ခေတ်သစ်သင်ပုန်းကြီး — ဇန်နဝါရီ ၂၃၊ ၂ဝ၁၃

ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား။

ထိုအတွေးများ ထုတ်ဖော်မှုဖြင့်

အွန်လိုင်းအသုံးပြုသူအား ရှုံ့ချရန် အရေးကြီး အဆိုတင်သွင်း

ကန့်ကွက်မဲများဖြင့် ဗျင်းလိုက်ကြရာ

အွန်လိုင်းကလူများ ရယ်ပွဲဖွဲ့စရာဖြစ်။

ခုံရုံးအလှည့်မှာဖြင့် လူကို နှံလို့ မဝသေး

ဥပဒေမူကြမ်းအရေးမှာလည်း သမ္မတကို ကလန်

လွှတ်တော်က လက်သံပြောင်ပြ

သူ့ထိလေကာမှ မခံရေးချ မခံ

သည်နှယ်ဆက်နှံလျှင်ဖြင့်

နိုင်ငံသားများအတွက် အကြံခက်သည်မှာ

ပြဿနာဖြစ်လာလျှင်

မည်သူကများ အဆုံးအဖြတ် ပေးနိုင်မှာပါလိမ့်။

တရားရုံးကို တိုင်မလား

လွှတ်တော်ကို တိုင်မလား

ထွေအုပ်ကို တိုင်မလား

သမ္မတကို တိုင်မလား

ပါတီတွေကိုပဲ တိုင်မလား

အက်တစ်ဗစ်ခေါ် လှုပ်ရှားသူတွေကို တိုင်မလား

အန်ဂျီအို၊ စီဘီအိုကို တိုင်မလား

အွန်လိုင်းနှင့် ဖေ့စ်ဘွတ်ခ်က မျက်နှာဖုံးစွပ်တွေကိုပဲ တိုင်မလား

အဖေတွေ အမေတွေ များလှချည့်

ကျေးဇူးရှင်တွေ ပေါလှချည့်

နိုင်ငံသားများ၏ အထက်တွင်မတော့

ဥပဒေအပါအဝင် အရာရာရှိနေသည့်အလား

အံ့များပင် ဩရပါ၏။

 

ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးနှင့်

မရပ်မနား ပြောပေးနေသည့်ကြားမှာ

တိုက်ပွဲသတင်းက မလွှဲမရှောင်သာ ဖော်ပြနေရသေး

သည်ကြားထဲမှာ ကာကွယ်ရေးဘတ်ဂျက်က

နိုင်ငံတော် အသုံးစားရိတ်၏ ၂ဝ%တဲ့။

လက်နက်ကြီးကျည်တစ်တောင့် သိန်းလေးဆယ် ဆိုတော့လည်း

သည်လောက်တော့ရှိပေမပေါ့။

ကျွေးရမည့် ပါးစပ်ပေါက်ကိုက

တပ်ပြေးမပါဘဲနှင့်

မြို့နယ်တစ်ခုစာမက ဖောင်းပွ

လက်နက်ပါ ဆင်ရမည်ဆိုလျှင်

သိန်းပေါင်းတစ်သန်းကျော်ဟူသည်မှာ

ရဲဘော်မိသားစုအားလုံး ဝမ်းဝရန်ပင် မလွယ်ဟူသတတ်။

သည်အရပ်မှာဖြင့် သည်ဇာတ်က ဆုံးနိုင်ပါရိုးလား

လက်နက်ကိုင်လခစားအတွက် ဘတ်ဂျက်

မြေဖြူကိုင်၊ နားကြပ်ကိုင်လခစားအတွက် ဘတ်ဂျက်

၃၄ ဌာနလခစားများအတွက် ဘတ်ဂျက်

ထိုဘတ်ဂျက်များကို လျာထားဆုံးဖြတ်မည့်

ခေါင်းပေါင်း၊ ပုဝါများအတွက်ကကော

လခလည်း စား၊ နေ့တွက်လည်း ဝါးမို့

နှစ်သီးစားဘတ်ဂျက်က တစ်နှစ်မှာ ရှစ်လဆိုရာ

လခမစားဘဲ အခွန်ပဏာများ ဆက်သနေရှာသည့်

နိုင်ငံသားသာမန်များလည်း

လျာထားဘတ်ဂျက်များ မည်သည့်ဌာနမှာ တိုးတိုး

သူတို့ကိုယ်ကျိုးဖြင့် မများနိုင်ကြောင်း

ကောင်းကောင်းကြီး သိနေကြရကား

ရင် မအေး၊ စိတ် မချမ်း

ဘယ်မှာလဲ ငြိမ်းချမ်းရေးဟဲ့ဟု ဆိုညည်းချင်လာကြ

အံ့ဩရပါ၏။

 

မည်သို့ပင်ဖြစ်စေ နိုင်ငံသားများအားလုံး

ဥပဒေအထက်မှ လူတကာအား

ရှိသမျှ သိမ်းကြုံးကာ ကျေးဇူးရှင်တော်ရခြင်းနှင့်

အဘ၊ အမေ ခေါ်ရခြင်း ဒုကအပေါင်းမှ

မြန်မကြာနှင့် ထာဝရ

လွတ်မြောက်နိုင်ကြပါစေသောဝ်။ ။

ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*