ခေတ်သစ်သင်ပုန်းကြီး — ဇန်နဝါရီ ၁၆၊ ၂ဝ၁၃

ခေတ်တွေ ဘယ်လိုပြောင်းပြောင်း

စနစ်တွေ ဘယ်လိုပြောင်းပြောင်း

နိုင်ငံပိုင် သတင်းမောင်းခတ်ပုံကဖြင့် ဘယ်မပြောင်း

အကောင်းဆို ဖော်ပြ၊ အဆိုးဆို ပယ်ချ

စုံစမ်းရေးကော်မရှင်က တွေ့ရှိချက်တဲ့

ဘယ့်နှယ်မှ မနေ၊ ဘာအသစ်မှ မသိရ

နိုင်ငံသားများအတွက် သိချင်ဖွယ်ရာများအနက်

မလိုအပ်သည်များကို ဖော်ပြကာ

လိုအပ်သည်များကို ချန်လှပ်ထားသော အစီရင်ခံစာ ဖြစ်နေ

ကော်မရှင်မှာ လူတွေ ဘယ်လိုပြောင်းပြောင်း

ခေတ်ဟောင်းဓာတ်ပြားလေသံကဖြင့် ဘယ်မပြောင်း

နိုင်ငံတော်အဆင့် ဖြစ်သွားလျှင်

အားလုံး ကောင်းပါသည်ခင်ဗျား တေးသွားကလွဲပြီး

ဆိုညည်းစရာ ဗလာနတ္ထိ

အံ့ဩရပါ၏။

 

ခရိုနီ ခရိုပြာကိစ္စကလည်း လူပြောများ

ရေများ ရေနိုင်၊ ငွေများ ငွေနိုင်

မယိုင်မလဲသော လမ်းရိုးဟောင်းကြီးကို

ဘောင်းဘီဝတ်တွေတုန်းကလည်း လျှောက်မဝ

ဒေါင်းတီတွတ်တွေထိလည်း လျှောက်နေကြ။

ဆင်ခြေချင်းကသာ မတူနိုင်

မြွေမြွေချင်းတွေ မြင်နိုင်တာကတော့

သံတူကြောင်းကွဲ ဒါနများသာ ဖြစ်။

နိဗ္ဗာန်ရောက်ကြောင်း ဖြစ်မဖြစ်ကား မသိနိုင်

မီဒီယာမှာ ပုံပါကြောင်းကတော့ ကျိန်းသေ

ကျောမွဲတွေမှာဖြင့် ချွေးနှဲစာလေးကို အမျှဝေ

သို့ပေသော်လည်း ဘယ်မီဒီယာမှာမှ ပုံမပါရ

ကိုယ်မျှနိုင်သည်က လက်မှတ်ခ တစ်သောင်း

စပွန်ဆာလောင်းသည့်ရေက သိန်းထောင်ချီ

အခန့်မသင့်လျှင် မုဒိတာမပွားနိုင်ပြီလောဟု

ငေါက်ငမ်းပြောဆိုခံရနိုင်သေး၏။

မအံ့ဩကြပါနှင့်။

 

ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များအကြောင်းလည်း

လက်သီးသံ၊ လက်မောင်းသံများ စွက်ကာ ကြားရ

ရှေ့နေမင်း ကယ်ခါမှ ထောင်ကျ

ဗိုလ်ကြီးတို့ လာမှ ကျွန်မတို့ရွာကလေးလည်း ပြာကျဆိုသကဲ့သို့

မောင်မင်းကြီးသားများ အကျိုးဆောင်ကာမှ

ကျည်သံ၊ ဗုံးသံ၊ လက်သီးသံ မြိုင်သထက်မြိုင်လာ

အံ့ဩရပါ၏။

 

အခြေခံဥပဒေခုံရုံးအရေးမှာလည်း

လွှတ်တော်နှင့် သမ္မတ လွန်ဆွဲကြ

တပ်ကိုယ်စားလှယ်က သမ္မတကို ထောက်ခံ

ကျန်ကိုယ်စားလှယ်တွေလည်း ဤ ကို ကျွဲ ဖတ်

အနော်တို့ရပ်ကွက်ထဲမှာ သည်လိုပဲရှိဟု ဆိုရမတတ်

လွှတ်တော်ကိုယ်စားလှယ်များကလည်း လွှတ်လည်ကြ၏။

အံ့ဩရပါသည်။

 

မီဒီယာအရေးမှာလည်း စိတ်လေးစရာ

ပြည်ပနာမည်ကျော်သတင်းဌာနက ကျင့်ဝတ်ဖောက်ပြန်။

ပြည်တွင်းမီဒီယာနှင့် ဝန်ကြီးဌာန တရားတပေါင်အရေးမှာ

ဇာတ်ထုပ်အကုန်မပေါ်ခင် ပျားရည်နှင့် ဝမ်းချ

ကျေအေးကြ၊ တောင်းပန်ကြ

စာဖတ်ပရိသတ်ကို နားလှည့်ပါးရိုက်လုပ်ကြ။

မီဒီယာဥပဒေကြမ်းဆိုသည်ကလည်း ပြူတစ်ပြူတစ်အဆင့် ဖြစ်နေ

အံ့ဩကုန်နိုင်ရပါ၏။

 

မည်သို့ပင်ဖြစ်စေ နိုင်ငံသားများ

နားလှည့်ပါးရိုက်ခံရခြင်းဘေးမှ ကင်းဝေးကြပါစေ။

ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*