သတင်းဆောင်းပါး — မတ် ၇၊ ၂ဝ၁၃

ကျွန်မတို့လည်း အလွန် အင်မတန် စိတ်ပျက်လက်ပျက် ဖြစ်နေမိတဲ့ ကြားထဲက ပြောင်းရွေ့သွားတဲ့ ဒဂုံ တက္ကသိုလ် တစ်ဖြစ်လဲ ရန်ကုန် တက္ကသိုလ်ကို သွားဖြစ်ခဲ့ပါတယ်။ ကားနောက်ခန်း အလယ်မှာ ထိုင်ပြီး မညီမညာ အဖုအထစ် အချိုင့်အပိန့်တွေ များလှတဲ့ လမ်းတစ်လျှောက် တစ်နာရီကျော်ကြာအောင် စီးပြီး လိုက်လာ ရတာဟာ ကိုယ့်ကိုယ်ကို ညာပြီး နှစ်သိမ့်တဲ့ အတတ်ပညာကို လေ့လာနေရသလိုပါပဲ။ ကားလေးက မြို့လယ် ကနေ အရှေ့မြောက် ဘက်ဆီ ဦးတည်နေပါတယ်။ ကား လမ်းရဲ့ ဘယ်ဘက်အခြမ်းမှာတော့ ရထားလမ်းကို တွေ့ရပါတယ်။ ကားက ဘယ်ကွေ့ကာ ရထားလမ်း ကို ကျော်ပြီး လမ်းကြားတစ်ခုထဲ မောင်းဝင် လိုက်တယ်ဆိုရင်ပဲ ကားက ဆောင့်ပြီး ခုန်သွားလေရဲ့။ လမ်းရဲ့ တစ်ဘက်တစ်ချက်မှာတော့ စပါးခင်းတွေ ရှိနေပါတယ်။ စပါးခင်း အလယ်မှာတော့ အဆောက်အဦ ဖြူဖြူကြီး က မြင်ကွင်းထဲမှာ ထီးထီးကြီး ဝင်လာပါတယ်။ ဂိတ်စောင့်က ဆရာမလေးရဲ့ မျက်နှာကို သေချာကြည့်ပြီးမှ ဂိတ်တံခါးကို ဖွင့်ပေးလိုက် ပါတော့တယ်။

ကျောင်းဝင်းရဲ့ အတွင်းအကျ ဆုံးနေရာက တောင်ကုန်းတစ်ခုပါ။ အင်္ဂတေ အုတ်လှေကားထစ်ဖြူဖြူတွေရဲ့ အဆုံးမှာတော့ တိုင်လုံးဖြူဖြူတွေနဲ့ အဆောက်အဦ ရှိနေပါတယ်။ တိုင်လုံးတွေနောက်က အဆောက်အဦကို တွေ့ရတာ နန်းတော်လိုလို ဘာလိုလို ပါ။ ဂရိက ပါသီနွန်လေလားပေါ့။  ပင်မအဆောက်အဦရဲ့ ဘေးတစ်ဖက် တစ်ချက်မှာတော့ ကျောင်း စာသင်ခန်းတွေ အများကြီး ရှိနေပါတယ်။ ကြည့်ရတာ ဘယ်ဘက်ခြမ်း ကနေ ညာဘက်ခြမ်းမှာ ရှိတဲ့ စာသင်ခန်းတွေ ဆီ လျှောက်ရရင် အချိန် အတော်ကြာမယ့်ပုံပါပဲ။

ဒီနေရာမှာ ဂျပန်တက္ကသိုလ် တွေလို အိုင်တီ၊ စာကြည့်တိုက်၊ အားကစားခန်းမ၊ ၂၄ နာရီ ဈေးဆိုင်၊ အခမဲ့ ကျောင်းကား ဆိုတာမျိုး တွေ ပံ့ပိုးမယ်ဆိုရင်တောင် ဘယ် ကျောင်းသားမှ လာတက်ချင်ပုံ မရလောက်ပါဘူး။

