သတင်းဆောင်းပါး — ဖေဖော်ဝါရီ ၇၊ ၂ဝ၁၃

တကယ်တော့ မိုက်ကယ် နာမကျန်းတာဟာ စစ်အစိုးရအတွက်တော့ စုကို သူတို့လမ်းကနေ ဖဲ့ထုတ်ဖို့ အခွင့် အရေးကောင်း ဖြစ်နေတာပါပဲ။ သူတို့က စုကို ဒီအတိုင်း မောင်းထုတ်မယ်ဆိုရင် အပြောအဆို ခံရနိုင်တာကိုး။ အခုတော့ စစ်အစိုးရက စုကို အင်္ဂလန်ကို ပြန်ချင် ပြန်ပါ လို့ပြောလာပါတယ်။ မြန်မာပြည် ကို ပြန်ဝင်ခွင့်ပြုဖို့ မသေချာမယ့် ဇာတ်မျိုးကို စုကို ကစေချင်တာပေါ့။ ဘယ်သူကမှ သူတို့ကို မယုံခဲ့ကြပါဘူး။

အဲဒီအချိန်မှာ အလက်ဇန္ဒားက အသက် ၂၅ နှစ်နဲ့ ကင်မ်က ၂၁ နှစ် ရှိနေပါပြီ။ သူတို့က သူတို့အမေကို အဖေ့ရဲ့ နောက်ဆုံး အချိန်အတွက် ပြန်လာစေချင်ခဲ့ပါတယ်။ စု ကိုယ်တိုင်လည်း သုံးနှစ်လောက် မတွေ့ခဲ့ရတဲ့ မိုက်ကယ့်ကို နောက်ဆုံးအချိန်မှာ အနားကပ်နေပြီး ပြုစုချင်ခဲ့တာပါ။ ဒါပေမယ့် သူ မြန်မာပြည်ကို ပြန်လာခွင့် မရနိုင်တော့ရင်လို့ တွေးမိကာ အင်္ဂလန်ကို မပြန်နိုင်ခဲ့ ပါဘူး။ သူ့မှာ မြန်မာပြည်က လွဲရင် သွားနေစရာ နေရာ လည်း မရှိဘူးလေ။ စုအနေနဲ့ မိုက်ကယ့် နောက်ဆုံး အချိန် အတွက် သူ ပြန်မလာနိုင်တော့ဘူးလို့ ကလေး နှစ်ယောက်ကို ပြောပြရချိန်မှာ သူ့နှလုံးသားတွေ ဘယ်လောက်ကြေ ကွဲမယ်ဆိုတာ မှန်းဆနိုင်ပါတယ်။ ဒါဟာ သူ့ဘဝမှာ အကြီးမားဆုံး ဝမ်းနည်းကြေကွဲရမှုထဲက တစ်ခုဖြစ်မှာပါ။

ကမ္ဘာပေါ်မှာ ဘယ်အရာမှ တသမတ်တည်း ဆိုတာ မရှိပါဘူး။  ဘဝဆိုတာ မရေရာဘူး ဆိုတာကို သဘော ပေါက်ခဲ့တယ် ဆိုရင် မိဘနဲ့ သားသမီး၊ ဇနီးနဲ့ ခင်ပွန်းကြား မှာလည်း ခွဲခွာခြင်းဆိုတာ ရှိမယ်လို့   သဘောပေါက်နိုင် ပါတယ်။ လူဆိုတာ စတွေ့တဲ့အချိန်ကစလို့ ခွဲခွာခြင်းဆီကို လျှောက်လှမ်းနေသူတွေ လေ။ ဗုဒ္ဓရဲ့ အနိစ္စတရား ကတော့ စုကို ဖြေသိမ့်ပေးမှာ ပါပဲလေ။

၁၉၉၉၊ မတ် ၂၉ မနက် ၁ဝ နာရီ လောက်မှာတော့ အလက်ဇန္ဒား ကို တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေတာ တွေ့ရ ပါတယ်။ မိုက်ကယ် ဆုံးတာ နှစ်ရက်ရှိသွားပြီလေ။ အ လက်ဇန္ဒားက “မေမေ၊ ဒီနားမှာ ဘယ်သူ ရှိနေတယ် ထင်လဲ။ နိုရီကိုပေါ့”လို့ ပြောလိုက်ပါတယ်။ ကျွန်မဘက်ကိုလည်း ဖုန်းခွက်ကို လှမ်း ပေးလိုက် လေရဲ့။ ကျွန်မက စုရဲ့ အသံကို ကြားရဖို့ လုံးဝ မမျှော်လင့်ထားဘူးလေ။ “ဟဲလို နိုရီကို၊ အို့စုဆန်ရော ဘယ်မှာလဲ၊ နေကောင်းလား”တဲ့ စုက မေးပါတယ်။ ကျွန်မ ခင်ပွန်းက သူ့တက္ကသိုလ်မှာ ဘွဲ့နှင်းသဘင် အခမ်းအနား တစ်ခု ရှိနေတော့  ဒီကို လိုက်မလာနိုင်ဘူးလေ။ ကျွန်မလည်း စုကို “ရှင့်အိမ်ကို စိတ်မပူနဲ့နော်။ ရှင့်စိတ်ထဲမှာ တာဝန်တွေကိုပဲ တွေးနေပေါ့။ ရှင့်သားတွေကို ကျွန်မစောင့်ရှောက်ပါ့မယ်”လို့ ပြောဖြစ်ခဲ့ ပါတယ်။ စုက ဆို့နင့်နေတဲ့ အသံနဲ့ “ကျေးဇူးနော်” လို့ဆိုပါတယ်။

