အို့စုမတ် ဆူရီ ပွဲတော်က စု

အို့စုမတ်ဆူရီပွဲတော်က နှစ်စဉ် အောက်တိုဘာလ ၁ဝ ရက်မှာ အို့စုမြို့မှာ ကျင်းပတာပါ။ ဒီပွဲတော်က ကိုင်ချိုခေတ် (၁၅၉၆-၁၆၁၅)မှာ ကတည်းက စခဲ့တာပါ။ ရှေးခေတ်မှာ အို့စုမြို့ဟာ မီဒိရာ ဘုရားကျောင်းနားမှာ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ၁၆ဝဝ ခုနှစ်မှာ ဂျပန်ကို ဘယ်သူ အုပ်စိုးမလဲဆိုတဲ့ အဆုံးအဖြတ်ပေးခဲ့တဲ့ ဆကီဂါဟာရာ စစ်ပွဲအပြီးမှာ အို့စုရဲတိုက် ပြိုလဲသွားပါတယ်။ အဲဒီနောက်မှာတော့ အို့စုဟာ တိုကိုင်ဒို လမ်းမ တစ်လျှောက်မှာဖြစ်စေ၊ ဘီဝါကန် တစ်ခွင်မှာဖြစ်စေ ကုန်းလမ်းရော ရေလမ်းအရပါ အရေးပါတဲ့ နေရာလေး တစ်ခုဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ တိုကူဂါဝါ ရှိုဂူနာတေခေတ်မှာ ကုန်သွယ်မြို့ တစ်မြို့ဖြစ်လာပါ တယ်။

ကုန်သွယ်မြို့မို့လို့ ကြွယ်ဝလာတဲ့ အို့စုမြို့ကလေးရဲ့ စိတ်ဓာတ်ဟာလည်း တန်စွန်နတ်ဘုရားကို ကိုး ကွယ် ယုံကြည်မှုတွေနဲ့ ပွဲတော်အတွက် တက်တက်ကြွကြွ ရှိနေတတ်ပါတယ်။ လမ်းတိုင်းမှာ ပူဇော်ဖို့ အပြင် အဆင်တွေ လုပ်ကြကာ တန်စွန် နတ်ဘုရားကို ပူဇော်တဲ့နေ့မှာတော့ လမ်းတွေပေါ်မှာ စီတန်း လှည့်လည်ပြီး အပူဇော်ခံကြပါတယ်။ အီဒိုခေတ် (၁၆ဝဝ-၁၈၆၈)ခုနှစ်မရောက်မီ အထိတော့ အဲဒီလိုပူဇော်ဖို့ ပြင်ဆင်တဲ့ မဏ္ဍပ်ကို ဆောက်တာ ၁၃ ခုပဲ ရှိခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကျွန်မဟာ ကျိုတိုမှာ ရှိတဲ့ ဒိုရှိရှတက္ကသိုလ်မှာ အချိန်ပိုင်းနည်းပြအဖြစ် ဝင်လုပ်နေချိန်ပါ။ ကံကောင်းစွာနဲ့ ကျွန်မရဲ့တပည့် ကောင်မလေး တစ်ယောက်က ယူတာတီယာမာဆိုတဲ့ လက်ဖက်ရည် ဧည့်ခံမဏ္ဍပ်တစ်ခုကို မိသားစု အနေနဲ့ ဆက်ခံ ထိန်းသိမ်းထားသူပါ။ ကျွန်မရဲ့ မိသားစုနာမည်ကလည်း အို့စု ဖြစ်တာမို့ ပွဲတော်နာမည်နဲ့ တူနေတာ ကံကောင်းသွားပါတယ်။ ဖြစ်ချင်တော့ တပည့်မလေး နာမည်ကလည်း နိုရီကိုပဲ ဖြစ်ပါတယ်။ တပည့်မလေးရဲ့ မိသားစုက ကျွန်မကို ပွဲတော်ကို လာလည်ဖို့ ဖိတ်ပါတယ်။ ပွဲတော် မတိုင်မီ ညနေမှာကတည်းက ပွဲတော်ကျင်းပမယ့် မိသားစုတွေနဲ့ ကျွန်မကို မိတ်ဆက်ပေးတော့ သူတို့ရဲ့ ပွဲတော်အပေါ် စွဲမြဲတဲ့စိတ်ကို အံ့ဩကြည်နူး ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အို့စုမတ်ဆူရီ ပွဲတော်ဟာ ကျွန်မရဲ့ အချစ်တော် ဖြစ်လာခဲ့ပါတယ်။

