ခေတ်သစ်သင်ပုန်းကြီး — မတ် ၂ဝ၊ ၂ဝ၁၃

လက်ပံတောင်း အစီရင်ခံစာဂယက်ကလည်း

ပွက်ပွက်ဆူ ကြွက်ကြွက်ရိုက်

ပွဲလန့်တုန်း ဖျာခင်းလိုသူတစ်စုက

မိုက်ဂိုက်နှင့် ဆန့်ကျင်မြှောက်ပေးဟု ဆိုသူဆိုကြ

စီမံကိန်းရပ်ရေး၊ ပုဒ်မ ၁၄၄ ဆန့်ကျင်ရေး

မီးလောင်ဗုံးကိစ္စ ဖြေရှင်းရေး ထိုသုံးချက်

အစီအစဉ်အတိုင်း ဖြစ်ပစေဟု ညွှန်ကြားချက်လည်း ကြားရ

ထိပ်တိုက်ရင်ဆိုင်လာသည့် ကိုယ်စားပြုသူများမှာလည်း

အစီရင်ခံစာကိုသော်မျှ မဖတ်ပါဘဲ

မျက်စိမှိတ် ငြင်းဆန်ရန်မူကြ

ပညာသည်အချို့ကမူ အစီရင်ခံစာမှာ

ပညာရပ်ဆိုင်ရာ အချက်အလက်တွေ

ကြပ်ညပ်ကာ ဝေဆာသော်လည်း

ထိရောက်သော အကြံပြုချက်များ အားနည်း

မီးခိုးဗုံးဖြင့် ပစ်သော်လည်း

လောင်စာရှိနေသဖြင့် မီးလောင်ခဲ့ရဟု ပြောကာ

ထိခိုက်နစ်နာသူတွေအရေးကို

အနာကျက်ရုံ ဆေးကုပေးကာ ဆေးရုံက ဆင်းပြီးဟူသည့်

ခေါက်ရိုးကျိုးပေတံဖြင့် တိုင်းပုံအား မကြေလည်

နောက်ဆက်တွဲဆိုးကျိုးများကို တာဝန်ယူခိုင်းခြင်း မရှိ

လတ်တလော အပြုအမူအတွက်

တာဝန်ရှိသူအား ဖော်ထုတ်ပေးခြင်း မရှိ

တာဝန်ယူခိုင်းခြင်းလည်း မရှိ၊ မရှိ၊ မရှိ၊ မရှိ

မရှိတွေများသည့် အစီရင်ခံစာတွင်

အံ့ဖွယ်မရှိမှုမှာ

ဒေါ်လာသန်းပေါင်းများစွာ တန်ပြီး

နှစ်ပေါင်းများစွာ လုပ်နေသော ထိုစီမံကိန်း၌

စွန့်ပစ်ပစ္စည်း အန္တရာယ်ကြီးသည့် အက်ဆစ်စက်ရုံကား

စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူထားခြင်း မရှိတဲ့

ပိုင်လိုက်ပုံကား အံ့ဖွယ်သုတ

အခမဲ့ဆေးခန်းလိုဌာနမျိုးပင်

ခွင့်ပြုချက်မရှိလျှင် ထောင်စော်နံချိန်၌

ဒေသခံတို့၏ ကျန်းမာရေးအား ခြိမ်းခြောက်လာနိုင်သည့်

ထိုစီးပွားဖြစ်အက်ဆစ်စက်ရုံမှာ

မည်သည့်ခွင့်ပြုချက်မျှ မယူထားဘဲ

အောင်လံလွှင့် ရမ်း(run)နိုင်ဆဲဆိုသည်မှာ

ဘဇာ့ကြောင့် ဘယ်နှယ် တွေးမနေပါနှင့်တော့

မအံ့ဩနိုင်ပါတော့အံ့။

 

ရာသက်ပန်ကျောင်းသားခေါင်းဆောင် မဖြစ်နိုင်သဖြင့်

နိုင်ငံရေးပါတီအရေး စတင်တွေးလာကြ

ရွေးချယ်စရာ များလျှင်

မဲထွေပြားနိုင်ဟု တွေးပူသူက ပူ

ညွန့်ပေါင်းဖြစ်လေလေ အာဏာရှင်မပေါ်နိုင်လေလေဟု

သဘောတူစိတ်အေးသူ အေး

မြန်မာ့အရေးကို နှစ်အစိတ်မျှ ဘဝပေးခဲ့ကြသူများပေမို့

သည်ခရီးကို သည်နှယ် လျှောက်သင့်သည်မှာ ကြာခဲ့ပေါ့ဟု

မျှတစွာ ထောက်ခံသူက ခံ

အသံတွေ မြိုင်လာကြ

မအံ့ဩကြပါနှင့်။

 

ခံစားခဲ့ရသူများက စစ်အစိုးရလက်ထက်

ရက်စက်မှုသရဖူအကြောင်းကို

မနေ့တစ်နေ့ကလို ခံစားနေကြရဆဲ

သားစဉ်မျိုးဆက် အကျိုးဆက်ဒုက္ခများ ဝေနေကြရဆဲတွင်

စစ်ခုံရုံးအမိန့်များ ပြန်လည်သုံးသပ်ရေး အမေးကို

နှစ်ပေါင်းများစွာက စီရင်စစ်ဆေးခဲ့သဖြင့်ဟုဆိုကာ

ယခုအခါမှာ ပြန်သုံးသပ်ရန် အကြောင်းမရှိဟု တုံ့ပြန်

နောက်ကြောင်းမပြန်ထုံးဟူသည်မှာ

သည်နှယ် တာဝန်မဲ့တတ်ခြင်းပေလော

မအံ့ဩနိုင်ပါတော့အံ့။

 

မည်သို့ပင်ဖြစ်စေ နိုင်ငံသားများ

နောက်ထပ် အနိုင်ကျင့် မခံကြရပါစေသား။  ။

 

ပြောင်းဖူးရိုး

ဆက်စပ်သတင်းများ

ခေတ်သစ်သင်ပုန်းကြီး (၃၄)

ဖေဖော်ဝါရီ ၂၈၊ ၂ဝ၁၃

ခေတ်သစ်သင်ပုန်းကြီး (၃၃)

ဖေဖော်ဝါရီ ၂ဝ၊ ၂ဝ၁၃

ခေတ်သစ် သင်ပုန်းကြီး (၃၂)

ဖေဖော်ဝါရီ ၁၃၊ ၂ဝ၁၃

ခေတ်သစ် သင်ပုန်ကြီး (၃၁)

ဖေဖော်ဝါရီ ၆၊ ၂ဝ၁၃

ခေတ်သစ်သင်ပုန်းကြီး (၂၉)

ဇန်နဝါရီ ၂၃၊ ၂ဝ၁၃

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*