ယနေ့ခေတ်ပြိုင်ကာလတွင် မြန်မာမိန်းကလေးများထဲ၌ ခေတ်စား နေသော ဝတ်စားဆင်ယင်မှု ဖက်ရှင် တစ်မျိုးရှိသည်။ ထိုဖက်ရှင်ကို မြီးကောင်ပေါက် အရွယ်မှသည် အသက် ၂ဝ ကျော်အရွယ် အပျိုကြီး ဖားဖားတို့အထိ တောရော မြို့ပါ ကျေနပ်စွာ ဆင်ယင်နေကြသည်။ ထိုဖက်ရှင် စတင် ခေတ်စားလာခဲ့သော ကာလကို ကျွန်တော် အစကောက် တင်ပြနိုင်ရန် မစွမ်းပါ။ မြန်မာဖက်ရှင် ပညာရှင်များကတော့ ထိုဖက်ရှင် မြန်မာပြည်မှာ စတင်ခေတ်စားလာခဲ့သော ကာလကို မှတ်မိသတိရစွာ ဖော်ထုတ်နိုင်ကြပါလိမ့်မည်။

ဖက်ရှင်ဆို၍ ထူးထူးခြားခြား ဆန်းဆန်းပြားပြား ထဲကတော့ မဟုတ်။ သလုံးသားကို ဦးစားပေး ဗန်းပြလိုသောကြောင့်    ဘောင်းဘီရှည် အောက်အနားစကို ဒူးခေါင်းများ အောက်ဘက်တွင် ပုံစံအမျိုးမျိုးဖြင့် ကျပ်စည်းထားကြသည့် အမျိုးသမီးဝတ် ဘောင်းဘီဖက်ရှင်ဖြစ်သည်။ များသောအားဖြင့် ချည်ထည် “ပြောင်” ပိတ်သားများကို အသုံးပြု ကြသည်။ ဂျင်းသားကို ဆင်မြန်းကြသူတွေလည်း ရှိကြသည်။ အပျိုပေါက် ကလေးတွေက ရောင်စုံဒီဇိုင်းနှင့် ပိတ်သား ဘောင်းဘီ   တွေကို ဆင်ယင် ကြွားဝင့် ပြကြသည်။ ၂ဝ ရာစုထဲမှာ ကျန်ရစ်ခဲ့သော မြန်မာ အဘွားအိုတို့၏ အမြင်ကလေးကမူ ဣတ္ထိယငယ်တို့၏ ဝင်းဝါပြည့်တင်းသော ခြေသလုံးသားကို လူမြင်ကွင်းမှာ ပေါ်ပေါ်တင်တင် ထုတ်ပြထားခြင်းကြောင့် ဟိရိသြတ္တပ္ပတရား ကင်းမဲ့သည်၊ “ရိုင်း”သည်ဟု သတ်မှတ်ကြ ပေလိမ့်မည်။

အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော Elizebath Cady Staton နှင့် Amelia Blommer တို့ အထိမ်းအမှတ် ရုပ်တုများ

အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော Elizebath Cady Staton နှင့် Amelia Blommer တို့ အထိမ်းအမှတ် ရုပ်တုများ

ထိုဘောင်းဘီမျိုးကို မြန်မာပြည်မှာ ခေတ်ပြိုင်အမည် ဘယ်သို့ မှည့်ခေါ်ထားကြောင်း ကျွန်တော်မသိပါ။ တူမကလေးတွေ၊ မြေးမကလေးတွေ ထံမှာလည်း မေးမကြည့်မိပါ။ ထိုဘောင်းဘီမျိုးကို အားကစားမယ်များက“ထွက်စု”  Track-Suit အဖြစ် စတင် ဝတ်ဆင်ခဲ့သည်ဟု ထင်စရာ ရှိသော်လည်း မဟုတ်သေးပါ။ ထိုမိန်းမဝတ် ဒူးကျပ် ဘောင်းဘီ ၏ မူရင်းအမည်မှာ Bloomer ဖြစ်ပါသည်။ ထိုဘောင်းဘီကို ခေတ်စားစေခဲ့သူ အမေရိကန် အမျိုးသမီးအရေး လှုပ်ရှားသူ Amelia Bloomer(၁၈၁၈-၉၄) ကို ဂုဏ်ပြု ရည်ညွှန်းပါသည်။