ပွဲတော်မှာ အစဉ်အလာ တစ်ခု ရှိတာက မဏ္ဍပ် အပြင်အဆင်တွေမှာ အမျိုးသမီးတွေ ပါဝင်ကြရပေမယ့် ဖျော်ဖြေရေးအဖွဲ့နဲ့ မဏ္ဍပ်ပေါ်ကိုတော့ တက်ခွင့်မရတာပါပဲ။ အဲဒီအစဉ်အလာကိုတော့ ကျွန်မရဲ့တပည့်မလေး နိုရီကိုက ဆန့်ကျင်လိုက်ပါတယ်။ သူက လူငယ်လေးတွေကို စုစည်းပြီး လမ်းပေါ်မှာ ကော်ဇောနီခင်းကာ သစ်သား ခုံတန်းရှည်တွေ ချပြီး လက်ဖက်ရည် ဆိုင်လေး တည်လိုက်ပါတယ်။ ဂျပန်ရိုးရာ အချိုမုန့်ကလေး တွေနဲ့ လက်ဖက်ရည်စိမ်း ရေနွေးကြမ်းကို ရောင်းပြီး ရန်ပုံငွေ ရှာသလို ပွဲတော်ကို ပါဝင်ဆင်နွှဲပါတော့တယ်။ အဲဒီဆိုင်လေးက ရတဲ့ငွေဟာ မဏ္ဍပ်ဟောင်းတွေကို ထိန်းသိမ်းဖို့ လုံလောက်တဲ့ အလှူငွေ ရခဲ့ပါတယ်။ ဒီလိုနဲ့ အို့စု ပွဲတော်ရဲ့ နှစ်ကာလရှည် ကြာခဲ့တဲ့ အမျိုးသားများ ကြီးစိုးတဲ့ သဘာဝကို ကျွန်မရဲ့ တပည့်မလေး နိုရီကိုက ဦးဆောင်ပြီး အဆုံးသတ် စေလိုက်နိုင်ခဲ့ပါတယ်။

တကယ်တော့ တပည့်နိုရီကိုရဲ့ အိမ်နားက ကိုကာရာဆာကီချိုလမ်း ပေါ်မှာပဲ ဂျပန် တော်ဝင်ပုလိပ် ဆန်ဇို စုဒါရဲ့ ဓါးချက်ကြောင့် ရုရှရဲ့ နောက်ဆုံး အင်ပါယာ နီကိုလိုင်(၂)ဟာ ကွယ်လွန်ခဲ့ရပါတယ်။ တကယ်လို့ အမျိုးသားတွေရဲ့ လက်ထဲကို ပွဲတော်အပ်ထားရင် သူတို့က ဒေသခံတွေရဲ့ သမိုင်းတွေကို ချန်ထားပြီး ကျင်းပ သွားနိုင်ပါတယ်။ ဒေသခံဆိုတာ သူတို့ရဲ့ သမိုင်းကို တခြားဧည့်သည်တွေ သိအောင်ပြောပြဖို့ တာဝန်ရှိတာပေါ့။ မိန်းကလေးတွေကတော့ ဧည့်သည်တွေ အနေနဲ့ အို့စုပွဲတော်ကို ပျော်ဖို့ချည်း မဟုတ်ဘဲ အို့စုမြို့သမိုင်းကို မြည်းစမ်းသွားနိုင်ဖို့ပါ ကြိုးစားကြပါတယ်။ ဒီလိုအတွေးမျိုးက မိန်းကလေးတွေရဲ့ လက်ဆောင်ပဲပေါ့။

