ခေတ်သစ်သင်ပုန်းကြီး — ဖေဖော်ဝါရီ ၆၊ ၂ဝ၁၃

တို့ပြည်ကြီးလည်း ရွှေဉာဏ်တော် စူးရှသူများ ပေါများ

သူကြီးအကြွေး ရွာသားများ ဆပ်ပေးရန်

ဝိကာလဘောဇနာ မခံပါဘဲ

ထမင်းတစ်နပ် အငတ်ခံရေးတဲ့။

ဘဏ္ဍာတော် အကုန်ခံကာ

ဝယ်ထားသော တိုက်လေယာဉ်များ အသုံးတည့်ရန်

ပါဏာတိပါတာပင် မြောက်စေတော့

တိုက်ပေရော့ အပြုတ်နှံရေးတဲ့။

မှတ်သားလောက်ပါသည်။

ပေါင်မုန့် မစားနိုင်၊ ကိတ်မုန့် စား

သေနတ်ဆိုသည် မိုးပေါ်ထောင်မပစ်၊ တည့်တည့်သာ ပစ်

လျှပ်စစ်မီး မရှိ၊ ဖယောင်းတိုင် ထွန်း

ရွှေလက်နှင့် ခေါ်တုန်း မလာလျှင် ဘူးလက်တ်နှင့် ခေါ်မည်

စသည် စသည့် ရှေ့ဆောင်ဥသဘများ လမ်းပြထားသကဲ့သို့

ဖဝါးခြေရာ ထပ်ချပ်မခွာ လိုက်နိုင်ကြလေသည်။

တတ်လည်း တတ်နိုင်ကြပါပေ့

အံ့သြကုန်နိုင်ပါတော့၏။

 

မြောက်ပိုင်းအရေးမှာတော့

စိနက ကြိမ်စကြာကြောင့်သာ

ပူးတွဲထုတ်ပြန်ချက်ဟူ၍ ထွက်ပေါ်လာ

ကျေးဇူးကြီးပါပေ့ ပေါက်ဖော်များ

အံ့သြရပါ၏။

 

တို့ပြည်တို့ရွာ ပြောင်းရွှေ့အခြေချတွေ ခေတ်စားနေပြန်ရာ

အနောက်ဖျားမှာ လူနှစ်စု အတူမနေနိုင်လို့ ပြောင်း

မြောက်ဖျားမှာ လူတစ်စု အပူဝေလို့ ပြောင်း

မြေလတ်သားများ ငါ့ဝမ်းပူဆာ မနေသာလို့ ပြောင်း

အောက်သားများ စီမံကိန်းသစ်ကြောင့် ပြောင်း

တပြောင်းတည်း ပြောင်းလာကြ

လူတွေ ပြောင်းသည်ကို အားကျသည်ထင့်

တိရစ္ဆာန်များကိုလည်း နှစ်ရာချီနေရာဟောင်းမှ

မကြာမီ ပြောင်းမည်ဟု သတင်းထွက်

လက်စသတ်တော့ မြန်မာ့အပြောင်းအလဲဟူသည်

လူမကြင်း မျောက်မကျန် တစ်ပြေးညီ ခံစားနိုင်ခွင့်ပေကိုး

ခွဲခြားနှိမ်ချ မရှိလေသည့် ပြောင်းလဲရေးမူပါတကား

အံ့သြလောက်ပါ၏။

 

စာပေဟောပြောပွဲများလည်း ခေတ်စားလာ

နာမည်ကျော်အချို့လည်း စာပေပွဲနှင့် ဖျော်ဖြေပွဲ ရောထွေး

သီချင်းလေး ဆိုလိုက်၊ စောင်းမြောင်း ငိုလိုက်

တည့်တည့် ဆဲလိုက်၊ ဖဲ့ဖဲ့ မဲလိုက်

ဦးတည်ရာကား နောက်ပွဲဖိတ်စာ များရေး

ဒေသခံစီစဉ်သူအများစုကလည်း

ပွဲစည်လျှင် ပြီးစတမ်း၊ ဖြီးရမ်းနေလည်း မသိကျိုးကျွံ

လက်ခုပ်သံ များလျှင်ပင် ပွဲအောင်မြင်သည် ထင်ကြ

ပရိသတ်က ဒုံရင်းပင်

ပွဲပြီးလျှင် မီးသေဆိုသည့်အတိုင်း

စာတွေ ဖတ်မည့်အစား

မြေးရော ဖိုးဖွားမကျန် စိတ်အယားပြေ ဟားရန်

ခွေငှားနားထောင်မပေါ့ဟုသာ တွေးလာကြ

စာချစ်သူဟူသည် စာမဖတ်သော စာဟောနာကြားသူဟု ဆိုရမတတ် အသွင်ပြောင်းလာကြ

နိုင်ငံတကာစာပေပွဲ ဆိုသည်ကလည်း

အပြင်က စာရေးသူကို အမောက်တင်

အတွင်းက စာရေးသူကို အမြီးနေရာထား

ဆယ်လီဘရီတီအားကို စုပုံမျှော်ကိုး

ငါ့လှေငါထိုး ပဲခူးရောက် စီစဉ်မှုကြောင့်

အမြီးနှင့် အမောက် မတည့်တော့မတတ်ဖြစ်

မြန်မာ့စာပေလောကသနစ်ကား စိတ်မအေးစရာပါတကား။

အံ့သြရပါ၏။

 

မည်သို့ပင်ဖြစ်စေ နိုင်ငံသားများ အေးချမ်းကြပါစေ။  ။

ပြောင်းဖူးရိုး

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*