ခေတ်သစ်သင်ပုန်းကြီး — မတ် ၁၃၊ ၂ဝ၁၃

ပြေလည်မှာ ကြောက်တော်မူသည်ဟု ထင်ချင်စရာ

နှစ်ဦးနှစ်ဖက်သားများက

မြောက်ဖျားက ပေါက်ဖော်မြေပေါ်

အကျိုးဆောင်များ အားကိုးနှင့်

ငြိမ်းချမ်းရေးလမ်းအတူ ဖောက်

လက်ဘက်ရည်အတူ သောက်ကြပုံများကား

ကျက်သရေအတိပါပေ့

သည်နှစ်ဖက် တွေ့သည့်အခါ

မျက်နှာချင်းမှ ဆိုင်နိုင်ပါရိုးလားဟု

တွေးထင်စရာ အတိတ်ကို

သည်ပုံတွေ သက်သေဖြင့်

ပြည်ဖုံးကား ချနိုင်လေလျှင်

အဟောဝတ ကောင်းလေစွပါတကား။

မအံ့ဩချင်ပါတော့အံ့။

 

ဒေါင်းညီလာခံကြီး ကျင်းပပြီးစီးလေပြီ

ဒေါင်းမေမေလည်း အဟောင်းအခြေအနေကို

ဗဟိုဦးစီးဆန်ခဲ့ဟု ပွင့်လင်းစွာ ဝန်ခံ

ဒေါင်းကိုယ်စားလှယ်များလည်း

ခွပ်သူတွေ ခွပ်ကြ၊ ဝပ်သူတွေ ဝပ်ကြ

ဘေးလူတချို့ကတော့

အချင်းချင်း ဖြေရှင်းနေရသည်နှင့်

အချိန်ကုန်နေပုံကို ကြည့်ကာ

ခွပ်ဒေါင်းဘဝကနေ ဝပ်ဒေါင်းဘဝ ပြောင်းလေပြီလားဟု

မေးခွန်းလည်း ပေါ်ထွက်

စီအီးစီအသစ်တွေမှာ မျိုးဆက်ဟောင်းက များများ

မျိုးဆက်သစ်က နှမ်းအလား

ငါးဆယ်မှ မကျော်လျှင် ဗဟိုကော်မတီဝင်ဖြစ်ရေးမှာ

မရေ မ၊ သဝေထိုးသရေ သေ၊ ခကွေးယပင့်ရေးချ ချာ

မသေချာသည့်နှယ်

လူငယ်များအတွက် အလုပ်အမှုဆောင်နေရာကား သေချာ

သို့ပါသော်လည်း

ပါတီ၏ ပြည်သူ့ရေးရာပေါ်လစီများအရေး

ဆွေးနွေးငြင်းခုန်သံ မကြားရ

ညီလာခံဟူသည် မူကို ငြင်းချိန်မရလိုက်ဘဲ

လူကို ငြင်းနေရသည်နှင့်

ရက်စေ့ အချိန်ကုန်သည့် သဘောပေတည့်

အံ့ဩရပါသည်။

 

နိုင်ငံခြားဆရာဝန်ဆိုကာ စိနဗိန္ဓောဆရာများ

ခေတ်မီဆေးခန်းများ ဖွင့်ကာ ရိုက်စား

ကြော်ငြာအားကြောင့် လူလာသတဲ့

ငွေမက်ဂျာနယ်များက ကြော်ငြာခရပြီးရော

ထည့်လွှတ်သည့် ထိုဗိန္ဓောဆေးခန်းကြော်ငြာများကြောင့်

လူလိမ်ခံလိုက်ရသည့် လူနာများ ပေါ်ထွက်

တောမှာ အပ်ပုန်းနှင့် ရမ်းကု

မြို့မှာ အသပြာသမားတော်နှင့် တိုင်းခြားဗိန္ဓောလူလိမ်

သည်အတိုင်းသာဆိုလျှင် နိုင်ငံသားများအဖို့

ကျန်းမာရေးမျှော်မှန်းချက်ဟူသည်

အခမဲ့ဆေးခန်းနှင့် နာရေးလမ်းကြောင်းသာ ဖြစ်ချိမ့်

မအံ့ဩနိုင်ပါတော့။

 

အနုပညာလောကမှာလည်း နောင်ဂျိန်ပွဲတွေ ခေတ်စားလာ

မြန်မာ့ရိုးရာကို ထိန်းသိမ်းသည့်အနေဖြင့်

အစည်းအရုံးများ၊ အဖွဲ့များ၊ သမဂ္ဂများ

တစ်ယောက်ကို တစ်ယောက် အပြစ်တင်၊ ဆွဲချ

ပုတ်ခတ်၊ တိုက်ခိုက်ကြပြန်သည်

အံ့ဩရပါ၏။

 

မည်သို့ပင်ဖြစ်စေ နိုင်ငံသားများလည်း

အမှန်စင်စစ် ငြိမ်းချမ်းရေးခရီးမှာ

အချင်းချင်း ပြစ်တင်ရန်တိုက်ခြင်းဘေးမှလည်း

ကင်းဝေးကာ ကိုယ်စိတ်အေးချမ်းနိုင်ကြပါစေ။  ။

 

 

ပြောင်းဖူးရိုး

ဆက်စပ်သတင်းများ

ခေတ်သစ်သင်ပုန်းကြီး (၃၄)

ဖေဖော်ဝါရီ ၂၈၊ ၂ဝ၁၃

ခေတ်သစ်သင်ပုန်းကြီး (၃၃)

ဖေဖော်ဝါရီ ၂ဝ၊ ၂ဝ၁၃

ခေတ်သစ် သင်ပုန်းကြီး (၃၂)

ဖေဖော်ဝါရီ ၁၃၊ ၂ဝ၁၃

ခေတ်သစ် သင်ပုန်ကြီး (၃၁)

ဖေဖော်ဝါရီ ၆၊ ၂ဝ၁၃

ခေတ်သစ်သင်ပုန်းကြီး (၂၉)

ဇန်နဝါရီ ၂၃၊ ၂ဝ၁၃

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*