ကျောင်းပရဝဏ်အပြင်မှာတော့ အအေးဆိုင်တချို့ကို တွေ့ခဲ့ရပါတယ်။ ကျောင်းဝင်းထဲမှာ ဘာဆိုင်မှ မတွေ့ မိလေတော့ ကျောင်းသားတွေဟာ ကျောင်းဆောင်လည်း မရှိ၊ ဈေး ဆိုင်လည်းမရှိဘဲ ဘယ်လိုများ ကျောင်း တက်နေသလဲ ဆိုတာ မတွေးတတ် အောင်ပါပဲ။ ကျွန်မက တက္ကသိုလ် ဆရာမတစ်ယောက်ရေးတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်ခဲ့ဖူးတာမို့ သတိရ မိပါတယ်။ ကျောင်းဆောင်မှာ နေဖို့ အတွက် သူက စာအုပ်စာတန်းတွေ အပြင် ထမင်းဟင်းချက်စရာ အိုးခွက် တွေကိုပါ ယူလာခဲ့ရပါသတဲ့။ သူက အဲဒီဒုက္ခတွေကို ခံနိုင်ပေမယ့် သွားရေး လာရေး အဆင်မပြေတာကိုတော့ မခံနိုင်ဘူးလို့ဆိုပါတယ်။ ဒါကြောင့် သူ့ကျောင်းသားတွေက သူတို့ရဲ့ဆိုင်ကယ်နောက်ခုံမှာ သူ့ကို တင်ခေါ်ပေးရင် ကံကောင်း လှချည့်လို့ တွေးနေမိပါသတဲ့။

“ကျွန်မက ဝန်ထမ်းဆိုတော့ ဘာမှ မပြောချင်ပါဘူး။ ဒါပေမယ့် ကျောင်းသားတွေကတော့ ကျောင်းကို သိပ်မလာချင် ကြဘူးလေ။ ဒါ ကြောင့် တစ်နေ့ထက် တစ်နေ့ ကျောင်း လာတက်တဲ့သူက နည်းနည်းသွား ပါတယ်။ နောက်တစ်ခု ကတော့ ဒီလို အခက်အခဲတွေကို ကျော်လွှားပြီး ကျောင်းပြီး ဘွဲ့ရတဲ့အခါမှာလည်း အလုပ်လက်မဲ့က ဖြစ်နေပြန်ပါတယ်။ ဒီလိုနဲ့ လူငယ်လေးတွေက တရားမဝင် ဈေးကွက် အလုပ်တွေကို လုပ်ဖြစ် သွားကြလေရဲ့”လို့ ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က ရှင်းပြပါတယ်။ သူကတော့ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ခွင့် ရခဲ့တဲ့ ကံထူးရှင်ပေါ့။  သူ့အသက်က ၃၀ ကျော်ပေမယ့် ရံ ဖန်ရံခါ စကားပြန်အလုပ်လေး ရတာ ကလွဲရင် ဘာအလုပ်မှ မရှိရှာပါဘူး။

ကျွန်မလည်း စစ်အစိုးရရဲ့ အမျှော်အမြင်ကို အံ့ဩမိပါတယ်။ ပညာရေးဆိုတာ ပုဂ္ဂလိကပြဿနာမျိုး မဟုတ်ဘဲ အနာဂတ် နိုင်ငံတော် အတွက် စိတ်ခွန်အားကို ပျိုးထောင်နေတာလို့ နားမှလည်ရဲ့လားလို့လည်း တွေးနေမိပါတယ်။

စာရေးသူ နိုရီကို ဇနီးမောင်နှံ မြန်မာပြည်သို့ ရောက်ရှိခဲ့စဉ်

စာရေးသူ နိုရီကို ဇနီးမောင်နှံ မြန်မာပြည်သို့ ရောက်ရှိခဲ့စဉ်

ရှေးခေတ်မြို့တော် ပုဂံ

ကျွန်မတို့လည်း ဟိုတယ်ကနေ မနက် ၅ နာရီကတည်းက ထွက်ပြီး အလည်ခရီးကို စလိုက်ပါတယ်။  ကျွန်မတို့ ကားက မီးပွိုင့်တစ်ခုမှာ ရပ်လိုက်ခိုက်မှာတော့ မထင်မှတ်ဘဲ ဖိနပ်မပါတဲ့ ကလေးတစ်သိုက်က ကားနားကို ကပ်လာကာ သစ်ခွပန်းတွေ လာရောင်းပါတယ်။ ကျွန်မတို့လည်း ရုရှမှာ အခုလိုပဲ ကားရှေ့ ဘွားခနဲ ပေါ် လာပြီး ကားမှန်ဆေးပေးဖို့နဲ့ ပစ္စည်းတစ်ခုခုရောင်းဖို့ ကြိုးစားတဲ့ ကလေးတွေကို သတိရသွားမိပါတယ်။

