သတင်းဆောင်းပါး — မတ် ၂၁၊ ၂ဝ၁၃
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်နှစ်ယောက်

ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်နှစ်ယောက်

ပါမောက္ခ တိုရူအိုနိုက “မြန်မာ လူ့အဖွဲ့အစည်းနှင့် ယင်း၏ တန်ဖိုး” ဆိုတဲ့ စာအုပ်ထဲမှာ ပုံဂံနားကလူတွေ အနေနဲ့ ညောင်ဦးနဲ့ ပုဂံကြားက နေရာရဲ့ အောက်ဖက် ၂၄ ယူဇနာအနက် မှာ ငရဲရှိနေတယ်လို့ ယုံကြသတဲ့။ (တစ်ယူဇနာကို ၈ ကီလိုမီတာ ရှိပါတယ်။) ဒါကြောင့် ကျွန်မက ပုဂံမှာ လျှောက်လည်ခိုက် ကျွန်မ ရပ်နေတာ ဘယ်ငရဲပေါ်မှာ ပါလိမ့်လို့  တွေးမိတတ် ပါတယ်။

ကျွန်မတို့ မန္တလေးကို ပြန်ခဲ့ကြပါတယ်။ မန္တလေးလေဆိပ်ကို တရုတ်တွေက ဆောက်ပေးတယ်လို့ ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က ပြောပါတယ်။ မန္တလေးဆိုတာ အချက်အချာနေရာမို့ ဒီမှာ လေဆိပ်လာဆောက် ပေးတာ သိပ်အမြော်အမြင်ကြီးတဲ့ စိတ်ကူးပေါ့။ ကျွန်မတို့နဲ့သိတဲ့ လားရှိုးသူလေးတစ်ယောက်က လွန်ခဲ့တဲ့ ၁ဝနှစ်က ပြောခဲ့ဖူးတာ ကို သတိရ မိပါတယ်။ “လားရှိုးမှာ တရုတ်စကား မတတ်ရင် နေလို့ မဖြစ်ဘူး။ ဒီမှာက တရုတ်တွေချည်း ကြီးစိုးနေတာ”လို့ ပေါ့။

အမရပူရ

ကျွန်မတို့က မန္တလေးကိုရောက်ပေမယ့် အမရပူရကို အရင်သွားလည် ကြပါတယ်။ အမရပူရဟာ ၁၇ ရာစု အင်းဝခေတ် ရဲ့မြို့တော်ပါ။ ရှေးခေတ် က အကြွင်းအကျန်ရယ် လို့ ဟုတ်တိ ပတ်တိ မရှိတော့ပေမယ့် မဟာဂန္ဓာရုံ နဲ့ ဦးပိန်တံတား ကတော့ အထင်ကရ ကျန်ပါတယ်။ ဒီမြို့က ချည်ထည် လုပ်ငန်းလည်း အတော်ကြီး နာမည် လည်း ကြီးတာကိုး။

ဦးပိန်တံတားကတော့ လွန်ခဲ့တဲ့ နှစ် ၁၆ဝ က ဆောက်ခဲ့တဲ့ တံတားအိုကြီးပါ။ မြို့တော်ကို အမရပူရကနေ မန္တလေးကို ရွှေ့တဲ့အခါ မြို့ခံကြီး ဦးပိန်က တောင်သမန်အင်းကို ဖြတ်ကာ ၁.၂ကီလိုမီတာ ရှည်လျားတဲ့ ဒီတံတားကြီးကို ကျွန်းတိုင်ပေါင်း  ၁ဝ၈ဝ တိုင်နဲ့ တည်ဆောက်ခဲ့ ပါတယ်။ တံတား ပတ်ဝန်းကျင်က ရှုမျှော်ခင်း တွေက လွမ်းမောစရာ လှလွန်းတာမို့ ကျွန်မတို့လည်း အငေးသားပါပဲ။ အဲဒီအချိန်မှာ တံတား အောက်က အင်းထဲမှာ ရေခန်းပြီး ကျွဲကျောင်းနေတဲ့ မိသားစုထဲက အမျိုးသမီး တစ်ယောက်ရဲ့ သီချင်းညည်းသံကို သာယာနာပျော် ဖွယ်ရာ ကြားလိုက်ရပါတယ်။ ဒီရှုခင်းကတော့ တစ်ကမ္တာလုံးက သဘောကျတဲ့ ရှု ခင်းပါလေ။

