ပြည်ပ မဟာဗျူဟာ လေ့လာရေးအဖွဲ့က

မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင်

နိုင်ငံရေးပြောင်းလဲမှုက သွက်သလောက်

စီးပွားရေးပြောင်းလဲမှုက အိုင်နေသေးကြောင်း ထောက်ပြ၏။

မြန်မာ့စီးပွားရေးက အိုင်သလောက်

ခရိုနီစီးပွားရေးက သွက်နေသေးကြောင်း ထောက်ပြမသွားကြချေ။

မအံ့ဩတော့ပါ။

 

ပညာရပ်ဆိုင်ရာကျင့်ဝတ်ရှင် (Professionalist)များ ဖြစ်ကြရေး

သတိပေးသံများ ထွက်ပေါ်လာ၏။

ကမ္ဘာမှာ စီးပွားရေးသမားကြီးများပင်

ကိုယ့်ပညာရပ်နှင့်ကိုယ် စည်းမလွန်ကြ။

ဘဏ်လုပ်ငန်းရှင်က ဝိုင် မချက်

ဆောက်လုပ်ရေးသမားတစ်ဦးက ဖက်ရှင်ဆိုင်မထောင်၊

မြန်မာမှာမူ သနပ်စုံပညာရှင်များ

ခေတ်စားနေကြသည်။

လူရွှင်တော်က စီစဉ်ညွှန်ကြားသူ၊ စုံစမ်းစစ်ဆေးရေးသမား

လက်နက်ပွဲစားက ဘဏ်ထောင်၊ မီဒီယာ ကိုင်

အအေးဒိုင်က ဓာတ်ဆီဆိုင် ထောင်

ဈေးချောင်ပီအိပ်ခ်ျဒီက လယ်သိမ်းပြန်ရောင်း

ခွင်ကောင်းသမျှ သူရို့ချည်းသာဘုရားများ

လက်ဝါးကြီးအုပ် ကိုင်ကြဆဲ

တတ်လည်း တတ်နိုင်ကြပါပေ့။

 

လွှတ်တော်မှာ ကိုယ်စားလှယ်တွေက

အခြေခံဥပဒေပြင်ရေးလမ်းဖြင့်

ပြည်ထောင်စုအဆင့်ကို မလျှောက်လိုဘဲ

စွပ်စွဲပြစ်တင်ရေးလမ်းကို ရွေးလိုကြခိုက်

မိခင်တပ်ရင်း ပါတီတွင်း၌

လူရွေးချယ်ရေးမူအား မကြိုက်ဟုဆိုကာ

စွပ်စွဲဆန္ဒပြကြခြင်းဖြင့် ခြေရာနင်းလာကြ၏။

လွှတ်တော်အရေးနှင့် အောက်ခြေအရေးအားလုံး

စေ့စပ်ညှိနှိုင်းအဖြေရှာရေးယဉ်ကျေးမှုကို အသုံးမချနိုင်ကြသေး၊

ဒီမိုကရေစီရေးနှင့် စွပ်စွဲဆန္ဒပြရေးကို ရောထွေးနေကြဆဲ၊

အနာဂတ်ကို ထိုသူများလက်ထဲတွင် အပ်ရလတ္တံ့၊

တတ်လည်း တတ်နိုင်ကြပါပေ့။

 

မုတ်သုန်က ကောင်း၊ ဆည်ချောင်းက ပိတ်၊

ရေမြောင်းက လျှံ၊ ဆန်စပါးအရေး စိတ်မအေးစရာ

သည်ချိန်ခါတွင် သူရဲကောင်းဒကာတော်များက

နိုင်ငံတော်အရံဆန်စပါးကို ပေးသနားရောင်းချတော်မူမည်ဟု

မောင်းခတ်ပြီးနောက်

တာဝန်ရှိသူ လူကြီးမင်းနှစ်ပါးကပင် လေလံဆွဲကာ

လုပ်ပိုင်ခွင့်များ ရသွားကြပြန်သည်။

တတ်လည်း တတ်နိုင်ကြပါပေ့။

 

လူတိုင်း ကားစီးနိုင်ပြီဟု ကြော်ငြာလာကြ၏။

အသစ်ဝင်လာသော မော်တော်ယာဉ်စုစုပေါင်း၏ တန်ဖိုးမှာ

ဒေါ်လာသန်းတစ်ထောင့်ခြောက်ရာ ဟူသတတ်။

သည်ငွေနှင့်ဆိုလျှင် မော်တော်ကားဆိုင်ရာ စီမံကိန်းတစ်ခုခု

ဆောင်ရွက်နိုင်မည်ဟု သိရသည်။

မြန်မာမှာတော့ အဖေတစ်စီး၊ သားတစ်စီး စီမံကိန်း ဖြစ်နေ၏။

လက်လုပ်လက်စားများကား

မထသကို အင်တိုက်အားတိုက် မျှော်ကြတုန်း မျှော်ကြဆဲ။

စီးပွားရေးသမားများကား

အိမ်ရှိလူကုန် ကားတစ်စီးနှုန်းဖြင့် မော်ကြတုန်း မော်ကြဆဲ။

တတ်လည်း တတ်နိုင်ကြပါပေ့။

 

မည်သို့ပင်ဖြစ်စေ

နိုင်ငံသားများ ဘေးကင်းကြပါစေ။

ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)

  1. လက်လုပ်လက်စားများကား အလုပ်သွားရာ အချိန်ပိုပေးလာ ရ ပါတယ် ။။

Leave a Reply to ကိုသန့် Cancel reply

Your email address will not be published. Required fields are marked *

*