အနုပညာသတင်း — ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈၊ ၂ဝ၁၃

မိမိတို့သည် ပြည်သူကို အလေးထားသည့် နည်းတူ ပြည်သူအကျိုးပြု စာပေများကိုသာ ဆက်လက်ရွေးချယ် သွားမည်ဖြစ်ကြောင်း တော်ဘုရား ကလေး စာပေဆုရွေးချယ်ရေးအဖွဲ့မှ စာရေးဆရာ ထက်မြက်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ရန်ကုန်မြို့၊ ရွှေဂုံ တိုင်ရှိ တော်ဝင်နှင်းဆီတွင် ကျင်းပ ခဲ့သော သတ္တမ အကြိမ်မြောက် တော်ဘုရားကလေး စာပေဆု ချီးမြှင့်ပွဲတွင် ပြောကြားသည်။

“အခုအစိုးရသစ်လက်ထက်မှာ တစ်စုံတစ်ရာ ပြောင်းလာတော့ ဆုကို လေးလေးနက်နက် ပေးနိုင်လာပါတယ်။ အခုဆို နိုင်ငံရေးစာပေဆုပါ ထည့်ပေး နိုင်လာ တယ်။ ရေရှည် တည်တံ့နိုင်မလားတော့ မသိဘူး”ဟု ယင်းကဆို ပါသည်။

ထို့ပြင် ယခင်ခေတ်ကဆိုလျှင် အဆိုပါဆုပေးပွဲကို ကျင်းပခွင့် မပေးသည့်အပြင် ဂျာနယ်များတွင်ပါ ထည့်ခွင့် မပေးခဲ့ကြောင်း၊ မည်သို့သော အခက်အခဲမျိုးပင် ရှိသော်ငြား လက်ရှိပြောင်းလဲ လာသော အခြေအနေတွင်မူ ယခင်နှစ်ကထက် ဆုတစ်ဆု ပိုမိုထည့်သွင်းကာ စုစုပေါင်း ဆု ၄ ဆုပေးအပ်ချီး မြှင့်နိုင်ခဲ့ကြောင်း စာရေးဆရာ ထက်မြက်က ပြောသည်။

ဆက်လက်ပြီး ဆုရွေးချယ်ရေး အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်ကျော်ဆန်းကလည်း တော်ဘုရားကလေး စာပေဆုကို အနုပညာ အားကောင်းမှု အတတ်ပညာ အားကောင်းမှု၊ ခေတ်ပြိုင်ခံစားမှုနှင့် ပြည်သူ့အကျိုးပြု စာပေဖြစ်ခြင်း မဖြစ်ခြင်း ဟူသည့် မူ ၄ ရပ်ပေါ်တွင် အခြေခံကာ သမိုင်း၊ ယဉ်ကျေးမှု၊ အနုပညာ၊ အတတ်ပညာ၊ နိုင်ငံရေးစံ စသည့် စံများနှင့် ကြည့် ရှုရွေးချယ်ခြင်းဖြစ်ပြီး အဆိုပါ စံနှင့် မဝင်သည့်စာပေများကိုမူ ဆုပေးနိုင် ခြင်း မရှိကြောင်း ဆိုပါသည်။

ယခုနှစ်အတွက် သတင်းဆုရွေး ချယ်ဖြစ်ခဲ့သည့်အပေါ် ဆုရွေးချယ် ရေးအဖွဲ့၏ သုံးသပ်ချက်ကို တော်ဘုရား ကလေး၏ မြေးဖြစ်သူ ကျော်သီဟက ဖတ်ကြားရာတွင် “အများ ပြည်သူထိတ်လန့် ချောက်ချားစေပြီး အကျိုးမဲ့တဲ့ ကိစ္စရပ်မျိုးကို သတင်းအရာ မသွင်းဘူးဆိုတဲ့ အယူအဆကို ဆုပ်ကိုင်ပါတယ်။ အဲဒါနဲ့ တစ်ဆက်တည်း တစ်ဖက်မှာ အများပြည်သူ အကျိုးအတွက် ထောင်မကြောက်၊ တန်းမကြောက် အသက်အသေခံပြီး စွန့်လွှတ်စွန့်စား သတင်းယူရဲတဲ့ သတင်းထောက်ကောင်းတွေ ကိုလည်း ဂုဏ်ပြု ချီးမြှင့်လိုပါတယ်” ဟု ပြောသည်။

သတ္တမအကြိမ်မြောက်ဖြစ်သော ယခုနှစ်အတွက် တော်ဘုရားကလေး စာပေဆုများကို ချီးမြှင့်ခဲ့ရာတွင် ကဗျာ ပေါင်းချုပ်ဆု အတွက် ကိုလေး(အင်းဝ ဂုဏ်ရည်)၏ မွန်းတည့်အမီ ကဗျာ များစာအုပ်၊ ဝတ္ထုတိုပေါင်းချုပ်ဆု အတွက် ခင်မြဇင်၏ ကောင်းကင် တိမ်တိုက်ဝတ္ထုတိုများစာအုပ်၊ သတင်းဆုအတွက် မန္တလေးမြို့မှ သတင်းထောက် ဝေးလွန်း (ခ) အောင်မှိုင်းဆန်း နှင့် အသစ်ထည့်သွင်း ချီးမြှင့်ခဲ့သည့် နိုင်ငံရေး စာပေဆုအတွက် ဗိုလ်မှူးချုပ်(ဟောင်း)ကျော်ဇော၏ ကိုယ်တိုင် ရေး အတ္ထုပ္ပတ္တိ ဆိုင်းစုမှသည် မန်ဟိုင်ဆီသို့ စာအုပ်တို့က ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တော်ဘုရား ကလေးစာပေဆုရွေးချယ်ရေး အဖွဲ့တွင် အဖွဲ့ဝင် ၁ဝ ဦးပါဝင်ပြီး ဒေါ်ခင်မေ၊ ထက်မြက်၊ ကြည်နိုင်၊ လင်းထင်၊ မောင်လွင်မွန်(ကသာ)၊ ဇော်နောင်၊ သန်းသန်းတင်၊ ဒေဝီ သန့်စင်၊ ဒေါက်တာ နေဝင်းနှင့် အောင်ကျော်ဆန်း တို့ ဖြစ်ကြောင်း သိရှိရသည်။

ဝ၆ဝ

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)