အသုဘ ယာဉ်တန်းဟာ လူနေ အိမ်ရပ်ကွက်တွေကို ကျော်ကာ မြို့လည်ကို ကျောခိုင်းပြီး တောင်ကုန်း ဘက်ဆီ ဦးတည်လိုက်ပါတယ်။ ကျွန်မတို့ကားတန်းကြီးက သချိုင်းမြေကို ရောက်ပြီလေ။ လူ အတော် များများက အဲဒီမှာ ကြိုတင် ပြီးရောက်နေကြပါပြီ။

“ရှင်က နိုရီကိုလား” လို့ ဂျပန် အမျိုးသမီး ပိန်ပိန်ရှည်ရှည်တစ် ယောက်က ကျွန်မကို မေးလာခဲ့ပါတယ်။ “ကျွန်မနာမည်က မစ်ဆူ ကိုယူချီဒါလို့ ခေါ်ပါတယ်။ ရှင့် အကြောင်းကို စုဆီကနေ ကြားခဲ့ ဖူးပါတယ်”လို့ ဆက်ပြောလိုက်ပါ တယ်။ တွေ့တွေ့ချင်းမှာပဲ သူက ကမ္ဘာကျော် စန္ဒယားပညာရှင် မတ်ဆူကိုဆိုတာ ကျွန်မက တန်းပြီး သိပါတယ်။ သူ့ဘေးမှာ သူ့အမျိုးသား ဖြစ်တဲ့ အင်္ဂလိပ်လူမျိုး သံတမန်ကလည်း ပါလာပါတယ်။ သူတို့ အပြောအရ စုရဲ့ ပထမဆုံး နေအိမ် အကျယ်ချုပ် ကာလတွေမှာ အင်္ဂလန်သံတမန်တွေက စုရဲ့စန္ဒယား လက်သံ ကို နားစွင့်ပြီး စုနေကောင်း၊ မကောင်းကို  အင်္ဂလန်သံရုံးထံ အကြောင်းကြားခဲ့ကြတယ်လို့ သိရပါတယ်။ မတ်ဆူကို က ကျွန်မရဲ့ ညာဘက် လက်မောင်းဟာ ကင်ဆာ ခွဲစိတ်မှု အပြီး နောက်ဆက်တွဲ ပြဿနာကြောင့် အကြီးကြီး ဖြစ်ပြီး ဖောင်းတင်းနေတာကို သတိထားမိသွားပါတယ်။ “ကျွန်မကျတော့ ခွဲပြီးတာနဲ့ လေ့ကျင့်ခန်း လုပ် လို့ထင်တယ်၊ ရှင့်လို မဖြစ်ခဲ့ဘူး” လို့ ဆိုပါတယ်။ ကျွန်မတို့ လူချင်း မသိခဲ့ကြပေမယ့် သူက ကျွန်မရဲ့ ကင်ဆာ အကြောင်းသိနေပုံပါ။ မိုက်ကယ့် အသုဘမှာ တက်ရောက်လာသူတွေ ထဲမှာတော့ သူနဲ့ ကျွန်မ နှစ်ယောက်ထဲပဲ ဂျပန်အမျိုးသမီးရယ်လို့ ပါပါတယ်။

အသုဘ အခမ်းအနား ကျင်းပတဲ့ခန်းမဟာ သီရေတာခန်းမလို ဖြစ်ကာ ပွဲကြည့်စင် ဝရန်တာမျိုးလည်း ရှိနေ ပါတယ်။ မိုက်ကယ့် အခေါင်းကို ခန်းမရဲ့ အလယ်စင်မှာ တင်ထားပါ တယ်။ အခေါင်းရဲ့ ဘယ်ဘက်မှာ ဘူတန် ဘုန်းကြီး၊ တိဘက်ဘုန်းကြီး၊ စကော့တလန်ဘုန်းကြီးနဲ့ အင်္ဂလိပ် ဘုန်းကြီးတွေ ရှိနေကြပြီး ညာဘက် မှာတော့ ဘန်နက်ဒစ်ဘုန်းကြီးနှစ်ပါး ရှိနေပါတယ်။ အဲဒီရှေ့ကနေရာလေး မှာ အန်ထော်နီက စတင်ကာ တက် ရောက်လာသူတွေ ကို စကားပြောပါ တယ်။ သူ ပြောပုံကို နားထောင်ရတာ တက်ရောက်လာသူတွေထက် မိုက်ကယ့်ကို ပြောပြနေ သလို ပြောနေတာ ဖြစ်ပါတယ်။