ဆိုခဲ့သော “ဘလူးမား”ဒူးကျပ် ဘောင်းဘီ တွင်ကျယ် ခေတ်စားလာရ ခြင်း၏ အကြောင်းရင်း နောက်ခံသမိုင်းကြောင်း ရှိသည်။ ဘလူးမား ဒူးကျပ်ဘောင်းဘီ စတင်ပေါ်ပေါက်ခဲ့သော ၁၈၅ဝ ခုနှစ်အထိ အမေရိကန် အမျိုးသမီးများသည် ကိုယ်ကျပ် “ကော့ဆက်” အင်္ကျီများနှင့် လေးလံ ကြီးမားလှသော ခါးစည်းဂါဝန် ဖားဖားရှည်ရှည်ကြီး များကိုသာ ပုံမကျ ပန်းမကျ ပင်ပန်းစွာ ဝတ်ဆင်နေခဲ့ကြရ သည်။ ထိုကဲ့သို့ ဝတ်စားမှပင် မိန်းမကောင်း ပီသ၍ ယဉ်ကျေးသည်ဟု လူမှုဝန်းကျင် အသိုင်းအဝိုင်းက လက်ခံကျေနပ်ကြသော ကာလ ဖြစ်သည်။ သို့ရာတွင် အသုံးမတည့်လှသော စည်းစနစ်ဟောင်း၊ ဝါဒဟောင်း၊ အမူအကျင့်ဟောင်း များကို တော်လှန် ပြောင်းလဲပစ်လိုသော အသိအမြင်သစ်တွေ ကလည်း ထို ကာလမှာပင် နိုးကြားပေါက်ကွဲလျက် ရှိသည်။ အထူးသဖြင့် ရာစုနှစ်နှင့်ချီ၍ စွဲမြဲ အမြစ်တွယ်ခဲ့သော    ငွေဝယ်ကျွန်စနစ်ကို ပယ်ဖျက်လိုသော “ငွေဝယ်ကျွန်စနစ် ဖျက်သိမ်းရေး ဝါဒီ” များ၏ လှုပ်ရှားမှု ပြင်းထန်ချိန် ဖြစ်သည်။ ထိုသို့သော ဧရာမ အပြောင်းအလဲကြီး တစ်ခုနှင့်အတူ လိုက်ပါ ပြောင်းလဲလိုကြသော အမျိုးသမီးများ၏  တော်လှန်ရေး စိတ်ဓာတ်လည်း ဆူပွတ်လာကြသည်။ သမိုင်းတစ်လျှောက် သူတို့မှာ မွေးရာပါ အခွင့်အရေးများစွာ ဆုံးရှုံးနေခဲ့ကြသည်။ ဥပမာဆိုရလျှင် သူတို့သည် တက္ကသိုလ် ကောလိပ်တက်ခွင့်မရခဲ့ကြ၊ လူထု အစည်းအဝေး တရားဟော စင်မြင့်ပေါ်သို့လည်း တက်ရောက်ခွင့် မရခဲ့ကြသည့် နစ်နာဆုံးရှုံးမှုမျိုးများ ဖြစ်ကြ သည်။ ဤသို့သော နှောင်ကြိုးများကို ဖြတ်တောက်ချိန် တန်ပြီဟု ရဲရင့်သူ အမျိုးသမီးတွေ ယူဆယုံကြည်ခဲ့ကြပြီ။

