ငြိမ်းချမ်းရေးအတွက် လူတန်းစား အသီးသီးက တောင်းဆို

အလွန်ကို အံ့စရာကား

လွှတ်တော်လိုနေရာမှာ အကြံပေးပုံက

စစ်ရပ်စဲရန် စစ်ဖြင့် နှံပါအံ့တဲ့

သည်တစ်ခါတော့ သမ္မတအဆိုကိုပင်

မနာခံလိုခဲ့သည့် တပ်ကလည်း

အတိအကျ လိုက်နာ

ရှိသမျှ လက်နက်တကာဖြင့် တိုက်လေတော့၏။

တစ်ဖက်လက်နက်ကိုင်ကလည်း

သူ့ကို စချသဖြင့် သူက ပြန်ချရပါသည်ဟု ဖြေ

ဌာနချုပ်ကို ဝိုင်းနေသဖြင့်

တိုက်စေဟု အမိန့်ပေးကြ

သူ ရှုံးမှ ကိုယ် နိုင်၊ ကိုယ် ရှုံးမှ သူ နိုင်ဟုသာ

ညီမျှခြင်းပြုကြလျှင်ဖြင့်

မြေစာပင်လူထုလည်း ဖွတ်ဖွတ်ညက်ညက်ကြေ

သေသမျှ ကျသမျှ နိုင်ငံသားတွေချည်းပေမို့

နိုင်လို့လည်း ဖြေမဆည်

ရှုံးလို့လည်း မပြေလည်

သည်နှယ်သာ ဆက်လျှင်ဖြင့်

မုဆိုးမဦးရေ တိုးပွား၊ ဒုက္ခိတဦးရေ ပေါများ

မိဘမဲ့ဦးရေ အရမ်းများပေမပေါ့

ဆင်ခြင်ကြပေရော့ အရပ်ကတို့။

ငြိမ်းချမ်းရေးအကျိုးဆောင်ကြီးများလည်း

စကားဝိုင်းထဲက ငြိမ်းချမ်းရေးဝေါဟာရကို

မြေပြင်၊ ဝေဟင် လက်တွေ့ဘဝထဲ ရောက်အောင်

ဆောင်နိုင်ရန် အားထုတ်ကြပါအံ့၊

မအံ့ဩနိုင်ပါတော့၏။

 

စီတန်းလှည့်လည်မှုအရေးမှာလည်း

လှည့်လည်ခွင့်ပေးသည့် ဥပဒေကို ပြဋ္ဌာန်းပြီးကာမှ

၂/၈၈ မစီတန်းမလှည့်လည်ရအမိန့်ကို ဖျက်သိမ်း

သို့သော် နည်းဥပဒေပုဒ်မ ၁၈ ကို ကျူးလွန်ဟုဆိုကာ

အရေးယူမှုတွေကလည်း မပြီးနိုင်သေး

၁၉၆၂ ပုံနှိပ်ဥပဒေကို ဖျက်သိမ်းမှု မရှိဘဲ

စာပေစိစစ်ရေးကို ပယ်ဖျက်

မီဒီယာဥပဒေလည်း မပေါ်ထွက်သေးသလိုဖြစ်

ဘဇာအရေးကြောင့် သည်နှယ်ရှုပ်ထွေးနေရပါ့

ဆန့်ကျင်ဘက်အနက်ဆောင်မည့် ဥပဒေသစ်များ

အတည်ပြုပြဋ္ဌာန်းခြင်း မပြုမီ

နဂိုမူလ ဥပဒေဟောင်းများကို ပယ်ဖျက်ရေး

ဘဇာကြောင့် နှောင့်နှေးရပါလိမ့်

သည်နှယ်သာ ခရီးဆက်လျှင်

ဥပဒေ ပယ်ဖျက်ရေးနှင့် အသစ်ပြုရေးစီမံကိန်းကား

ရှေ့တိုး၊ နောက်ဆုတ် ဇစ်ဇက်အလုပ် ဖြစ်နေပေါ့

အံ့ဩရပါ၏။

 

စာပေပွဲများလည်း ခေတ်စားလာကြ

တစ်ကိုယ်တော်၊ နှစ်ကိုယ်တော်ပွဲများဖြင့်

တစ်ဖက်သတ်ဟောပြောပွဲများ အောင်မြင်ကြ

တရားဝင်ဆဲခွင့်၊ ဆိုခွင့်၊ ညည်းခွင့်၊ ငိုခွင့်ကို

စင်မြင့်ထက်မှာ ကျင့်သုံးကြ

စာပေပွဲတော်ဟုဆိုကာ စာအုပ်ရောင်းပွဲတွေလည်း ခေတ်စား

စာဖတ်ပရိသတ်များကလည်း

တစ်ခါက ဘုရားတရားကို အားပေး

အခုတော့ နိုင်ငံရေးစာပေကို အားပေး

တစ်သက်လုံး တကုပ်ကုပ် ရေးကြသည့် ရသသမားများခမျာ

လူဝတ်မှ ရဟန်းဝတ်လဲရန် ကြံဆဲမှာ

ထောင်ထဲ ရောက်ရန် ကြံရမလိုဖြစ်လာပြန်ရ

အံ့စရာ့ပရိသတ် ဖြစ်ပေ၏။

 

မည်သို့ပင်ဖြစ်စေ နိုင်ငံသားများအနေဖြင့်

ငြိမ်းချမ်းရေးအတွက် မဆန့်ကျင်သောအဆိုများကို

နာကြားခံစားခွင့်ရကြပါစေသတည်း။       ။

ပြောင်းဖူးရိုး

ဆက်စပ်သတင်းများ

ခေတ်သစ်သင်ပုန်းကြီး (၃၄)

ဖေဖော်ဝါရီ ၂၈၊ ၂ဝ၁၃

ခေတ်သစ်သင်ပုန်းကြီး (၃၃)

ဖေဖော်ဝါရီ ၂ဝ၊ ၂ဝ၁၃

ခေတ်သစ် သင်ပုန်းကြီး (၃၂)

ဖေဖော်ဝါရီ ၁၃၊ ၂ဝ၁၃

ခေတ်သစ် သင်ပုန်ကြီး (၃၁)

ဖေဖော်ဝါရီ ၆၊ ၂ဝ၁၃

ခေတ်သစ်သင်ပုန်းကြီး (၂၉)

ဇန်နဝါရီ ၂၃၊ ၂ဝ၁၃

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*