“မိုက်ကယ်က သူ့ဈာပန အတွက် ဘာဆိုဘာမှ မညွှန်ကြားခဲ့ပါဘူး။ ကျွန်တော်က သူ့သားတွေနဲ့ တိုင်ပင်ခဲ့ပြီး ၃ ရက်ကြာအောင် စဉ်းစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒီ ဈာပနကို ဘာသာရေး အခမ်းအနားမျိုးကို လွန်ပြီး ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကြောင်းရင်းကတော့ မိုက်ကယ်ဟာ သူ့ရဲ့နိုင်ငံရေးကိုရော ဘာသာရေးကိုပါ အမည်တံဆိပ် တပ်တာကို သဘောမကျပါဘူး။ သူဟာ ဗုဒဘာသာဝင်၊ ကက်သလစ်ဘာသာဝင်၊ ကနေဒါသား၊ အင်္ဂလန်သား စသဖြင့် နာမည်တပ်တာမျိုးကိုပေါ့။ သူ့ဘဝဟာ တကယ့်ကို ခက်ခဲခဲ့တာမို့ ဘာလို့များ အဲဒီ အခက်အခဲကို ကျော်လွှားနိုင်ခဲ့ တာလဲလို့ မေးခဲ့တုန်းက  မိုက်ကယ်ဟာ သတ္တဝါအားလုံး ကို ကယ်တင် ကူညီချင်တယ် ဆိုတာ မျိုး ဖြေခဲ့ဖူးပါတယ်။ ကျွန်တော့် အတွက်ကတော့ သူဟာဒုက္ခတွေကိုလည်း ခံနိုင်ရည် ရှိနေတော့ ဗုဒ္ဓ ဘာသာဝင် တစ်ယောက်လို့ပဲ ဆိုရမှာပါ။ ကျွန်တော်မိုက်ကယ့်ကို ကတိပေးခဲ့ဖူးပါတယ်။ သူ့ကလေး နှစ်ယောက်ကို စောင့်ရှောက်သွားမှာဖြစ် ပြီး သူ့ရဲ့မပြီးဆုံးခဲ့တဲ့ အလုပ်တွေ ကိုလည်း လုပ်သွားမယ် လို့ပေါ့။ သူ စိတ်ပူတာ တစ်ခုကတော့ ကျွန်တော်တို့ရဲ့ အမေအိုကြီးပါပဲ။ ဒါပေမယ့် အမေက ငါ့ကို စိတ်မပူစမ်း ပါနဲ့။ မိုက်ကယ်က ငါ့ကို အပိုအဆောင် ပစ္စည်းလေး ချန်ထားခဲ့သားပဲလို့ ပြန်ဖြေပါတယ်။ အဲဒီအပိုအဆောင် ပစ္စည်းက ကျွန်တော်လေ” လို့ သူက ပြောခဲ့ပါတယ်။ အန်ထော်နီက အားလုံးကို ပြုံးပြနိုင်ခဲ့ပါတယ်။ မိုက် ကယ်ရဲ့ လွတ်လပ်တဲ့ အတွေးအခေါ်ကပဲ အန်ထော်နီ့ကို ဈာပနမှာ ဘာသာရေး တစ်ခုခုရဲ့ အခမ်းအနားမျိုး မဖြစ်အောင် လုပ်ဆောင်နိုင်စေခဲ့ပါ တယ်။

နောက်တော့ ဘန်နစ်ဒစ် ဘုန်းကြီးတွေက ဘာသာရေးအရ ဆုတောင်းပေးပါတယ်။ တကယ်တော့ အဲဒီထဲက ဘုန်းကြီး တစ်ပါးဟာ မိုက်ကယ့် အချစ်ဆုံး သူငယ်ချင်းပါ။

