ကျန်းမာရေး သတင်း ပြည်တွင်းသတင်း — နေပြည်တော်၊ ဇန်နဝါရီ ၁၀၊ ၂၀၁၇

ကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာန အောက်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ ဆေးဝါး ဓာတု ဓာတ်ခွဲခန်းသည် ဆေးဝါးအတုများ၊ စံချိန် မမီ ဆေးဝါးများကို မှန်ကန်စွာ ဖော်ထုတ်နိုင်ပြီ ဖြစ်ကြောင်း ၎င်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။

နိုင်ငံတကာ အသိအမှတ်ပြု ISO 17025 Accreditation ကို ၂၀၁၆ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ရရှိခဲ့သဖြင့် ယင်းသို့ စစ်ဆေး ဖော်ထုတ်နိုင်တော့မည် ဖြစ်ကြောင်း နေပြည် တော်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ ဆေးဝါးဓာတု ဓာတ်ခွဲခန်းတွင် ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက ပြုလုပ်သည့် ISO/ IEC 17025 : 2005 ရရှိမှုအတွက် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။

“၂၀၁၅ ခုနှစ်က စပြီး ရန်ကုန်နဲ့ နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ ဆေးဝါး ဓာတု ဓာတ်ခွဲခန်းတို့ကို နိုင်ငံတကာ အသိအမှတ်ပြု ISO 17025 Accreditation ရရှိရန် GIZ, UNIDO အဖွဲ့ အစည်းများရဲ့ အကူအညီ ရယူပြီး စတင်ကြိုးပမ်း ခဲ့ပါတယ်၊ အမေရိကန်မှ ANAB (American National Accreditation Body) လက် အောက်ရှိ ANSI – ASQ National Accreditation Board ကနေ ၂၀၁၆ ဒီဇင်ဘာ ၁၃ ရက်နေ့ မှာ ရရှိခဲ့ပြီး သူတို့ ရဲ့ official website မှာ ကြေညာခဲ့ပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံ FDA ရဲ့ ဓာတ်ခွဲခန်း အဖြေတွေကို နိုင်ငံတကာက ယုံကြည် လက်ခံမှာ ဖြစ်ပြီး ဆေးဝါးအတုများ၊ စံချိန် မမီ ဆေးဝါးများကို မှန်ကန်စွာ ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အောက်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနသည် ပြည်သူများ ဘေးကင်း လုံခြုံ ပြီး အရည်အသွေး ပြည့်မီသော အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ ဆေးပစ္စည်းများ သုံးစွဲနိုင်ရန် အတွက် တာဝန်ယူ ထမ်းဆောင် နေရသည့် ဌာန ဖြစ်ကြောင်း သိရသည်။ ၎င်း ဌာန လက်အောက်ရှိ ဓာတ်ခွဲခန်းများကို ၂၀၁၄ ခုနှစ်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်ကြီးဇေယျာလမ်း သို့ ပြောင်းရွှေ့ ပြီး နောက်ပိုင်း ဓာတ်ခွဲခန်းများကို အဆင့်မြှင့်တင် ပြုပြင်ခဲ့ပြီး နိုင်ငံတကာ အဆင့် မီစေရန်နှင့် နိုင်ငံတကာက အသိအမှတ် ပြုသည့် ဓာတ်ခွဲအဖြေများ ရရှိရန် စတင်ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ ဓာတ်ခွဲ ကျွမ်းကျင် အတတ် ပညာရှင်များအား ဖိတ်ခေါ်၍ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ USP(PQM), USAID, UNOPS, GIZ, UNIDO နှင့် WHO တို့ ထံမှ အထောက်အပံ့ အကူအညီများ ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် မတ်လမှ စ၍ Project Agreement ပြုလုပ်ခဲ့ပြီး ထို Agreement အရ USP(PQM) က ဓာတ်ခွဲခန်း ဆိုင်ရာ ကျွမ်းကျင်သူများ ၁၅ ကြိမ်ခန့် လာရောက်ခဲ့ကာ သင်တန်းများ ပို့ ချ၍ နိုင်ငံတကာ အသိအမှတ်ပြု ISO 17025 Accreditition ကို ၂၀၁၇ ခုနှစ်တွင် ရရှိရန် စီမံကိန်းများ ချမှတ်ပြီး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ခဲ့ ကြောင်း လည်း ညွှန်ကြားရေးမှူးးချုပ် ကရှင်းပြသည်။

ထိုသို့ ကြိုးပမ်း ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးးချုပ် ဒေါက်တာ ခင်ချစ်က “ဌာနရဲ့ ဂုဏ်သိက္ခာနဲ့ဝင်ငွေ တိုးလာမယ်၊ ဝန်ထမ်းတွေရဲ့ အရည်အသွေးလည်း တက်လာတယ်၊ စက်ပစ္စည်း တွေရဲ့ အဖြေက တိကျလာတယ်၊ ဓာတ်ခွဲ စမ်းသပ်မှု စနစ်တွေ ခေတ်မီ တိုးတက်လာပြီး စားသုံးသူတွေရဲ့ ယုံကြည် ကိုးစားမှုတွေ ရရှိလာတယ်၊ နောက်ပြီး နိုင်ငံတကာက အသိအမှတ်ပြု လက်ခံလာတဲ့ အကျိုးတွေ ရလာပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ အပြင် ယခု ရရှိလာသည့် အခြေအနေများကို ဆက်လက် တိုးတက်အောင် ထိန်းသိမ်း ကြိုးပမ်းမည် ဖြစ်ကြောင်း၊ နိုင်ငံတကာက အသိအမှတ် ပြုထားသည် အတိုင်းအတာကို ပိုမို ကျယ်ပြန့် လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် WHO ၏ ဆေးဝါးဆိုင်ရာ စံချိန် စံညွှန်း အဆင့်အတန်းမီသည့် WHO က အသိအမှတ်ပြု လက်မှတ်ရသည် အထိ ဆက်လက် ကြိုးပမ်း သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*