ပုဂံလေဆိပ်ကတော့ ပုံပြင်ထဲက မြို့တော်ရဲ့အဝင်ဝပဲပေါ့။ လေဆိပ်က မြို့ထဲသွားတဲ့ လမ်းတစ်လျှောက် မှာတော့ ရေတမာပင်တွေ စီတန်းစိုက် ထားလေရဲ့။ အဲဒီအပင်ရဲ့ အရွက်တွေက သွားကိုက်ပျောက်စေတယ် လို့လည်း သိရပါတယ်။ ကျွန်မတို့လည်း နေ့လယ် ၁၂ နာရီမှာ ညောင်ဦးဈေး ပိတ်မှာမို့ ဈေးမပိတ်ခင်မီအောင် သွား ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ညောင်ဦးဟာ ရှေးယခင်နှစ် များစွာကတည်းက လမ်းပန်းဆက်သွယ်မှု အချက်အချာ ကျပြီး ကုန်ဖလှယ်တဲ့ နေရာဖြစ်ခဲ့ ပါတယ်။ ဈေးထဲမှာ ရောင်းနေတာတွေက အမယ်စုံလွန်းလို့ ကျွန်မတော့ အံ့တောင် ဩမိပါတယ်။ ဈေးအရှေ့ဘက်မှာလည်း တခြား လမ်းဘေးဈေးသည်တွေ အများကြီး ရှိနေလေရဲ့။

ဈေးအတွင်းမှာလည်း ဆိုင်ခန်းတွေက အတန်းလိုက် အများကြီးမို့ ဒီနိုင်ငံမှာ အငတ်ဘေးဆိုတာ သိမှ သိပါလေစ လို့ မေးရမလိုပါ။ တကယ် တော့ ၁၉၆၂ ခုကတည်းက စစ်အာဏာရှင် လက်အောက်မှာ ရှိနေခဲ့ပေမယ့် တော်လှန် ပုန်ကန်မှုတွေ သိပ်မရှိခဲ့တာဟာ ဒါကြောင့်ပဲ ဖြစ်မယ် ထင်ပါတယ်။ လူတွေက မြောက်ကိုရီးယားမှာလို သိပ်မငတ်ကြတော့ အေးဆေး နေတယ် ထင်ပါရဲ့။

၂၀ဝ၈ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာက သူ့စာအုပ်တစ်အုပ်ထဲမှာ ၁၉၆၉ ခုနှစ် က ပုဂံဈေးကို သွားခဲ့တဲ့အကြောင်း ရေးထားတာ ဖတ်ရဖူးပါတယ်။ အဲဒီအချိန်က သူတို့အုပ်စုဟာ လူ ၂၀ လောက် ပါပြီး တည်းစရာနဲ့ စားစရာ နေရာတွေ အတော့်ကို ရှားပါးခဲ့တယ် လို့ ဆိုထားပါတယ်။ သူတို့ ဘုရားဖူးအဖွဲ့က ပုဂံမှာ အစားအသောက် ဈေးဝယ်ထွက်တဲ့အကြောင်းကို ရေးထားတာပါ။ ပုဂံဈေးက သေးပေမယ့် အစားအသောက်တွေက လတ်ဆတ်သလို အရည်အသွေး ကောင်းသလောက် ဈေးချိုနေတာကို သူတို့က အံ့ဩခဲ့ကြကြောင်းပါ။ အဲဒီထဲမှာ မှ ဈေးသည်တွေအနေနဲ့ ဈေးဝယ်တွေကို သူတို့ရဲ့ကုန်ပစ္စည်း အရည်အသွေး ကို ဖြစ်ဖြစ် ဈေးနှုန်းကိုဖြစ်ဖြစ် ညာဝါးပြီး မရောင်းတာကို သဘောအကျဆုံးလို့ ရေးထားတာပါ။