တတိယ အစီအစဉ်မှာတော့ သူ့ သားတွေက စကားပြောရမှာ ဖြစ်ပါတယ်။ အလက်ဇန္ဒားက သူ့အဖေနဲ့ သူ ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့မှာ ဘယ်လိုပျော်ရွှင်ခဲ့ဖူးတဲ့အကြောင်း ပြန်ပြောင်းပြောပြခဲ့ပါတယ်။ အဲဒီ ခရီးက လွန်ခဲ့တဲ့ သုံးလကမှ ဖြစ်ခဲ့ တာလေ။  အဲဒီအချိန်မှာ မိုက်ကယ်ဟာ သူ့မှာ ကင်ဆာရှိနေတာကို မသိခဲ့ဘဲ ခါးကိုက်တယ်လို့ပဲ ဆိုခဲ့ပါတယ်။ “ဒယ်ဒီက သူ့ရဲ့ကိုယ်ပိုင် သည်းညည်းခံစိတ်နဲ့ပဲ ခါးကိုက်နာကို ထူးမခြားနားလို   သဘောထား ခဲ့ပါတယ်။ အဲဒီ သည်းညည်းခံ စိတ်ကပဲ ဝန်ထုပ်ဝန်ပိုးတွေနဲ့ တာဝန် ဖိစီးမှုတွေကို မဖြစ်စေအောင် လုပ်ပေးခဲ့နိုင်တာလေ”လို့ သူ့အဖေအ ကြောင်း ကိုပြောကြားသွားခဲ့ပါတယ်။

အလက်ဇန္ဒားက တည်ငြိမ်နေတဲ့ လေသံနဲ့ ပြောခဲ့တာဖြစ်ပြီး တိုတိုတုတ်တုတ် ပေမယ့် သူ့အဖေ အကြောင်းကို နားထောင်သူတွေ စာနာ သွားအောင် ပြောသွားနိုင်ခဲ့ပါတယ်။

မိုက်ကယ်ဟာ ကနေဒါကို ပထမဆုံးအကြိမ် ရောက်ခဲ့တဲ့အခိုက် မှာတောင် သမိုင်းပညာရှင် တစ်ယောက်ရဲ့ အမြင်နဲ့ သူ့မိသားစု အရင်းအမြစ် သမိုင်းကို ရှာဖွေခဲ့သေးတယ်လို့ သိလိုက်ရပါတယ်။ “ဒယ်ဒီက ကျွန်တော့်ကို မိသားစု ဘဝအကြောင်း ပြောပြခဲ့ပါတယ်။ မြန်မာလူထုရဲ့ ဒုက္ခတွေအကြောင်း၊ တိဘက်နဲ့ ဟိမဝန္တာ လေ့လာရေး အတွက် အစီအစဉ်နဲ့ မျှော်လင့်ချက်တွေ အကြောင်း အားလုံးကိုပြောပြခဲ့ပါတယ်။ ဒယ်ဒီဟာ သူ့ဘဝ တလျှောက်လုံး လူတွေ အတွက်လိုက်ပေးဆပ်နေသူပါ။ ခုလို ရုတ်တရက်ကြီး ကွယ်လွန် သွားတာတောင် သူဟာကျွန်တော်တို့ကို အများကြီး ပေးဆပ်သွားပါသေးတယ်။ ဒယ်ဒီရေ သားတို့ကတော့ ဒယ်ဒီ အမြဲတမ်းပေးအပ်ခဲ့တဲ့ မေတ္တာတွေ အားလုံးကို ကျွန်တော်တို့ရဲ့ မှတ်ဥာဏ်ထဲမှာ အမြဲထာဝရ သိမ်း ဆည်း ယူငင်ပြီး ဒယ်ဒီ ကျွန်တော်တို့နဲ့အတူ ရှိနေမယ်လို့ မျှော်လင့် ပါတယ်”  တဲ့။

မနေ့တုန်းက အန်ထော်နီက သူ့ကို ဒီနေ့မှာ စကားပြောပေးဖို့ ပြောခဲ့တုန်းက အလက်ဇန္ဒားက သူ့ အခန်းထဲမှာ တံခါးပိတ်ပြီး သွားနေ နေခဲ့ပါသေးတယ်။ သူပြန်ထွက်လာတော့ ကျေနပ်နေပုံနဲ့ပေါ့။ “ပြောရမယ့် စကားတွေ ရေးပြီး သွားပြီပေါ့” ဆိုတော့ “ဟုတ်ကဲ့”တဲ့။ သူ့မှာသာ စိတ်ပိုင်းဆိုင်ရာအရ အကျဉ်းအကြပ်ထဲ မရောက်ခဲ့ရရင် သူဟာ သူ့မိဘတွေလိုပဲ ပညာရှင် တစ်ယောက်အဖြစ် ကောင်းကောင်းကြီး ရပ်တည်နေနိုင် မှာပါ။

