလေလျှင်

သည်ခွင်တွေ ကြိုမြင်သည့် တစ်ဖက်သားကတော့

ထိုဝေဖန်ရေးဂယက်များ ပေါ်ထွက်လေလေ

ငတို့အဖို့ တွက်သားကိုက်လေဟု

ကြိတ်ကြိုက်နေလေမလား မသိ။

နိုင်ငံရေးအရ အကောင်းဆုံးဆွေးနွေးရန် နေရာမှာ

လွှတ်တော်သာ ဖြစ် ဆိုသည့် အပြောကို လိုက်နာရင်း

လွှတ်တော်ထဲက ထိုင်စောင့်နေလျှင်ဖြင့်

အရပ်သားများခမျာ

ပရိယာယ် ကြွယ်လှစွာသော နိုင်ငံရေးကျားကွက်မှာ

ကျည်မပါ ဆုမပါ

မဲတစ်ပြားသာ ကိုင်ပြီး ရင်ဆိုင်နေကြရသည်မို့

အဘရော အမေပါ မငဲ့ကြပါလျှင်

အမေလေး၊ အဘလေး အော်ကာ

သောင်ပြင်မှာ ဗုံးခိုကျင်းတူး၍သာ

ခိုလှုံရရှာတော့အံ့

အံ့သြကုန်နိုင်ကြပါပေ့။

 

မည်သို့ပင်ဖြစ်စေ

ဒေါင်းလုလင်ကြီးများလည်း အိပ်တန်းပြန်ရော

ကျည်သံ ဗုံးသံ ပွက်ပွက်ညံပါလေရောဟု

သတိပြုမိသည့်တိုင်

ဖြစ်သမျှ နိုင်ငံသားမဏ္ဍိုင်အရေးကို

မနှေး ဖြေရှင်းရန် ကြိုးစားရှာသည့်

ဒေါင်းညီနောင်များအား ကျေးဇူးစကား ဆိုရပါသည်

ဒေါင်းအပေါင်း ဘေးကင်းကြပါစေသတည်း။  ။

ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*