ဒေါ်အမာက အစားအသောက်တွေ အထားခံအောင် မလုပ်တတ်တဲ့ နေရာတွေမှာ လတ်ဆတ်မှုဟာ အရေးကြီးတဲ့ အတွက် အစားအစာ တွေကို ရွေးတဲ့အခါ အနီးအနားဒေသက အစားအစာတွေက ပိုလတ်ဆတ်နိုင်တာမို့ အဲဒီလို အစားအစာတွေကို ရွေးဝယ်ဖြစ်ကြတယ်လို့ ရေးပါတယ်။ အိမ်ရှင်မတွေ အနေနဲ့ အဲဒီလို ရွေးတတ်တာမျိုးရယ် ၊ ဈေးမများဘဲ အရည် အသွေး မညံ့အောင် ရွေးတတ်တာမျိုး ရယ်ဟာ အရည်အချင်းတွေပါ လို့လည်း ဆိုပါတယ်။ ကျွန်မကလည်း အခုအချိန်အထိ ဧရာဝတီမြစ်ကြီးကို ကြည့်ရင်း စားခဲ့ရတဲ့ နေ့လယ်စာနဲ့ ရုပ်သေးပွဲ ကြည့်ရင်း စားခဲ့ရတဲ့ ညစာတွေကို မမေ့နိုင်သေးပါဘူး။ ဒါဟာ လတ်ဆတ်တဲ့ အသားအရွက်တွေနဲ့ ချက်ထားလို့ ဖြစ်မှာပါ။

ပုဂံမှာ တစ်နေကုန် လည်တယ် ဆိုပေမယ့် ဒီလို သမိုင်းဝင်နေရာအတွက် အချိန်မလောက်ပါဘူး။ ၄၂ စတုရန်း ကီလိုမီတာ အကျယ်အဝန်း ရှိတဲ့ ပုဂံမြေပေါ်မှာ လွန်ခဲ့တဲ့ ၁၁ ရာစုကနေ ၁၃ ရာစုအတွင်း တည် ထားခဲ့တဲ့ စေတီပုထိုးတွေနဲ့ ဘုရားတွေကို ကြည့်ရှုလေ့လာရတာ အနည်းဆုံး တစ်ပတ်လောက် ကြာမှ ရမယ် ထင်ပါ တယ်။ ဒါပေမယ့် ကျွန်မတို့ ရဲ့ ဧည့်လမ်းညွှန်က တော်လေတော့ အရေးကြီးတဲ့နေရာတွေကိုတော့ ရောက်သွား နိုင်ခဲ့ပါတယ်။ အထူးသဖြင့် လေးထောင့် စပ်စပ် တည်ထားတဲ့ အာနန္ဒာစေတီကို အမှတ်မိဆုံးပါပဲ။ အရှေ့၊ အနောက်၊ တောင်၊ မြောက် မုခ်လေးမုခ်တိုင်းမှာ ၉.၂ မီတာ အမြင့်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီ ရှိနေပါတယ်။ အဝင်ဝမှာကတည်းက  မြင်နိုင်သလို အနီးကပ်ဖူးတော့လည်း တစ်မျိုး တွေ့ရပါတယ်။ မျက်နှာတော်တွေက တစ်ခုနဲ့တစ်ခု သိပ်မတူလှပါဘူး။ အနီးကပ် ကြည့်ရင် ပြုံးတော်မူနေတဲ့ပုံကို ဖူးနိုင်တာမို့ ရုပ်ပွားတော် ကိုယ်တော်တိုင်က အဝေး မသွားနဲ့ဦးလို့ တားနေသလိုလို ထင်ရစေတာကိုးနော်။ ဒီလိုအေးချမ်းတဲ့ အပြုံးနဲ့ ကြင်နာမှုတွေဟာ ဗုဒ္ဓထံကချည်း မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင် တွေထံကနေပါ ရနေတယ်လို့ ကျွန်မတော့ မြင် မိလေရဲ့။

မသီတာ-စမ်းချောင်း

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*