ခေတ်သစ်သင်ပုန်းကြီး — ဖေဖော်ဝါရီ ၂ဝ၊ ၂ဝ၁၃

တိုင်းရင်းသားများ စည်းလုံးညီညွတ်မှ

လွတ်လပ်ရေး ပေးမည်ဆိုသကဲ့သို့

တိုင်းရင်းသားများ မထောက်ခံလျှင်

နောင် ၃ နှစ်တွင် နိုင်ခြေမမြင်သည့်အလား

နသားပါယားဖြင့် သင်တိုင်း စွပ်သူ စွပ်

ချည်စောင် ပတ်သူ ပတ်

တရစပ် အားထုတ်ကာ

တိုင်းရင်းသားအရေးကို မျှော်တွေးပါကြောင်း

သက်သေပြသူက ပြနေချိန်မှာ

မိမိကိုယ်ကို အထင်ကြီးရာမရောက်အောင်

ဖိတ်စာနှင့် ခေါ်မှ ငြိမ်းချမ်းရေးတမန်တော်ဖြစ်လိုဟု ဆိုသူဆို

တာဝန်သိနိုင်ငံသားတိုင်းအတွက်

ငြိမ်းချမ်းရေးကိစ္စဟူသည်

ဖိတ်စာမလို တာဝန်သိစိတ်သာလိုဟု တုံ့ပြန်သူပြန်

လှိုင်းလေတွေ ထန်လှချည့်

သည်ကြားမှာ နိုင်ငံသားများကတော့

၂ဝ၁၅ အသာထား

၅ဝဝဝ တန်ဖုန်းအား မျှော်တော်မူကြ

တစ်နပ်လျှော့စားပြီး အာဟာရသိဒ္ဓိပြီးနိုင်လျှင် ကောင်းပေလိမ့်

မနိပ်သည့် ဘဝများမှာဖြင့်

အီကြာကွေး စားရမည်ပင်

ဓာတုဆေးဝါးဘေးကို ကြောက်နေရ

အံ့သြရပါ၏။

 

ဝန်ကြီးဌာနအချို့လည်း ဝန်ကြီးအပြောင်းအလဲကြောင့်

ကင်ပိန်းသစ်များ ပေါ်ထွက်

ဆိုရှယ်လစ်ခေတ်ကတည်းက အလုပ်မဖြစ်သည့်

မျှတသောအားထုတ်မှုဟု အနက်ဆောင်သော

မီးခြစ်နှင့် ရေနံဆီ တွဲရောင်းသည့်ဌာနကလည်း

တိုင်းပြည်အကျိုးဆောင်နေကြောင်း

မီဒီယာအားကောင်းစွာ ဗျိုးတက်ဟစ်

လူလစ်သည့် ကျေးရွာများမှာတော့

ဝန်ကြီးဌာနပိုင်ဘဏ်၏အဖြစ်မှာ

ဝန်ကြီးနှင့် သူ၏ ပါတီပိုင်ဘဏ် ဖြစ်နေ

အံ့သြကုန်နိုင်ပါပေတော့။

 

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌလည်း

လူချစ်လူခင်ပေါမှုဖြင့်

အပေါ်ထပ်ကို ကန်ပစ်ခံရရာမှ ဝန်ကြီးဖြစ်သွား

သူ့နေရာလစ်လပ်မှုအား ရွေးချယ်ပွဲကလည်း

မဲဖြင့် မထည့်ရသေးခင်မှာ

တစ်ညပင် ကြိုကာ ဥက္ကဋ္ဌသစ်ဧည့်ခံပွဲကို ကြေညာ

နာရီဝက်အတွင်းမှာပင်

မဲပေး၊ အတည်ပြု၊ ကျန်းသစ္စာကျိန်ဆိုမှုတွေ ဖြစ်

ရွေးကောက်ပွဲသနစ်ကား

မဆလ၊ နဝတ၊ နအဖ ခေတ်များ၏ ထုံးကို

နှလုံးမူ ထိန်းသိမ်းထားဆဲဖြစ်နေ၏။

ထို့ပြင် အံ့စရာ အဆင်တွေ တူနေပုံကား

အသစ်အသစ်သော ဝန်ကြီးများနှင့်တကွ

ဌာနဆိုင်ရာ အကြီးအကဲများမှာလည်း

ဘောင်းဘီချွတ်များချည်း ဖြစ်လာ

လွှတ်တော်မှာ တစ်မတ်သားဖြင့် အားမရနိုင်ဘဲ

အုပ်ချုပ်ရေးမဏ္ဍိုင်က သုံးမတ်သားကို အားဖြည့်

သည်နှယ်သာ ရွေ့ကြလျှင်

ဆားမပါဘဲ သူ့ချည်းသာကဲသည့်

နိုင်ငံတော်ပင် ဖြစ်နိုင်သေး

အံ့သြရပါသည်။

 

မည်သို့ပင်ဖြစ်စေ နိုင်ငံသားများလည်း

မျက်စေ့နှစ်လုံး ဖွင့်ကာ

အန္တရာယ် မရှိသော အီကြာကွေး စားသည်မှ အစပြု၍

ထူးမခြားနား သတင်းကြည့်ကာ

ခေါင်းချအိပ်ပျော်ချိန်ထိ ကိုယ်စိတ်အေးချမ်းနိုင်ကြပါစေ။  ။

ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*