ခေတ်သစ်သင်ပုန်းကြီး — မတ် ၂၈၊ ၂ဝ၁၃

မြန်မာ့ပြုပြင်ပြောင်းလဲရေးကြီးကား အနှစ် ၂ဝ စီမံကိန်းအတိုင်း

ရှေ့သို့ ဦးတည်နေရာ ခြေလှမ်းပင် ကျဲနေဟု ဆိုကြ

လတ်တလောကိစ္စမှာလည်း အခင်းအကျင်းက ဆန်းပြား

အနောက်တံခါး ပြဿနာပြီးကတည်းက

လူမျိုးရေးအဖွဲ့သစ်နှင့် ဘာသာရေးအဖွဲ့သစ်များကား

မြေပေါ်မှာလည်း ပေါ်၊ အွန်လိုင်းမှာလည်း ပေါက်

လွန်ခဲ့သည့်နှစ်လလောက်ကတည်းက

လူမျိုး၊ဘာသာ ခွဲခြားနှိပ်ကွပ်ရေးတွေ

ဟောကြပြောကြ၊ ရေးကြရှယ်ကြ၊

နားထောင်ကြ၊ နားယောင်ကြ

မည်သည်ကို ဦးတည်နေကြဟု ရေးတေးတေး ရိပ်မိချင်စရာ

မနေ့တစ်နေ့ကမူ အခါတစ်ပါးမှာ နွားကွဲပါသဖြင့်

ကျားကိုက်ရပါကြောင်း ရိုက်ကူးတင်ဆက်သည့်

“အဖေနှင့်သားများ”ကို အနှစ် ၂ဝ ကျော်အတွင်း မပြစဖူး ပြန်ပြ

နောက်နှစ်ရက်လည်း ကြာရော

မိတ္ထီလာလည်း နွားကွဲရော ဖြစ်

သည်လောက်နှင့်လည်း အကြမ်းဖက်စက်ဝန်းက အလည်မရပ်

အကြောက်တရားကို လက်သပ်မွေး ပြုစုပျိုးထောင်

မင်္ဂလာတောင်ညွန့်မှာလိုလို မန္တလေးမှာလိုလို

မီးလောင်သလိုလို ဆိုင်ဖျက်လုသလိုလို

သွေးမပြိုပြိုအောင် ကောလာဟလမှိုင်းတိုက်

အငိုက်မိမီဒီယာများကလည်း ကြားသမျှ ရေး

သူ့ထက်ငါဦးရေးကို ဦးတည်

အတင်းဦးလိုသူ လူပုဂ္ဂိုလ်များကလည်း

တွေ့သမျှ ရှယ်တစ်ဖုံ၊ (ဖုန်း)ဆက်တစ်မျိုး

မရိုးအောင် အခမဲ့ဝါဒလိုက်ဖြန့်ပေး

မူရင်းသွေးထိုးလှုံ့ဆော်သူများပင် အားမစိုက်လိုက်ရထင့်

တစ်ပြည်လုံးဖြစ်အင့်အဖုံဖုံအား

၈၈ မှာ ကံကုန်သည့် တစ္ဆေများ မြင်လျှင်

သင်ခန်းစာလေးမှ မယူတတ်ကြလေခြင်းဟု

ကိုယ်ချင်းစာသနားကြပေလိမ့်

အံ့သြရပါ၏။

 

မီဒီယာလောကမှာလည်း ပုံနှိပ်/ထုတ်ဝေဥပဒေကြမ်းကို

ကန့်ကွက်ကြ၊ ထောက်ခံကြကာ အခြေအတင်ဖြစ်ခိုက်

စာနယ်ဇင်းသမား၊ စာပေသမားများခမျာ

ကိုယ့်လွတ်လပ်မှုကို ကာကွယ်ပေးမည့်

မီဒီယာဥပဒေကို ကိုယ့်ဘာသာရေးကြရန် အားထုတ်ခိုက်

ဥပဒေကြမ်းကို အတည်ပြုရန် ပေးပို့ပြီးဖြစ်သဖြင့်

နောင်အလျဉ်းသင့်သည့်အခါ ကြိုက်သလိုသာ ပြင်ပေရော့ဟု

မှတ်သားလောက်သည့် အဖြေဖြင့် ပွဲသိမ်းလိုက်လေသည်

ပေရှည်လေဦးရော့ လွတ်လပ်သည့် မီဒီယာလော(ူတေ)

အမောခံ ပြောလျှင်ပင် ဥပဒေပြင်ရေးအတွက်

မဲလုံလောက်မည် မသေချာ

သေချာသည်မှာကား သူ့သဘောချည်းပါဘုရာ့

စိတ်စေတနာဆား မပါရေးချမပါတည့်

အံ့သြရပါသည်။

 

လူလူချင်းဆက်ဆံရေးမှာလည်း

အင်္ဂါရုပ်က မသဲကွဲလျှင် လူမျိုး၊ ဘာသာ သေချာသိစေရန်

မိတ်ဆက်ခိုက်မှာ နာမည်ကဒ်အစား မှတ်ပုံတင်များ ပြရမတတ်

အနယ်နယ်အရပ်ရပ်မှာ ဇာတ်သရုပ်တွေ ခွဲလိုလာကြ

လူသားအချင်းချင်း ပခုံးချင်းယှဉ်လျှောက်မိလျှင်ပင်

ဆွေခုနစ်ဆက်မျိုးခုနစ်ဆက်မကျန် အရှက်ရစေရန်

ဖေ့စ်ဘုခ်တင် ရှုံ့ချပေအံ့ဟု ခြိမ်းခြောက်လို ခြောက်

တစ်ခါက ကြောက်ခဲ့ရသည့် ထောက်လှမ်းရေးတွေများ

မျက်နှာစာအုပ်ပေါ် လည်ပြန်ကြီးစိုးရောက်ရှိလာဘိအလား

အံ့သြရပါ၏။

 

မည်သို့ပင်ဖြစ်စေ နိုင်ငံသားများအားလုံး

နုံအသည့်ဘဝကို မဝသည့်အလား

ကောလာဟလ၏ အလှည့်စားကို

မခံကြရပါစေသား။  ။                     

 

ပြောင်းဖူးရိုး

ဆက်စပ်သတင်းများ

ခေတ်သစ်သင်ပုန်းကြီး (၃၄)

ဖေဖော်ဝါရီ ၂၈၊ ၂ဝ၁၃

ခေတ်သစ်သင်ပုန်းကြီး (၃၃)

ဖေဖော်ဝါရီ ၂ဝ၊ ၂ဝ၁၃

ခေတ်သစ် သင်ပုန်းကြီး (၃၂)

ဖေဖော်ဝါရီ ၁၃၊ ၂ဝ၁၃

ခေတ်သစ် သင်ပုန်ကြီး (၃၁)

ဖေဖော်ဝါရီ ၆၊ ၂ဝ၁၃

ခေတ်သစ်သင်ပုန်းကြီး (၂၉)

ဇန်နဝါရီ ၂၃၊ ၂ဝ၁၃

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*