ကျွန်မတို့ ချည်ထည် ဆိုင်တွေဘက် လေ့လာဖို့ ခရီးဆက်ခဲ့ကြ ပြန်ပါတယ်။ ကျွန်မတို့ ကျိုတိုမှာ ရှိတဲ့ နီရှီဂျင်း ပိတ်စ ထုတ်လုပ်ရေးကို လေ့လာ သလိုမျိုး ဖြစ်မလားလို့ မျှော်လင့်မိပေမယ့် တဲလေးထဲမှာ ရှိနေတာက သစ်သား ရက်ကန်းစင်လေး နှစ်စင်ပါပဲ။ အမျိုးသားတစ်ဦးက အပေါ်ပိုင်း ဗလာကျင်းပြီး ရက်ကန်းခတ် နေတာကို တွေ့လိုက် ရပါတယ်။ အမျိုးသမီးလေး နှစ်ယောက်ကတော့ သူတို့စိတ်ထဲ မှတ်ထားတဲ့အတိုင်း အဆင်တွေ ပေါ်လာအောင် လွန်းတွေကို ဘယ်ညာ စည်းချက်ညီ ရက်ဖောက်နေလေရဲ့။ သူတို့ ကြည့်ရတာ ကျွမ်းကျင်လွန်းလှပါတယ်။

တဲရဲ့ မျက်နှာချင်းဆိုင်မှာတော့ အထည်တွေ ရောင်းတဲ့ အုတ်တိုက် ဆိုင်လေးတစ်ဆိုင် ရှိနေပါတယ်။ နိုင်ငံခြား သူတွေက ထမိန် တစ်ကွင်းပြီး တစ်ကွင်း ဖြန့်ကြည့် ပတ်ကြည့်ပြီး ပြန်ချထားတာတွေနဲ့ မှန်ဘီရိုလေးက ရှုပ်ပွနေ လေရဲ့။ ဆိုင်အတွင်းဘက်က ဘီရိုထဲမှာတော့ ပိုးထည်တချို့ကို တွေ့ရပြီး အဲဒီမှန်ဘီရိုရှေ့မှာတော့ အချိန်ကို ဘယ်လိုဖြုန်းရမှန်း မတွေးတတ်သလို ရှိနေတဲ့ အမျိုးသား အုပ်စုကို တွေ့ရပါတယ်။