ဒီတစ်ခါတော့ ကင်မ့်အလှည့် ရောက်လာပါပြီ။ ဒါပေမယ့် ဘယ်သူကမှ သူက စကားပြောလိမ့်မယ် လို့ မထင် ထားခဲ့ပါဘူး။ သူ့အတွက် ဒယ်ဒီဟာ သံမဏိလူသားတစ် ယောက်မို့ ဒယ်ဒီဆုံးတာကို သူကမှ မယုံနိုင်ဘဲ လေ။ မိုက်ကယ်ဟာ လွန် ခဲ့တဲ့ နှစ်ပတ်ကမှ တုတ်ကောက်နဲ့ ဈေးဝယ်သွားနိုင်ခဲ့သေးတာပါ။ သူက မြန်မာပြည် ဝင်ခွင့်ဗီဇာ ရပြီး စုကို သွားတွေ့နိုင်မယ်လို့ မျှော်လင့် ခဲ့သေးတာပေါ့။  အဲဒီအချိန်ထိ သူက အနာကို သည်းခံနေ ခဲ့တယ်လေ။ ဗီဇာ မရနိုင်တော့ဘူးဆိုတာ ကိုသိပြီးနောက်၊ သူ့မျှော်လင့်ချက် တွေလည်း ပြိုကွဲသွားပြီး နောက်မှာ တော့ မိုက်ကယ်ဟာ အသက်ဆက် ရှင်ချင်စိတ်ပါ ကုန်ခမ်းသွားခဲ့ပါ တော့တယ်။ အဲဒီအခါကျမှ သူ ဆေးရုံပေါ် ရောက်သွားတာပါ။

ကင်မ့်အတွက် မိုက်ကယ်ဟာ အလုံးစုံသော မျှော်လင့်ချက် ဖြစ်ခဲ့တာမို့ ဘယ်လိုမှ သည်းမခံနိုင်ရှာပါဘူး။ နေ့ဘက်တွေမှာ ကင်မ်ဟာ မိုက်ကယ့်ကို ပြုစုပေးရင်း ဆက်လက် ရှင်သန်နေလိုစိတ်တွေ တိုးပွား လာအောင် တတ်နိုင်သလောက် လုပ်ခဲ့ရှာပါတယ်။ “ဒယ်ဒီ ရှင်စမ်းပါ။ ရှင်ချင်စိတ်လေး ထားပါဗျာ” လို့ တဖွဖွပြောနေ ခဲ့ပါတယ်။ ကင်မ်ဟာ မိုက်ကယ့်ကို ကုတင်ပေါ်က ဆွဲချပြီး မတ်မတ်ရပ်နိုင်အောင်လည်း ကြိုးစားခဲ့ဖူးပါတယ်။ “ရှင်အောင်နေ” လို့ တဖွဖွပြောပြီး မိုက်ကယ့်ကို လမ်းလျှောက်ဖြစ်အောင် တွန်းအားတွေ ပေးခဲ့ဖူးပါတယ်။ ဒီ ဈာပနနေ့ မနက်မှာတောင် ကင်မ်က မိုက်ကယ်ဆုံးတာကို လက်မခံခဲ့ပါ ဘူး။ အန်ထော်နီ့ကို ဒေါသတွေနဲ့ “ဘာလို့ ဒယ်ဒီ့ကျမှဖြစ်ရလဲ။ ဒယ်ဒီက ဘာအမှားတွေ လုပ်ခဲ့လို့လဲ” လို့ မေးနေခဲ့တာ ဖြစ်ပါတယ်။

သားငယ်နှစ်ယောက်နှင့်အတူ တွေ့ရသည့် အိမ်ရှင်မ ဒေါ်စု

သားငယ်နှစ်ယောက်နှင့်အတူ တွေ့ရသည့် အိမ်ရှင်မ ဒေါ်စု

မသီတာ(စမ်းချောင်း)

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*