အန်ဒီအက်ဖ် ပါတီဥက္ကဌ ဦးခင်မောင်ဆွေ

အန်ဒီအက်ဖ် ပါတီဥက္ကဌ ဦးခင်မောင်ဆွေ

အများက၊ ကမ္ဘာက ကြည်ညို လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်ရေးရာကော်မတီ တစ်ခုရဲ့ ခေါင်းဆောင် အဖြစ် လုပ်နေတဲ့ အခါကြီးမှာ လွှတ်တော်ရဲ့ လုပ်ငန်းတွေကို သံသယ ရှိနေတယ်ဆိုရင် သင့်တော်ပါ့မလားလို့ ပြန်မေးချင်တယ်”ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (အန်ဒီအက်ဖ်)၏ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မြန်မာအင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံရာတွင် ပြောကြားသည်။ သြဂုတ် ၈ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရှိ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် များနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်းဘီးယား၏ နိုင်ငံရေး လက်ထောက် နော်ဝေနိုင်ငံသူ အမျိုးသမီး တို့၏ တွေ့ဆုံပွဲနှင့် ပတ်သက်၍ မြန်မာအင်ဒီ ပဲန်ဒင့်က မေးမြန်း ရာ၌ ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ မစ္စတာ ကွင်တားနား အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရာတွင် ဆုံးဖြတ်ချက် ချထားပြီးမှ လာရောက်သည့် အနေအထားမျိုး မဖြစ်သင့်ကြောင်း၊ ထိုပုံစံ မျိုးသည် နားလည်မှု လွဲမှား နိုင်သဖြင့် ဆင်ခြင်သင့်ကြောင်း စသည်ဖြင့် ဆွေးနွေးဖြစ်ခဲ့ပုံကို ဦးခင်မောင်ဆွေက ““ကုလသမဂ္ဂ ဆိုတာက ကမ္ဘာပေါ်မှာ စစ်မရှိဘဲနဲ့ ငြိမ်းချမ်းရေးတွေ ဖြစ်မြောက်အောင် ဆိုပြီး ရည်ရွယ်ချက် ကြီးက အဓိကကျတဲ့ ရည်ရွယ်ချက်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်။ နိုင်ငံ တစ်နိုင်ငံကို လေ့လာတဲ့ နေရာမှာလည်းပဲ ပြဿနာ တစ်ခုတည်းအပေါ်မှာ အာရုံမစိုက်ဘဲနဲ့ ဒီနိုင်ငံကတော့ဖြင့် ဘယ်လို အနေအထား များမှာ ရှိနေတယ်။ ဘယ်လို အကြောင်းအရာ အချက်အလက် တွေနဲ့ ရင်ဆိုင်နေရတယ် ဆိုတာမျိုးထိ စဉ်းစား သုံးသပ်ပြီးမှ လာဖို့ သင့်ပါတယ်။ မစ္စတာ ကွင်တားနား လာတဲ့ကိစ္စက ရခိုင်ပြည်နယ်က လူအုပ်စု နှစ်စုကြားမှာ ဖြစ်နေတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တွေကို လာပြီးစုံစမ်းလေ့ လာတဲ့ အနေအထားပါပဲ။ သူလာတဲ့ အခါမှာ ဘာနဲ့လာလဲဆိုတော့ မြန်မာ နိုင်ငံမှာရှိနေတဲ့ မြန်မာတိုင်းရင်းသား ရခိုင်လူမျိုးတွေရဲ့ ခံစားနေရတဲ့ ဒုက္ခ တွေ၊ သူတို့မြေပေါ်မှာ သူတို့စိတ်တိုင်းကျ အေးချမ်းစွာ မနေရဘူး ဆိုတဲ့ကိစ္စတွေ၊ တိုင်းရင်းသားတွေရဲ့ အခွင့် အရေးက အောက်ကို ရောက်နေပြီးတော့ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ တိုင်းတာဖို့ ရောက်လာ တာ မြင်ရတဲ့ အတွက် မစ္စတာ ကွင်တားနားဟာ လူ့အခွင့်အရေး ဘက်ကပဲ ကြည့်ပြီး တော့ ရောက်လာတယ်ဆိုတာ ထင်ရှား နေတယ်။ မစ္စတာ ကွင်တားနားဟာ မြန်မာနိုင်ငံ ကိစ္စကို ဖြေရှင်းဖို့ ထက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး စံနှုန်း တွေ မပြည့်မီဘူး။ နိမ့်ကျနေတယ်။ တချို့မီဒီယာ တွေမှာ ပါသလို (Genocide) လူသားမျိုးတုံး သတ်ဖြတ်နေ တယ်ဆိုတဲ့ အမြင်တွေနဲ့ ဝင်လာတာဖြစ်တဲ့အတွက် သူလာတာဟာ မြန်မာနိုင်ငံရဲ့ကိစ္စ ပြေလည်ရေးထက် (Genocide)တို့ လူ့အခွင့်အရေး အရ မြန်မာအစိုးရဟာ မလျော်ကန် မသင့်လျော်တာတွေ ဆောင်ရွက်နေတဲ့ အမြင်တို့ကို ဇောင်းပေး လာတာ ဖြစ်တဲ့အတွက် မလာခင်ကတည်းက ဆုံးဖြတ်ပြီး ဝင်ရောက်လာတာ ဖြစ်တယ်လို့ ပြောရတာ ဖြစ်တယ်။ ကုလသမဂ္ဂဆိုတာ သူ့မှာ အခွင့်အရေးတွေ ရှိပါတယ်။ နိုင်ငံ တစ်နိုင်ငံမှာ ဖိနှိပ်နေတဲ့ ပြည်သူတွေကို ညှင်းပန်း သတ်ဖြတ်နေတယ် ဆိုရင် ကုလသမဂ္ဂက ဝင်ရောက်လေ့လာ စုံစမ်း အကဲဖြတ်ဖို့ လိုပါတယ်။ အဲဒီအခါမှာ ရခိုင်ကိစ္စကို ဖြေရှင်းနေတဲ့ကိစ္စမှာ တစ်ဖက်ကလည်း ရိုဟင်ဂျာလို့ ပြောနေတဲ့ ဘင်္ဂါလီတွေပေါ်မှာ ကိုင်တွယ်ပုံ၊ ကိုင်တွယ်နည်းကလည်း လူမျိုးတုံးအောင် သတ်ဖြတ်နေတဲ့ထိ သွားသလား၊ မသွားဘူးလား ဆိုတာကို တကယ်တမ်း အချက်အလက်တွေ သေချာရှာဖို့ လိုပါတယ်။

မြန်မာ့ အချုပ်အချာ အာဏာဘောင် အတွင်းမှာ ကိုယ့်ထင်ကြေးနဲ့လာပြီးတော့ နိုင်ငံသားဥပဒေကို ပြန်လည် လေ့လာ သုံးသပ်သင့်တယ်ဆိုတဲ့ ပြောစကားဟာ အင်မတန် ကျယ်ဝန်းတဲ့ကိစ္စ။ ဒါကို သူက တစ်ချက်တည်းပဲ သိသွားတယ်။ မြန်မာနိုင်ငံ ချင်းပြည်နယ်မှာ ကသည်း လူမျိုးတွေ ဝင်ရောက်အခြေချ နေထိုင်လို့ ချင်းတွေနဲ့ မဏိပူရ ဟိုဘက်က ကသည်းတွေနဲ့ ဖြစ်နေတဲ့ ပြဿနာ ရှိသလို၊ ကချင်မှာ ရှမ်းမြောက်မှာ တရုတ်ပြည်ဘက်က သန်း နဲ့ချီပြီး ဝင်ရောက် နေတာတွေ ရှိပါတယ်။ အဲဒီပြဿနာတွေကို ထည့်မစဉ်းစားတော့ဘဲနဲ့ လူဝင်မှု ကြီးကြပ်ရေး ကို ဖြေလျှော့ ပေးစေချင်တဲ့ သဘောမျိုး ပြောနေတာဟာ မြန်မာနိုင်ငံ ပြဿနာကို သူက အတိုင်းအတာ တစ်ခု ထိပဲသိပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ ပြဿနာ၊ မှီတင်း နေထိုင်နေတဲ့ မူဆလင် အပါအဝင် ခရစ်ယာန်၊ ဟိန္ဒူနဲ့ ဗုဒ္ဓ ဘာသာ၊ လူအားလုံးတွေရဲ့ နိုင်ငံသား အခွင့်အရေးကို မကြည့်တော့ဘဲ ခပ်ကြမ်းကြမ်း ပြောရရင် တစ်ခုခုက ဆုံးဖြတ်ပြီး သူ့ကို လွှတ်လိုက်တဲ့ သဘော ယူဆစရာတွေ ဖြစ်လာတယ်။ ကျွန်တော်တို့ ၂၄ ပါတီ တွေ့တဲ့အခါ တချို့ပါတီ ခေါင်းဆောင်တွေဆို ကွင်တားနား အစား အခြားတစ်ယောက် ကို လွှတ်ဖို့ပြောတဲ့ အနေအထားတောင် ရှိတယ်။ ကျွန်တော်တို့က ဒီအထိတော့ မပြောပါဘူး။ ဒီလောက်တောင် မြန်မာ ပြည်သူတွေက တောင်းဆို နေပြီလား။ အစိုးရရဲ့ ကိုင်တွယ်ပုံ မမျှမတ ဖြစ်ပြီး ညံ့ဖျင်းနေတယ် ဆိုပြီး ပြည်သူလူထု တစ်ရပ်လုံးက ပါဝင်လှုပ်ရှား နေလို့လား။ ပြည်တွင်း မီဒီယာတွေက အစိုးရအပေါ် ထောက်ပြ ဝေဖန်သံတွေ ရှိနေပြီလား။ ကြည့်တော့ အဲဒီလိုဟာတွေ မရှိဘဲနဲ့ ဘာဖြစ်လို့ သူက စုံစမ်း စစ်ဆေးရေး ကော်မရှင်ကြီး ဖွဲ့ချင်နေရတာလဲ။ ဒါ မြန်မာ့ အချုပ်အခြာ အာဏာ အပေါ်မှာ သူက မလိုအပ်ဘဲနဲ့ လာပြီးတော့ ကိုင်တွယ်ချင်တာမျိုး ဖြစ်တာကို လက်မခံဘူးလို့ ပြောချင်တာပါ” ဟု ရှင်းပြခဲ့သည်။

ဆက်လက်၍ လွှတ်တော်တွင် ဆွေးနွေးတင်ပြသော အဆိုများ၏ ခရီးပေါက်ရောက်နိုင်မှုနှင့် အချို့သော ဥပဒေ ပြဋ္ဌာန်းရေး အပိုင်းများတွင် ကြန့်ကြာနေရမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ဦးခင်မောင်ဆွေက “ကျွန်တော်တို့ အနေနဲ့ကတော့ လွှတ်တော် နိုင်ငံရေးဆိုတာ ဒီတိုင်းပြည်ထဲမှာ လိုအပ်တဲ့အချိန် ဖြစ်ပါတယ်။ နောက်ပြန် မလှည့်သွားအောင် ပြည်သူ့အကျိုး ပြုဖို့ဆို လွှတ်တော်ထဲ ကနေပဲ သွားရပါမယ်။ လွှတ်တော်ထဲ မှာပဲ ဥပဒေကြမ်းတွေတင်၊ မလိုအပ်တဲ့ ဥပဒေတွေ ပြင်မယ်။ ဖြည့်စွက်စရာရှိတာ ဖြည့်စွက်ပြီးတော့ လွှတ်တော်ကို အစိုးရ အဖွဲ့ အနေနဲ့ အကောက်အထည် ဖော်ဖို့၊ ဒါသွားကြတဲ့ ဒီိမိုကရေစီ နည်းပေါ့။ အခုတော့ လွှတ်တော်ကို မယုံကြည်ဘူး။ လွှတ်တော်က နှေးကွေးနေတယ်။ အစိုးရအဖွဲ့က လုပ်မှုကိုင်မှုတွေက အောက်ခြေထိ မရောက်ဘူး ပြောနေကြတာ ရှိတယ်။ လွှတ်တော် ကြန့်ကြာနေရတာ ကတော့ နှစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းကတော့ လုပ်တတ်ကိုင်တတ် မှုသိပ်ပြီးတော့ မရှိသေးတဲ့ အပိုင်းဖြစ်ပါတယ်။ တစ်ပိုင်းကတော့ ပြီးခဲ့တဲ့ ခေတ်တွေမှာ ဖြစ်စဉ်တွေမှာ၊ ဥပမာ စီးပွားရေး၊ နိုင်ငံရေး ဖြစ်စဉ်တွေမှာ ခေတ်နဲ့ အဟပ် မမီတာတွေ လုပ်နေတာမျိုး ဖြစ်ပါတယ်။ ဥပမာ- ပြည်တွင်း ငြိမ်းချမ်းရေးတွေ မရဘဲနဲ့ ပြည်နယ်တွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးဖို့ဟာ၊ တော်တော် စဉ်းစားရခက်ပါတယ်။ အဲဒါကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးဟာ နံပါတ်တစ် ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဒုတ်ဒုတ်ထိ မရောက်သေးပဲနဲ့ အခု ချင်းတိုင်းရင်းသား ပါတီတစ်ခုက  ဥက္ကဋ္ဌက လွှတ်တော်ကိုရော သမ္မတကိုရော ပြောခဲ့တာ ရှိတယ်။ ပြည်နယ်တွေမှာ၊ ပြည်နယ် ဝန်ကြီးချုပ် တွေဟာ ပြည်နယ် လွှတ်တော် တွေကနေ ရွေးကောက် တင်မြှောက် တာမျိုး ဖြစ်ချင်ပါတယ်လို့ ပြောခဲ့တာ ရှိပါတယ်။ အဲဒါတွေကလည်း ခုနေ ခက်နေတာက အခြေခံဥပဒေကို မပြင်ဆင်နိုင်သေးဘဲ၊ နောက်ပြီးတော့ ငြိမ်းချမ်းရေး အပြီးတိုင် မရဘဲ ဒီလိုကိစ္စမျိုးကို လွယ်လွယ်ကူကူ လုပ်ပေးနိုင်ခြင်း မရှိဘူးဆိုတာ ပွင့်ပွင့်လင်းလင်း သိရပါတယ်။ စီးပွားရေးပိုင်းမှာလည်း ခရိုနီလစ်ဇင် နောက်တော်ပါ တွေပေါ့။ နောက်တော်ပါတွေ လက်ထဲမှာ ရှိနေတဲ့ စီးပွားရေး လုပ်ပိုင်ခွင့်တွေ၊ ဒါတွေဟာ အချိန်တစ်ခု ယူပြီးရှင်းရမယ် ဆိုတာ နားလည်တယ်။ အဲဒီတော့ ကျွန်တော်တို့ တင်ထားတဲ့ လက်ဝါးကြီးအုပ် စီးပွားရေး ကာကွယ်ရေး ဥပဒေ အခုထိ မဆွေးနွေးရသေးဘူး။ ဒါတွေဟာ ခရိုနီတွေ လက်ထဲမှာ ရှိနေတဲ့ စီးပွားရေးအရင်းအနှီးတွေ၊ ဒါတွေကို အုပ်ချုပ်သူဘက်က လုပ်ပေးမှသာ လွှတ်တော်ထဲမှာ ပြန်ပြီးတော့ ပြင်ဆင်နိုင်တဲ့ အပိုင်းကို ရောက်သွားမယ်။ ပြီးကျွန်တော်တို့ တင်ထားတဲ့ မြစ်ဆုံပေါ့။ သမ္မတကြီးက သူ့လက်ထက်မှာ ရပ်ဆိုင်းပေးဖို့ ကိစ္စကို လွှတ်တော်ထဲ မှာ တင်ထားတာရှိတယ်။ ပါတီက တင်ထားတာ။ ဒါလည်း မဆွေးနွေးရသေးဘဲ စောင့်နေရတဲ့ အပိုင်းမှာ ရှိ ပါတယ်။ ဒီလိုကိစ္စတွေက ပြီးခဲ့တဲ့ အုပ်ချုပ်ရေးနဲ့ လုပ်ထားတဲ့ ကိစ္စတွေ ရှိတဲ့အခါကျ တစ်ဖက်နိုင်ငံ ကိုလည်း ပြန်ကြည့်ရသေးတယ်။