ဒီမှာ အထည်တွေကို ဂရုတစိုက် ရှိပုံဟာ ညောင်ဦးဈေးထဲက အထည် ဆိုင်တွေရဲ့ သူတို့ရောင်းကုန်ကို ဂရု စိုက်ပုံ ထက် အများကြီး သာတာကို သတိထားမိ ပါတယ်။ ညောင်ဦးဈေး ထဲက အထည်တွေက သိပ်အရည် အသွေး မကောင်းလှ တာကိုလည်း သတိထားမိပါတယ်။ ဈေးတွေကလည်း ကွာတာကိုး။ ဒီအမရပူရမှာ ဈေးက ပိုများတယ်လေ။ ကျွန်မရဲ့ ခင်ပွန်းကတော့ ဈေးဝယ်တာကို စိတ်တိုတတ်သူမို့ “ခင်ဗျား ဒေါ်လာ ၇ဝ ဖိုး ဝယ်မှာ ကို အချိန်ဘယ်လောက် ကြာကြာ သုံးနေမှာလဲ” လို့ ပြောလေရဲ့။  ဒါပေမယ့် သူကလည်း ရုရှားက အရည်အသွေးနိမ့် ပစ္စည်းတွေကို ဝယ်တာပဲလေ။ အဲဒီလို ပြောရင်တော့ နိုင်ငံ ထဲကို ငွေတွေ ရောက်သွားတာ ကောင်းတယ်လို့ ဆင်ခြေပြောပြောဦးမှာ။ ဒီတော့ ကျွန်မကလည်း ကျွန်မတို့ရဲ့ ငွေတွေဟာ စုရဲ့နိုင်ငံထဲက လူတွေ ရသွားမှာမို့ ဈေး ဝယ်နေတာပေါ့လို့ ပြန်ချေရတာပ။ တကယ်တော့ ညောင်ဦး ဈေးကနေ ဝယ်လာခဲ့တဲ့ အထည် တွေက အရည်အသွေး ညံ့တာကြောင့် ဘယ်သူ့ကိုမှ လက်ဆောင် မပေးနိုင် ဖြစ်ရပါတယ်။ ဈေးရောင်းတဲ့အမျိုး သမီးက အပြောကောင်းသူမို့ ဘယ်သူ့ကိုမှ မပေးဖြစ်ဘဲ ကျန်နေတဲ့ အထည်တွေ မြင်တိုင်း အပြောကောင်းတဲ့ ဆိုင်ရှင် အမျိုးသမီးကို သတိရနေမိပါတော့တယ်။

မန္တလေး

ကျွန်မတို့ မန္တလေးကို ကားနဲ့ ပြန်လာခဲ့ကြပါတယ်။ ကျွန်မတို့ နေ့ လည်စာ စားတဲ့နေရာကနေ မြင်နေရတာ ကတော့ မန္တလေးက ပုဂ္ဂလိက ဆေးရုံတစ်ရုံပါပဲ။ အဲဒီမှာ အလုပ်လုပ်တဲ့ ဆရာဝန်တွေရဲ့ ဘွဲ့တွေကိုလည်း ဆိုင်းဘုတ် မှာ ရေးထားပါတယ်။ ဆေးရုံရှေ့မှာ လူလည်း မတွေ့ရဘဲ သန့်ရှင်းနေတာမို့ လူချမ်းသာတွေ တက်တဲ့ ဆေးရုံ လို့ပဲ ထင်မိပါတယ်။

ကျွန်မ တွေ့ဖူးတဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးနဲ့ အခြားနားကြီး ခြားနားနေတာကို တွေ့ရတာပေါ့။ ရန်ကုန် ပြည်သူ့ဆေးရုံကြီးရဲ့ ဝင်ပေါက် မှာဆိုရင် လမ်းဘေး ဈေးသည်တွေကလည်း ပြည့်လို့။ ပန်းသည်တွေ၊ အ စားအသောက် ရောင်းသူတွေ၊ အသုံး အဆောင် ရောင်းသူတွေသာမက ဧည့်သည်တွေနဲ့ပါ အမြဲစည်ကားနေ တာကို တွေ့ရတာမို့ အဲဒါမှ ရှင်သန်နေတဲ့ ကမ္ဘာတစ်ခုလို ထင်မိပါတယ်။

ကျွန်မတို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးထဲကို ဝင်သွားခဲ့ဖူးတဲ့ အတွေ့အကြုံကိုလည်း သတိရမိပါတယ်။  ကျွန်မ တို့က ဂိတ်က အပေါက်စောင့်ကို ငွေပေးပြီး ဆေးရုံ အပေါ်ထပ်ထိ တက်သွားတာပါ။ ဆေးရုံ အဆောင်တွေဟာ ဟောင်းပေမယ့် သန့်ရှင်းပြီး တစ်ဦးချင်းသီးခြားနေဖို့တော့ အ ခြေအနေ မပေးပါဘူး။ အဆောင်အ ကျယ်ကြီးမှာ ကုတင်အမြင့်ကြီးတွေ နဲ့ ခင်းကျင်းထားပြီး ဧည့်သည်တွေ ကလည်း လူနာတွေကို စကားတွေ ပြောလို့။

