ဆောင်းအကုန် နွေအကူးပေမို့

ဂန္ထဝင်မထူးဇာတ်အတိုင်း

အချိန်ပိုင်းလျှပ်စစ်အဖြေက စောင့်နေ

၁ဝ တန်းတွေ စာမေးပွဲပြီးလျှင်

မီးပြတ်တောက်မှုများ စခန်းသစ်ပေလိမ့်

သည်အဖြစ်ကို ကြိုသိနေသော်လည်း

အဆွေတော်အိမ်နီးချင်းကို

အချစ်ပို အားဖြည့်ပေးကာ

မီးလင်းရေး ကူမတဲ့

အံ့ဩရပါ၏။

 

ပြည်သူ့ဝန်ဆောင်မှုဟု မည်မျှပင် အော်နေငြား

ပြည်သူကြား အုံးအုံးကျွက်ကျွက်သတင်းများ မပါရှိဘဲ

ကြော်ငြာမျက်နှာပြည့်၊ မျက်နှာဝက် ထည့်

ဝါဒဖြန့်ဆောင်းပါး စွက်ကာ

ပြောင်းရှာသည့် ဝန်ကြီးဟောင်းသတင်းလည်း

မဖြစ်မနေ ပါပါစေဆိုရမတတ်

ဒို့အရပ်က နေ့စဉ်သတင်းစာပေါ့

သည်ကြားမှာ အသစ်ပေါ်မည်က ပုဂ္ဂလိကရှစ်စောင်

နောင်ပေါ်လာမည့် သတင်းစာများအတွက်

စောင့်ကြိုနေသည်က ပုံနှိပ်ဥပဒေသစ်

ရီးတီးရားတားဖြစ်ဟု ထင်လျှင်

လိုင်စင်ပြုတ်၊ ဒဏ်ငွေဆောင်၊ ထောင်ဒဏ်လည်း မကင်း

အမျှော်အမြင်က ရှင်းလှချည့်

အနောက်ကြည့် အရှေ့လှမ်း

တမင်းရည်ပူစည်းက လက်တစ်ကမ်းအကွာ

အံ့ဩရပါသည်။

 

အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများ တိုးပွားချိန်တွင်

အမျိုးသားများသာ ကြီးစိုးသော လက်နက်ကိုင်အဖွဲ့တွင်လည်း

မိန်းမများကို နေရာပေး၊ ဩဇာခံမှုများက

သိသာထင်ရှားဆဲပါတကား

အမေ ပြီးလျှင် အဘလည်း ပြီးကာ

အမေ တင်းလျှင် အဘလည်း ငြင်းသည့်

မိန်းမဦးစားပေးဝါဒ ထွန်းကားနေသည်မှာ

တွေးဆပါလျှင် ရယ်ချင်ဖွယ်ဖြစ်

ဒို့နိုင်ငံအဖြစ်ကား ဂျန်ဒါမှာပင်

အာဏာရှင်ဂျန်ဒါနှင့် အာဏာမဲ့ဂျန်ဒါ

လှုပ်ရှားမှုချင်းဖြင့် မတူပါလေ

အံ့ဩရပေ၏။

 

ရပ်ကျေးမြို့နယ်အဆင့်မှာ ရဲခေါ်ပြီး ဖျန်ဖြေယူရသော

ပါတီဝင်အချို့ ရှိနေသည့် နိုင်ငံရေးပါတီကြီးလည်း

နိုင်ငံလုံးဆိုင်ရာညီလာခံကြီးအား ဝှဲချီးကျင်းပလေတော့မည်

နိုင်ငံသားများလည်း အသည်းတထိတ်ထိတ် စောင့်လေပေတော့

လူထုကိုယ်စားပြုမည့် လူထုကိုယ်စားလှယ်စစ်စစ်များ

ချောမွေ့ညင်သာစွာ ရွေးချယ်ခံရလေမည်လော

အချင်းချင်း ဝေဖန်မှ ဒီမိုကရေစီဆိုကာ

အသေကြံ အကြေတိုက်ကာ နေရာလုကြလေမည်လော

သို့လောသို့လော တွေးစရာများသော်လည်း

ဥက္ကဋ္ဌနေရာကား ပြိုင်ဘက်ရှိပုံ မရ

အမေကတော့ အမေပါပဲ အမေရယ်ဟုသာ

ဆိုရမည်မှာ အသေချာ

မရွေးခင်မှာပင် အဖြေထွက်

နောက်ဆက်တွဲ ခေါင်းဆောင်များအတွက်သာ ပူကြအံ့

အံ့ဩမနေကြပါနှင့်တော့။

 

မည်သို့ပင်ဖြစ်စေ နိုင်ငံသားများအားလုံး

မီးမှန်မှန်ရကြသည်ဖြစ်ကာ

လွတ်လပ်သောသတင်းများကို

ဘက်လိုက်မှုကင်းကင်း ဖတ်ကြရ၍

နောင်ဂျိန်ခေါင်းဆောင်များဘေးမှ

ကင်းဝေးကြပါစေသတည်း။  ။

 

ပြောင်းဖူးရိုး

ဆက်စပ်သတင်းများ

ခေတ်သစ်သင်ပုန်းကြီး (၃၄)

ဖေဖော်ဝါရီ ၂၈၊ ၂ဝ၁၃

ခေတ်သစ်သင်ပုန်းကြီး (၃၃)

ဖေဖော်ဝါရီ ၂ဝ၊ ၂ဝ၁၃

ခေတ်သစ် သင်ပုန်းကြီး (၃၂)

ဖေဖော်ဝါရီ ၁၃၊ ၂ဝ၁၃

ခေတ်သစ် သင်ပုန်ကြီး (၃၁)

ဖေဖော်ဝါရီ ၆၊ ၂ဝ၁၃

ခေတ်သစ်သင်ပုန်းကြီး (၂၉)

ဇန်နဝါရီ ၂၃၊ ၂ဝ၁၃

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*