သတင်းဆောင်းပါး — မတ် ၂၈၊ ၂ဝ၁၃

အမှန်တော့ “မှန်နန်းတော်” စာအုပ်ဟာ အလက်ဇန္ဒားအနေနဲ့ ကြီးကြီး မသန်းဧကို လက်ဆောင်အဖြစ် ပေးခဲ့တဲ့ စာအုပ်ပါ။ ကြီးကြီးမသန်းဧရဲ့ တယ်လီဖုန်းထဲက အသံဟာ စိတ်အားငယ်နေတယ်လို့ ထင်ပြီး သူ ရှိတဲ့ သြစတြီးယားကို သွားခဲ့တုန်းက ကျွန်မရောက်ပြီး သုံးရက်လောက် ကြာတော့ အလက်ဇန္ဒားလည်း ချီကာဂို ကနေ ရောက်လာခဲ့ပါတယ်။ အလက်ဇန္ဒားက စုလိုပဲ ငယ်ကတည်းက စာအုပ်ဖတ်တာကို ဝါသနာ ပါတာကိုး။ ကျွန်မလည်း သူ့ရဲ့လက်ဆောင် ကို သဘောအကျကြီး ကျခဲ့သလို စာအုပ်အဖုံးပေါ်က ဦးပိန်တံတားရှုခင်း ကိုလည်း မှတ်မိနေပါတယ်။

ဂျပန်မှာ ရှိတဲ့ နာရာနဲ့ ကျိုတိုက လူတွေကတော့ မန္တလေးမြို့တည်ပုံ ဟာ သူတို့မြို့တွေနဲ့ ဆင်တူတာမို့ မန္တလေး ကို ရောက်ရင် လွယ်လွယ်နဲ့ သဘောပေါက်နိုင်မယ့်ပုံပါ။ နန်းတော်ကို ၃ ကီလိုမီတာ အရှည်ရှိတဲ့ ကျုံးမြို့ရိုးနဲ့ ပတ်လည်ဝိုင်းထားပါ တယ်။ မြို့ထဲက လမ်းတွေကလည်း စတုရန်းကွက်ထဲမှာ စနစ်တကျဖောက် ထားတာတွေပါ။ အရှေ့တံတားကို ဖြတ်ကျော်ပြီး နန်းတော်ထဲဝင်တော့ အမြောက်ကြီးတွေကို အရင်တွေ့ရ လေရဲ့။ နန်းတော်ကို သင်္ဃန်းရောင် သုတ်ထားပြီး ထုမရှိတဲ့ ပစ္စည်းတွေနဲ့ ဆောက်ထားပုံတွေ့ရတော့ အပေါစား ဆန်သလိုမြင်မိ ပါတယ်။ နေရာတကာ မှာ နန်းတော်အစစ်ပုံမျိုးဖြစ်အောင် ကြိုးစား လုပ်ထားပုံ တွေ့ရပေမယ့် မတူနိုင်ဘူး ဆိုတာ တွေးမိပါတယ်။

၁၈၅၇ ခုနှစ်မှာ မင်းတုန်းမင်း က နန်းတော်ကို အမရပူရကနေ မန္တ လေးကို ရွေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။  စာအုပ်တွေ အဆိုအရတော့ နန်းတော်သစ်ရဲ့ ဗိသုကာလက်ရာဟာ အတော့်ကို ခေတ်မီ ခမ်းနားခဲ့တယ်လို့ ဆိုပါတယ်။ မင်းတုန်းမင်း ကံကုန်တော့ သူ့အခန်းကို ရွေ့ပြီး နန်းတော်ကျောင်းရယ်လို့ ဘုန်းကြီးကျောင်း ဖြစ်လာ ပါသတဲ့။ အတိတ် နန်းတော်ရဲ့ အေးချမ်းမှုတွေ ကို သစ်သား ပန်းပုထည် တွေက ကိုယ်စားပြုနေသလိုတော့ ကျွန်မ ခံစားမိခဲ့ပါတယ်။