လွှတ်တော်ထဲမှာ ဥပဒေပြုရေး နှေးကွေးနေတာက နံပါတ် (၁) ထိထိရောက်ရောက် မရှိ လို့၊ (၂) ရှိတဲ့ ကော်မတီတွေကလည်း အလုပ်လုပ်တဲ့ နေရာမှာ တုံ့နှေးနေလို့၊ (၃) နိုင်ငံရေး အနေအထား တွေက အတိုင်းအတာတစ်ခု အရ လိုနေသေးလို့၊ (၄) စီးပွားရေး ဘက်ပိုင်းမှာ ဒီလို အနှောင်အဖွဲ့တွေ ကျန်နေသေးလို့၊ ဥပဒေပြုမှုတွေ နှောင့်နှေး နေတယ် ဆိုတာကိုလည်း သမ္မတကြီးနဲ့ တွေ့ပြီးသွားပြီ။ နိုင်ငံရေး ပါတီတွေကိုလည်း ပြောပြီးပြီ ဆိုတော့ ဒါတွေက ရှေ့ကို ဆက်သွားဖို့ပဲ ရှိတယ်။ ဒီမှာ စကား ပြောချင်တာက လွှတ်တော်ဟာ အသုံးချလို့မရဘူး။ လွှတ်တော်ကို မယုံကြည်ရဘူး ဆိုရင် အာဏာပြန်သိမ်းပါလို့ ပြောတာနဲ့ အတူတူပဲ။ ကျွန်တော်တို့ ပြည်သူတွေဟာ ဒီမိုကရေစီ နဲ့ လွှတ်တော် နိုင်ငံရေးကို ရောက်ဖို့ နှစ် ၂ဝ ကျော် လောက် ကြိုးပမ်းခဲ့ရတယ်။ အခုချိန်မှာ အများက၊ ကမ္ဘာက ကြည်ညို လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော် ရေးရာ ကော်မတီတစ်ခုရဲ့ ခေါင်းဆောင် အဖြစ် လုပ်နေတဲ့ အခါကြီးမှာ လွှတ်တော်ကို သံသယ ရှိနေတယ် ဆိုရင်တော့ သင့်တော်ပါ့မလားလို့ ဒီနေရာကနေ ကျွန်တော်က ပြန်မေးချင်တယ်”ဟု မြန်မာ အင်ဒီပဲန်ဒင့်အား ပြောဆိုခဲ့သည်။

ဦးခင်မောင်ဆွေသည် ၁၉၉ဝ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စမ်းချောင်း မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသူ တစ်ဦး ဖြစ်သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲ တွင်မူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ကိစ္စ ပေါ်ပေါက်ခဲ့ပြီးနောက် အမျိုးသား ဒီမိုကရေစီ အင်အားစု အန်ဒီအက်ဖ်ပါတီကို ထူထောင်ခဲ့ပြီး ယခုလက်ရှိတွင် အန်ဒီအက်ဖ် ပါတီဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက် ရှိသည်။

ဝ၆ဝ

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*