အို့စုပွဲတော်ရောက် စာရေးသူ နိုရီကို၊ တပည့်မ နိုရီကို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သား ကင်မ်

အို့စုပွဲတော်ရောက် စာရေးသူ နိုရီကို၊ တပည့်မ နိုရီကို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သား ကင်မ်

၁၉၈၅ ခုနှစ်၊ အောက်တိုဘာ ၁ဝ ရက်မှာ ကျွန်မက စုနဲ့ ကင်မ့်ကို အို့စုပွဲတော်ဆီ အလည်လာဖို့ ဖိတ် ခေါ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူတို့က အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာမှာ နေနေကြပြီ ဖြစ်ပါတယ်။ ကျွန်မက သူတို့ကို ဂျပန်ရိုးရာပွဲတွေ အကြောင်းလည်း သိစေချင်သလို ဂျပန်မလေး တစ်ယောက်ရဲ့ အမျိုးသား ကမ္ဘာကို ဆန့်ကျင်တတ်တဲ့ စိတ်ဇောကိုလည်း တွေ့စေချင်ပါတယ်။ ကျွန်မရဲ့ခင်ပွန်းကလည်း သူတက်နေတဲ့ အပြည်ပြည် ဆိုင်ရာ ဆွေးနွေးပွဲမှာ ခဏနားချိန်ရတုန်း အတူတက်ဖော် ဆိုဗီယက် ယူနီယံက ပညာရှင်တွေနဲ့အတူ အို့စု ပွဲတော်ကို လာမှာပါ။

စုတို့နဲ့အတူ ပွဲတော်လမ်းပေါ် လျှောက်ကြတော့ ရွေ့လျားမဏ္ဍပ် တွေကို လမ်းတွေပေါ် ဆွဲလာကြတာကို ကျွန်မတို့ တွေ့ကြရပါတယ်။ လူကြီးလူငယ် ယောကျာ်းလေး အားလုံးက မဏ္ဍပ်တင် သုံးဘီးတပ်လှည်းကို ဆွဲကြရာမှာ ယူနီဖောင်း ကိုယ်စီနဲ့မို့ ကြည့်လို့ သိပ်ကောင်းပါတယ်။ အဖွဲ့အစည်းတွေရဲ့ တံဆိပ်တွေကို ထိုးထားကြသလို အလုပ်သမား ဘောင်းဘီမျိုးလည်း ဝတ်ထားကြပါတယ်။ နောက်ခြေမနဲ့ ခြေချောင်းတွေကို ခွဲပြီးထိုးသွင်းရတဲ့ လည်ရှည်ဘွတ် ဖိနပ်လိုမျိုး ဂျပန်ရိုးရာ ဂျီကာတာဘီ ဖိနပ်ကိုလည်း ဆင်တူစီးထား ကြပါတယ်။ လှည်းကို ဆွဲစဉ်မှာ သူတို့ရဲ့ ဖိနပ်တွေကို ခိုင်နေအောင် ခြေဖဝါးကို မြေပြင်မှာ ကပ်ထားကြကာ ခါးကို ကုန်းနေအောင် ဆွဲကြကာ မဏ္ဍပ်ပေါ်က ဂီတပညာရှင်ရဲ့ ဖျော်ဖြေမှုကိုလည်း နားစွင့်ရပါတယ်။ ဘီးတွေ အရွေ့ကို ထိန်းပြီး တရွေ့ရွေ့နဲ့ သူတို့က မဏ္ဍပ်လှည်းကို ဆွဲလာကြတာပါ။