သူ့မိသားစုက တစ်ယောက်ပြီး တစ်ယောက် စုနဲ့ စကားပြောကြ တာကို ကျွန်မက နားထောင်နေမိပါတယ်။ စု ပြောနေပုံက မိုက်ကယ့် ပိုင်ဆိုင်မှု ငွေကြေးတွေကို သားနှစ်ယောက် အညီအမျှ ခွဲဝေယူကြဖို့နဲ့ သူ လိုချင်တာ ကတော့ မိုက်ကယ့် အရိုးပြာ ဆိုတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်

စု၏နိုင်ငံသို့ ခရီး (၂ဝဝ၇)

မြန်မာပြည်သို့ အလည်သွားရန် သံဃာ့ လှုပ်ရှားမှုက သတိပေးလိုက်ခြင်း

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နောက်ပိုင်းမှာ ကတည်းက ကျွန်မ စိတ်ထဲမှာ စုရဲ့နိုင်ငံကို မြင်ဖူး ရောက်ဖူးချင်နေ ခဲ့ပါတယ်။ စု နေအိမ် အကျယ်ချုပ် ကျပြီးနောက်ပိုင်း မြန်မာပြည် အခြေအနေက ငြိမ်ကျသွားသလို ရှိပေမယ့် စုရဲ့ ဂျပန်မိတ်ဆွေ အသီးသီးက မြန်မာပြည်ဗီဇာ လျှောက်ခဲ့ကြပေမယ့် တစ်ယောက်မှ ဗီဇာမရခဲ့ကြပါဘူး။ ဒီတော့ ကျွန်မလည်း ဗီဇာ မရနိုင်ဘူးလို့ပဲ ထင်မိပါတော့တယ်။

သူငယ်ချင်းတွေရဲ့ အပြောအရလည်း အဲဒီအတွေးအထင်က ပိုခိုင်မာလာခဲ့တာပေါ့။ “ကျွန်မ ဗီဇာသွား လျှောက် တော့ ရှင်တို့လင်မယား နှစ်ယောက်ရဲ့ နာမည်တွေကို ခန်းကြီးလို ရေးပြပါလို့ မြန်မာသံရုံးက ခိုင်းတယ်လေ။ ရှင်တို့နာမည်တွေကို ဗီဇာမပေးမယ့် ဘလက်လစ်ထဲမှာ ထည့်ထားပြီ ထင်တယ်။ ရှင်တို့ မြန်မာပြည်ကို မသွားသင့်ဘူး”လို့  ပြောပြခဲ့တာကိုး။

၁၉၉၆ ခုနှစ်မှာတော့ ငွေရလိုဇောနဲ့ သူတို့က နိုင်ငံခြားသား ဧည့်သည်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဂျပန် လေကြောင်းလိုင်း အားလုံးကလည်း အိုဆာကာနဲ့ ရန်ကုန်ကြားမှာ တိုက်ရိုက် ပျံသန်းမှုတွေတောင် လုပ်လို့ပါပဲ။ ကျွန်မသာ တိုးရစ်တွေကြားမှာ လိုက်သွားနိုင်ရင် ဗီဇာ ရချင် ရလေမလားပေါ့။ ဒါနဲ့ပဲ စုဆီကို ကျွန်မက ဖုန်းခေါ် လိုက်ပါ တယ်။ တစ်ဘက်က ဖုန်းလက်ခံတဲ့ လူငယ်က စုကို စိတ်ပါလက်ပါ ခေါ်ပေးရှာလေရဲ့။ ဒါပေမယ့် ဖုန်းလာကိုင်တာ ကတော့ စု မဟုတ်ပါဘူး။ စိတ်ပျက်နေတဲ့ အသံနဲ့ လူတစ်ယောက် က ဖုန်းကို ဖြေပေးပါတယ်။ “ နာမည် ဘယ်သူပါလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လို သိတာလဲ။  ဘာလဲ….ခင်ဗျားက ဂျာနယ်လစ် လား၊ ဘာလဲ” သူ့အမေးတွေနဲ့ပဲ ကျွန်မမှာ တုန်ရီလာတော့တာပါပဲ။