အင်္ဂလန်က မန္တလေးကို သိမ်း ပိုက်လိုက်ပြီးတဲ့နောက်မှာတော့ နန်းတော်ဟာ အင်္ဂလိပ်စစ်တပ်ရဲ့ ဌာနချုပ် ဖြစ်သွားပါတော့တယ်။ ကျွန်မတို့ ရောက်တဲ့အချိန် မှာတော့ မြန်မာ့ တပ်မတော်က နန်းတော်မှာ နေရာယူ ထားပြီး ဖြစ်ပါတယ်။ နန်းတော်ရဲ့ အငွေ့အသက်လေးတွေကို ခံစားဖို့ ကိစ္စမှာ အခိုင်အမာဆောက်တားတဲ့ ဘားတိုက် တွေကို မြင်ရတော့ အဆင်မပြေ သလိုပါပဲ။ ကြည့်ရ ဆိုးလိုက်လေ လို့ ခံစားလိုက်ရပါတယ်။

ကျွန်မက “ဒီနန်းတော်ကို ဘယ်သူက ဖျက်ဆီးခဲ့တာလဲ”လို့ ဆိုတော့ ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က “ဂျပန် တပ်တွေ”လို့ဖြေလေရဲ့။ ကျွန်မလည်း “ဘာ”လို့သာ တစ်လုံးတည်း အော်လိုက်မိပါတယ်။ “ဒါဆို ဒီနန်းတော် ပြန်ပြုပြင် တည်ဆောက်ရေးကို ဂျပန် အစိုးရက လုပ်ပေးသင့်တာပေါ့”လို့ တစ်ဆက်တည်း ဆက်ပြောဖြစ်ပါ တယ်။ တကယ်တော့ ကမ္ဘာ့အမွေ အနှစ် ဗိသုကာလက်ရာ တစ်ခုကို တခြားနိုင်ငံက စစ်တပ်ဟာ အတုံ့အဆိုင်း မရှိ ဖျက်ရက်တာပါလား။ ဒါဟာ စစ်ကြောင့် ပျက်ရတာ မဟုတ်ဘဲ စစ်တပ်ကြောင့် ပျက်ရတာလို့ သဘောပိုက် မိပါတယ်။ တကယ်လို့ ဒီလိုလုပ်တာဟာ အင်္ဂလိပ်စစ်တပ်က ဆိုရင် ဒီလောက် ဒေါသထွက်မိမှာ မဟုတ်ဘူး ထင်ပါတယ်။ သူများရဲ့ နန်းတော်ကိုလည်း ဖျက်ဆီးသေး၊ သူတို့ ဂျပန်စစ်ပြန်တွေကလည်း မြန်မာ ပြည်ကို လွမ်းတယ် ပြောသေးဆိုတာ ကျွန်မ ဘယ်လိုများ နားလည်ပေးရ ပါ့မလဲ။

ဒီလို သိလိုက်ရပြီးတဲ့နောက်မှာတော့ ကျွန်မဟာ မန္တလေးမြို့ထဲ လည်ဖို့တောင် စိတ်မပါတော့သလို ဖြစ်မိပါတယ်။ မန္တလေးတောင်ပေါ် တော့ တက်ပြီး စန္ဒမုခိ ဘီလူးရုပ်ကို တော့ ကြည့်ဖြစ်ပါသေးရဲ့။ ညနေစောင်း မှာတော့ ချည်ထည် လုပ်ငန်း တစ်ခုကို သွားလေ့လာဖြစ်ပါတယ်။  ဒီကပိုးထည်တွေကတော့ လူထုဒေါ် အမာ ရေးခဲ့သလိုပါပဲ အရည်အသွေး အတော့်ကို ကောင်းပါတယ်။ ဒေါ်အမာက ပိုးထည်ဆိုရင် မန္တလေးအရှေ့ ပြင်က ပိုးထည်က အကောင်းဆုံး လို့ ရေးခဲ့တာကိုး။ ကျွန်မတို့က ကမန်းကတန်း လည်တာဆိုတော့ မန္တလေး ဟာ တရုတ်မြို့ဖြစ်နေပြီဆိုတာ ဟုတ် မဟုတ် မလေ့လာနိုင်ခဲ့တာကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။