ကျွန်မက စုရဲ့ မေမေ သူနာပြု လုပ်နေချိန်မှာ ငှက်ဖျားကြောင့် ဆေးရုံရောက်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြင်မြင်ချင်း အချစ်ဆိုတာကို သတိရနေမိခဲ့ပါတယ်။ ကျွန်မ လည်း အတွေးတွေနဲ့ လျှောက်သွားနေလိုက်တာ အဆောင်ကနေ အခန်းလေးတွေဘက် ရောက်သွားတော့တာပါပဲ။ အဲဒီမှာ ရုတ်တရက်ဆိုသလို လူတစ်ယောက် က ကျွန်မကို အသားလွတ် ကြီး အော်တော့တာပါပဲ။ သူ အော်နေတဲ့ စကားတွေက ဘာမှလည်း အဓိပ္ပါယ် မရှိသလိုပါ။ ကျွန်မကို ဇွတ်ဆွဲပြီး အောက်ထပ်ဆင်းမဲ့ ဓာတ်လှေကားထဲ ပြန်ပို့လိုက်ပါတယ်။ အပြင်ကို ပြန်မရောက်ခင်မှာတော့ ဆေးရုံ အနေအထားကို လေ့လာဖို့ အချိန်လေး တော့ ရလိုက်ပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ဝင်နေတဲ့ အဲဒီဆေးရုံဟာ ဆူညံလို့ပါပဲ။ အခု ကျွန်မ မြင်နေရတဲ့ မန္တလေးက ပုဂ္ဂလိက ဆေးရုံကတော့ တိတ်ဆိတ်နေလိုက်တာ။ လူတွေက စရိတ်ကြီးမှာ ကြောက်ပြီး အပေါက် နားတောင် မသီကြလေရော့လားပဲ။ ဆက်တွေးမိတာကတော့ မြန်မာပြည် ကလူတွေဟာ တိတ်ဆိတ်မှုကို ဆေးရုံမှာ ငွေပေးပြီး လာရှာနေလေ မလား လို့ပေါ့။

မန္တလေးမှာ တည်းရတဲ့ ဟိုတယ်ကတော့ တကယ်ကျေနပ်စရာ ကောင်းပါတယ်။ ကျွန်မတို့အခန်း ပြူတင်းပေါက် က ကြည့်ရင် နန်းတော်နဲ့ မန္တလေးတောင်ကို လှမ်းမြင် နေရတယ်လေ။ ၁၈၈၅ ခုနှစ် သီပေါ မင်း ပါတော်မူခဲ့တဲ့ နန်းတော်ဂိတ် ကို ကျွန်မက မသိတော့ မမှန်းတတ် ဘူး ဖြစ်နေပါတယ်။ ကျွန်မ ဖတ်ခဲ့ ဖူးတဲ့ စာအုပ်တစ်အုပ် ကိုလည်း သတိရမိပါတယ်။ ရုရှားစာရေးဆရာ ပါစတာညက် လိုတော်တဲ့ အမီတာဗ် ဂို့ရှ်ရေးတဲ့ “မှန်နန်းတော်” ဆိုတဲ့ စာအုပ်ပါ။  ဒီစာအုပ်ကို ပထမဆုံး အကြိမ် ဖတ်ရတော့ မြန်မာပြည်ရဲ့ ကြေကွဲဖွယ် ဇာတ်ကို သိခဲ့ရပါတယ်။ ဒီ့ထက်ပိုပြီးလည်း သိချင်လာပါတယ်။

မသီတာ-စမ်းချောင်း

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*