ရုတ်တရက် သူ့အသံက ပျောက်သွားပြန်ကာ စုအသံ ပေါ်လာပါတယ်။ ကျွန်မကလည်း တုံးတိကြီးပဲ မြန်မာပြည်ကို လာလည်ရမလားလို့ မေးလိုက်ပါတယ်။ “ရှင် မလာသင့်ဘူး။ ရှင့်ပိုက်ဆံတွေ အားလုံး စစ်အစိုးရ လက်ထဲ ရောက်သွားမှာ။ သူတို့ကို အားမပေးသင့်ဘူး” လို့ စုက ဒေါသတကြီး ပြန်ဖြေလိုက်ပါတယ်။ ၁ဝ နှစ် လောက် ကွဲကွာ နေပြီးတဲ့နောက် စကားပြန်ပြောခွင့် ရတဲ့အခါမှာတော့ ဒီထက်ပိုပြီး အဆင်ပြေသင့်တယ် မဟုတ်လားရှင်။ ဘယ်လောက်များ စိတ်ပျက်စရာ ကောင်းလိုက် ပါလိမ့်နော်။ သူ ဘာဖြစ်နေတာလဲ။ ကျွန်မလည်း စိတ်တွေ တိုသွားလေရဲ့။ မြန်မာပြည်ကို မသွားတော့ဘူးလို့လည်း စိတ်ပိုင်းဖြတ်လိုက် ပါတော့တယ်။ မြန်မာ စကားတော့ လေ့လာမှ ဖြစ်မယ်ဆိုပြီး စာအုပ်တစ်အုပ် ဝယ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ လက်လျော့လိုက်ရပါတယ်။ စာအုပ်က အခုထိ စင်ပေါ်မှာ ဖုန်တက်ပြီး ရှိနေသေးတာပါ။

အဲဒီနှစ် နွေရာသီမှာပဲ မိုက်ကယ့်ကို စုနဲ့ စကားပြောဖြစ်တဲ့ အကြောင်း ပြန်ပြောပြလိုက်ပါတယ်။ မိုက်ကယ် ကတော့ ကျွန်မကို နှစ်သိမ့်လေရဲ့။ “နိုရီကို၊ စိတ်မလောပါနဲ့။ စစ်အစိုးရ မရှိတော့ရင် ဆာဒါယိုရှီနဲ့ ခင်ဗျားကို စုက ဖိတ်မှာ ပေါ့”တဲ့။ ကျွန်မက “အဲဒါ ဘယ်တော့တဲ့လဲ”လို့ မေးလိုက်မလို့ပါပဲ။ ဒါပေမယ့် အထီးကျန် မိုက်ကယ့်ကိုတော့ မမေးရက်တော့ပါဘူး။ ဘယ်တော့မှန်း မသိခင်မှာပဲ မြန်မာပြည် ကို အလည်သွားဖို့ မျှော်လင့်ချက် တွေ ကုန်သွားခဲ့ပါတယ်။ ၁၅ နှစ် ကြာပြီးနောက် ၂ဝဝ၇ ခုနှစ် သြဂုတ် ၁၅ မှာ စစ်အစိုးရက ဓာတ်ဆီဈေး နဲ့ သဘာဝ ဓာတ်ငွေ့ဈေးတွေကို ကြို မပြောဘဲ အဆနဲ့ချီကာ တက်လိုက် ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား တွေအပါအဝင် လူထုက နောက်နေ့ တွေမှာ ဆန္ဒပြတဲ့ လမ်းလျှောက်ပွဲကို လုပ်တော့တာပါပဲ။ သူတို့က အလုပ်လည်း မရှိ၊ ငွေလည်း မရှိနဲ့ ဘတ်စ်ကားခတွေ တက်သွားတော့ ပေး စရာငွေ မရှိတဲ့ အတွက် လမ်းပဲ လျှောက်မယ်လို့ဆိုကာ လမ်းလျှောက်ကြတာပါ။ သြဂုတ် ၂၆ မှာတော့ မင်းကိုနိုင်၊ ကိုကိုကြီး၊ မြအေး၊ ဂျင်မီ၊ ပြုံးချို တို့တတွေ အဖမ်းခံရ ပါတော့တယ်။

အဲဒီလမ်းလျှောက် လှုပ်ရှားမှု ဟာ တခြားမြို့တွေကိုပါ ကူးစက်ကာ ဘုန်းကြီးတွေ၊ ကျောင်းသား တွေသာမက လူထုလည်း ပါလာခဲ့ကြပါတယ်။ ဘုန်းကြီးတွေလည်း သပိတ်မှောက်ကာ ကံဆောင်ကြပါတယ်။ ပခုက္ကူမှာ ဘုန်းကြီးတွေကို အာဏာ ပိုင်တွေက ရိုက်နှက် သတ်ဖြတ်တာတွေပါ လုပ်လာတာကြောင့် သံဃာတော်တွေရဲ့ ဆန္ဒပြမှုဟာ ပိုပြီး ကြီးကျယ်လာခဲ့ပါတယ်။ အနောက်နိုင်ငံတွေက “ဆဖရွန် တော်လှန်ရေး”လို့ နာမည် တပ်လိုက်ပါတယ်။ သင်္ဃန်းရောင်ကို “ဆဖရွန် (ကြက်သွေးနီ)” လို့ ခေါ်လိုက်လို့ပါ။

မသီတာ(စမ်းချောင်း)

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*