ရင်ခုန်စရာ သတင်းများကြောင့်

ရန်ကုန်မှ လူအများ ချောက်ချားခဲ့ကြ၏။

သူ ရန်စနိုး၊ ကိုယ် ရန်စနိုး

စနိုးစနောင့် ထင်ခဲ့ကြသော်လည်း

အချိန်လင့်သည်အထိ

ကြီးကြီးမားမား ပြဿနာ မဖြစ်ခဲ့ချေ။

နိုင်ငံသားအပေါင်းအား

ကျေးဇူးတင်ပါ၏။

 

မီဒီယာလောကကား အံ့ဖွယ်ကောင်း၏။

ယခင်အပတ်က ရခိုင်ပြည်နယ်သတင်းအား

ပြည်တွင်းမီဒီယာများ ခေါင်းစားချိန်တွင်

ပြည်ပမီဒီယာတို့က တော်ရိလျော်ရိဖြင့်

တင်းတိမ်ပြ၏။

ယခုအပတ် ကမ္ဘာကျော်မိန့်ခွန်းအား

ပြည်ပရုပ်သံမီဒီယာတို့က

တိုက်ရိုက်ထုတ်လွှင့်မှုများဖြင့်

အပြိုင်အဆိုင် ခေါင်းကြီးလေသောအခါ

ပြည်တွင်းရုပ်သံမီဒီယာများက

ဥပေက္ခာပြုခြင်းဖြင့်

အဆုံးတိုင် တင်းတိမ်လိုက်ကြသည်။

အံ့ဩရပါ၏။

 

ပြည်တွင်းမှာ ရသစာပေဖွံ့ဖြိုးရေးအတွက်

ရသမရေးသော စာရေးဆရာ၊ ကဗျာဆရာများ ဦးဆောင်သည့်

အသင်းအပင်းများ အပြိုင်အဆိုင်၊ အလျှိုအလျှို

ဖွဲ့စည်းတည်ထောင်ကြသည်။

အံ့ဩရပါ၏။

အိမ်နီးချင်းပေါက်ဖော်က ကဗျာရွတ်ဆိုပြိုင်ပွဲအတွက်

နိုင်ငံရေးမဆန်ဘဲ သဒ္ဒါရေးထုံးမှန်သည့် ကဗျာများအား

ဖိတ်ခေါ်၏။

မြန်မာ့ရသစာပေအရေး

ရတက်မအေးရပါချေ။

 

လွှတ်တော်အစည်းအဝေးများ ပြန်လည်ကျင်းပတော့မည်။

ခေါင်းပေါင်းသစ်၊ ပဝါသစ်များ၏

အသံကို ကြားလိုကြသည်။

အစွမ်းကို မြင်လိုကြသည်။

ခေါင်းတွဲကြီးက အသံကျယ်သလောက်

ကိုယ်တွဲများက အသံဝင်နေသည်။

ပွဲဦးထွက်မို့ မျှော်ကြ၏။

မှန်းချက်နှင့် နှမ်းထွက် ကိုက်ပါစေ။

 

ပွဲများလည်း ခေတ်စားနေသည်။

ဆန္ဒထုတ်ဖော်ပွဲ၊ အထိမ်းအမှတ်ပွဲ၊

နှစ်ပတ်လည်ပွဲ၊ အမှတ်တရပွဲ။

ပွဲစီစဉ်သူ လူတန်းစားသစ် ပေါ်ပေါက်နေသည်။

ယခုအခါ

အတိတ်မှာ မကျင်းပခဲ့ရသော ပွဲများ

အပြိုင်အဆိုင် ပြုလုပ်လာကြ၏။

တံဆိပ်အကပ်ခံလိုကြသူများနှင့်

တံဆိပ်ကပ်လိုသူများအကြား

အပေးအယူ တည့်နေ၏။

မာရသွန်ပြေးပွဲတွင် တာထွက်ခဲ့စဉ်က

အတွန်းအတိုက်ခံခဲ့ရသည်များအား

စားမြုံ့ပြန်နေရုံဖြင့်

ပန်းတိုင် မရောက်နိုင်၊ တာဝန်မကျေနိုင်ဟု

မင်းကိုနိုင်က ဆိုသည်။

ဥာဏ်ကြီးပါပေ့။ ဩဘာပေးလိုက်ရပါသည်။

 

မည်သို့ပင်ဖြစ်စေ

နိုင်ငံသားများ ငြိမ်းချမ်းကြပါစေ။  ။

ပြောင်းဖူးရိုး

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*