ပဲခူးက လျောင်းတော်မူဘုရား

ပုဂံနဲ့ မန္တလေးက ပြန်တော့ ကျွန်မတို့လည်း နွမ်းနေပါပြီ။ နောက်နေ့မနက် ဧည့်လမ်းညွှန်က လာခေါ်တော့ ကျွန်မတို့လည်း ပင်ပန်းပေမဲ့ လိုက်လာဖြစ်ပါတယ်။ ကားက မင်္ဂလာဒုံလေဆိပ် ကိုတောင် ကျော်ပြီး မောင်းနေလေတော့ ကျွန်မခင်ပွန်းက စိတ်နည်းနည်း တိုသလို ဖြစ်နေလို့ ကျွန်မကပဲ သူတို့ခေါ်ရာနောက်သာ လိုက်ရ အောင်ပါ လို့ နှစ်သိမ့်ရပါတယ်။

ပဲခူးက ရန်ကုန်ရဲ့ မြောက်ဘက် ကီလို ၇ဝ အကွာလောက်မှာ ရှိပါ တယ်။ ကားလမ်းတစ်လျှောက်မှာ ပထမ တော့ အများသုံးအိမ်သာလို့ ထင်ခဲ့မိပြီး နောက်မှ ဓာတ်ဆီဆိုင်လို့ သိလိုက်ရတဲ့ ဆိုင်တွေတော်တော်များ များ သတိထားလိုက်မိပါတယ်။ အဲ ဒီအချိန်က ဓာတ်ဆီကို ကိုတာနဲ့ပဲ ရောင်းချပေးတာပါ။ ၂ဝဝ၇ ခုနှစ်မို့ အဲဒီ အချိန်မှာ ဓာတ်ဆီက ဆိုင်ဈေး ၁၅ဝဝ ကျပ်လောက်ဖြစ်ကာ မှောင် ခိုဈေးကတော့ ၄၅ဝဝ ကျပ်လောက် ဖြစ်ပါတယ်။ ဓာတ်ဆီစာအုပ်နဲ့ ပြပြီး ဝယ်နေကြတာကို ကြည့်ရတော့ ကျွန်မလည်း စိတ်ထဲ အဆင်မပြေ ဖြစ်ရပြန်ပါတယ်။ ဆီစာအုပ် မေ့ နေရင် ဝယ်ခွင့်မရဖြစ်ရတယ်လို့ ကား သမားက ရှင်းပြပါတယ်။ ဆီစာအုပ် ဆိုတာကလည်း လက်ပေါင်းစုံကိုင် ထားတော့ မည်းသည်းညစ်ပတ်နေ တာပါပဲ။ ဒါ့အပြင် သဘာဝဓာတ်ငွေ့ နဲ့ ရေနံတွေ ထွက်သလောက် လူထု က အခုလို ဓာတ်ဆီ ဝယ်တာတောင် အဆင်မပြေဘဲ ဖြစ်နေတာတွေကို မြင် ရတော့ စိတ်ပျက်မိပါတယ်။

ရန်ကုန်မှာ မောင်းနေတဲ့ကား အများစု ကလည်း ဂျပန်က သုံးပြီး သားကားတွေ ဖြစ်နေပါတယ်။ ကားတွေမှာ ဂျပန်စာတွေ တွေ့ရတာက တော့ ဂျပန်တိုးရစ်တွေ အတွက် စိတ်သက်သာရာ တောင်ရသေးလို့ ဆိုရမှာပါပဲ။ ကျွန်မတို့ ကားဒရိုင်ဘာက ပြော တာကတော့ ဂျပန်ကားတွေရဲ့ ဈေး က အစိုရရဲ့ အခွန်တိုးကောက်မှုအပါ အဝင် စည်းမျဉ်း စည်းကမ်းတွေ ကြောင့်ပါ နှစ်ဆလောက် တက်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် ဌာနဆိုင်ရာ တံဆိပ်နဲ့ကားတွေ အားလုံး လိုလိုကတော့ ဂျပန်ကားတွေ မဟုတ် ကြပါဘူး။