စုကတော့ ကျွန်မ ရှင်းပြတာတွေ နားထောင်ရင်းနဲ့ပဲ  မြင်ရသမျှတွေကို ငေးမောနေခဲ့ပါတယ်။ သူ့ မျက်လုံး တွေက လှည်းဆွဲနေသူတွေရဲ့ တစ်ကိုယ်လုံးကို လိုက်ကြည့်ရာက ခြေထောက်တွေဆီ အရောက်မှာ တော့ ခေါင်းပြန်မမော့ လာနိုင်တာ အတော်ကြာတဲ့ အထိပါပဲ။ “နိုရီကိုရေ အဲဒီလူတွေ စီးထားတဲ့ဖိနပ်က ထူးဆန်း လိုက်တာ။ ဘာဖိနပ်လဲဟင်”လို့ မေးပါတော့တယ်။ ကျွန်မက အိမ်ထဲမှာစီးဖို့ ထုတ်တဲ့ ခြေမနဲ့ ခြေချောင်းလေး တွေ ခွဲစွပ်ရတဲ့ ခြေအိတ်ကို တာဘီလို့ ခေါ်ကြကြောင်းနဲ့ အဲဒီပုံစံကို အတုယူကာ အခုလိုဖိနပ်မျိုး ပေါ်လာတဲ့ အကြောင်း ရှင်းပြဖြစ်ပါတယ်။   ဒီဖိနပ်မှာ အောက်ခံက ရော်ဘာဖြစ်ပါတယ်။ ခေါင်မိုးပေါ် တက်ရတဲ့အခါတို့၊ လမ်းပြင်တဲ့ အခါတို့မှာ အသုံးတည့်ပါတယ်။ ခြေမက သီးခြားထုတ် ထားနိုင်တဲ့အတွက် ခြေကုပ်အား ကောင်းတာမို့ ဂျပန်က လမ်းပြင်သူတွေ၊ ငြမ်းအမြင့်တွေပေါ် အလုပ် လုပ်ရသူတွေက ဂျကာတာဘီ ဖိနပ်ကို သိပ်သဘောကျ ကြပါတယ်။

“အဲဒီ ဂျကာတာဘီဖိနပ်ကို ဘယ်မှာ ဝယ်ရမလဲဟင်”လို့ စုက မေးပါတယ်။ သူက ဒီဝေါဟာရကို တစ်ခါပဲ ကြားဖူးပေမယ့် အသံထွက် မှန်အောင် ပြောနိုင်ပါတယ်။ “ဘာလို့ ဝယ်ချင်တာလဲ”လို့ ကျွန်မကမေးတော့ “ကျွန်မဝယ်ဖို့ စိတ်ပိုင်းဖြတ် လိုက်တယ်။ ကျွန်မက မြို့လည်သွားဖို့ ရထားစီးရင် စီးမှာပေါ့။ ဒါမှ ပလက်ဖောင်း ပေါ်ကနေ ခြေချော်မသွားမှာ” လို့ သူက ဆိုပါတယ်။

သူတို့နေတဲ့ အိမ်ခန်းလေးကို ကျွန်မသွားလည်တော့ သူ့မှာ ဖိနပ်အသစ် ၆ ရံတောင် ရှိနေတာကို တွေ့ လိုက်ရပါတယ်။ “ဘာလို့ဖိနပ်တွေ အများကြီးလိုနေတာလဲ”လို့ မေးတော့ “ကျွန်မရဲ့တစ်ခုတည်းသော သဘောကျတဲ့ အရာလေ”လို့  ပြန်ဖြေ ပါတယ်။ အမလေး လေး၊ နောက်ဆုံးတော့ သူ ဖိနပ်ကြိုက်တာ ဂျကာတာဘီပါ အဆစ်ပါ သွားပါရောလား။ ကျွန်မက ရယ်စရာတစ်ခုကို မြင်ယောင်နေမိပါတယ်။ ထမိန်ဝတ်လေ့ ရှိတဲ့ စုက စက်ဘီးပေါ်မှာ ဂျကာတာဘီကို စီးပြီး ကာမိုမြစ်တစ်လျှောက် သွားနေတဲ့ပုံပေါ့။ အို၊ ကျွန်မ ဘယ်လိုလုပ်ရပါ့။

ဆက်လက်ဖော်ပြပါမည်။

မသီတာ(စမ်းချောင်း)

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*