ပဲခူးကတော့ ၁၃ ရာစုကနေ ၁၆ ရာစုအတွင်း မြန်မာ့ထီးနန်းစိုက် ရာမြို့တော် ဖြစ်ခဲ့ဖူးပါတယ်။ ပဲခူး လို့ ဆိုလိုက် ရင် ရွှေမော်ဓော နဲ့ ရွှေသာလျောင်း စေတီတွေက ကျော်ကြားပြီးသားပေါ့။ ပဲခူးကနေ နန်းတော် ရွေ့သွားပြီး နောက် မှာတော့ ရွှေသာလျောင်း ကိုလည်း လူတွေ မေ့လျော့ သွားပါတော့တယ်။ ၁၉ ရာစုကျမှ အင်္ဂလိပ် လက်ထက်မှာ အိန္ဒိယပညာ ရှင်တစ်ယောက်က မီးရထားလမ်း ဖောက်ဖို့ လိုက်ကြည့်ရာက ရွှေသာလျောင်းကို တောထဲမှာ သွားတွေ့ပါ သတဲ့။ ရွှေသာလျောင်း ရုပ်ပွားတော်ရဲ့ ဉာဏ်တော်က ၅၄.၈၈မီတာတောင် မြင့် ပါတယ်။ စစ်ဒဏ်ကို မခံခဲ့ရတာမို့ ရုပ်ပွားတော်ရဲ့ ခြေတော်မှာ ရှိနေတဲ့ မှန်စီရွှေချ အပြောက်အမွှမ်းတွေတောင် မပျက်စီးဘဲ ကျန်နေ တာကို တွေ့ရပါတယ်။ အဲဒီနောက် မှာတော့ ဆယ်စုနှစ် ၁ဝ စုစာလုံးလုံး လျောင်းတော်မူ နေရတဲ့ ရွှေသာလျောင်း ကိုယ်တော်လည်း ဘုရားဖူးတွေ တဖွဲ ဖွဲနဲ့ မနားရတော့ပေဘူး။

မိသားစုတွေတစ်စုပြီးတစ်စုက ရုပ်ပွားတော်ကို နောက်ခံထားပြီး ဓာတ်ပုံရိုက်နေကြပါတယ်။ ဘုရား ရဲ့ ညာဘက် ကွင်းပြင် ထဲမှာလည်း နောက်ထပ်လျောင်းတော်မူ တစ်ဆူကို တွေ့လိုက်ရပါတယ်။ ဒီရုပ်ပွားတော် က အဆောင်အယောင် မများပေမယ့် မျက်နှာတော် လုံးဝန်းပြီး သပ္ပါယ်တာမို့ အဲဒီရုပ်ပွားတော်ကိုပဲ ကျွန်မတို့ က ဓာတ်ပုံရိုက်ဖြစ် ခဲ့လေရဲ့။ ဧရာဝတီမြစ်ဘေးက ဆည်းဆာချိန်ဓာတ်ပုံ နှစ်ပုံရယ်၊ ဒီလျောင်းတော်မူပုံရယ်က တော့ အခုအချိန်ထိ ကျွန်မတို့အိမ် ဧည့်ခန်းမှာ ရှိနေပါတယ်။

သိပ်လည်း ပင်ပန်းနေပြီမို့ ရွှေမော်ဓောစေတီ ကိုတော့ အဝေးကနေပဲ ဖူးဖြစ်ပါတယ်။ ကျွန်မက ထင်ရှားတဲ့ နေရာတွေကို တစ်ခါတည်းနဲ့ အကုန် လျှောက်မလည်ဘူး လို့လည်း ဆုံးဖြတ် ထားပါတယ်။ ဒါမှ စိတ်က လည်စရာ ကျန်နေလေခြင်း ရယ်လို့ ဖြစ်ကာ နောက်တစ်ခါ လာချင်မှာလေ။

မသီတာ-စမ်းချောင်း

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*