၁၈၅ဝ ခုနှစ်တွင် အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု ထောက်ခံသူ၊ ငွေဝယ်ကျွန် စနစ် ဖျက်သိမ်းရေး အတွက် တက်ကြွလှုပ်ရှားသူ Gerrit Smith သည်၊ အမျိုးသမီးတို့၏ အဝတ်အစား ဖက်ရှင် ပြောင်းလဲရေး စတင်လှုံ့ဆော်သည်။ အမျိုးသမီးများသည် မိမိတို့ အကျဉ်းကျနေသော ဝတ်စုံ အကျဉ်းထောင်များ ထဲမှ ရုန်းထွက်ကြရမည်”ဟု စမစ်က အမျိုးသမီး အခွင့်အရေး ဝါဒီများကို တိုက်တွန်းသည်။

စမစ်၏ အကြံပေး လှုံ့ဆော်မှုကို ဦးစွာ လက်တွေ့အကောင်အထည် ဖော်သူမှာ သမီးဖြစ်သူ Elizabeth Smith Miller ဖြစ်သည်။ အဲလိဇဘက်သည် ဘောင်းဘီရှည် ပွပွကြီး တစ်ထည်ကို ကိုယ်တိုင်ချုပ်၍ ဒူးအထိသာ ရှည်သော စကတ်အောက်မှာ ထိုဘောင်းဘီပွကြီးကို ခံဝတ်သည်။ သူ့ကို အတုယူပြီး သူနှင့် ဝမ်းကွဲညီအစ်မ တော်သူ Elizabeth Cady Staton ကလည်း ထိုဖက်ရှင်ကို အတုယူ ဝတ်ဆင်သည်။ စတင်တန်  ဖက်ရှင်ကို သူငယ်ချင်း အမ်မလီယာ ဘလွမ်းက ပုံတူကူး ဝတ်ဆင် ပြန်သည်။ ဘလွမ်းက ဝတ်ဆင်ရုံမျှ မဟုတ်။  သူ ရေးသားနေသော သတင်းစာ နီတိခန်းကနေ အမျိုးသမီးတွေ ဘောင်းဘီ ဝတ်ဆင်သင့်ကြောင်း အားပေး လှုံ့ဆော် ရေးသားသည်။ ဘောင်းဘီပွ ဖက်ရှင်ကို    ကြော်ငြာသည်။ ထိုအခါ ဘောင်းဘီပွ ဖက်ရှင် ဝတ်ဆင်လိုကြသော အမျိုးသမီး ပရိသတ်က ဘောင်းဘီပွ ဒီဇိုင်းနှင့် ချုပ်လုပ်ပုံ ချုပ်လုပ်နည်းများကို စာဖြင့် တောင်းခံလာကြသဖြင့် ဘလွမ်းသည် ဘောင်းဘီပွ ဖက်ရှင် ချုပ်လုပ် နည်းကို ရုပ်ပုံများနှင့်တကွ စာအုပ် ရိုက်နှိပ် ထုတ်ဝေရပြန်သည်။ ဤသို့ဖြင့် မိန်းမဝတ် ဘောင်းဘီပွဖက်ရှင်သည် ကျော်ကြား ပျံ့နှံ့ ကာ Bloomerettes အမည်ဖြင့် လည်းကောင်း  Bloomer Costume ဟု လည်းကောင်း၊  ထင်ရှားလာသည်။ နောက်ဆုံး မှာတော့ Bloomers ဟူသောအမည်က တရားဝင် တည်ရှိကာ အဘိဓာန် စာရင်းဝင်  ဝေါဟာရပင် ဖြစ်လာသည်။ အမ်မလီယာဘလွမ်းသည် ၁၈၁၈ မှာမွေး၍ ၁၈၉၄ တွင် အနိစ္စ ရောက်သွားခဲ့သည်။ အမေရိက မှာ ၁၈၅ဝ ခုနှစ်လောက်က    ပေါ်ထွန်းခဲ့သော ဘလူးမား မိန်းမဝတ်ဘောင်းဘီ ဒီဇိုင်းမျိုးကို ယခု ၂ဝ၁၂ ခုနှစ်တွင် မြန်မာပြည်မှ ကျွန်တော်၏    မြေးမလေးက အမြတ်တနိုး ဝတ်ဆင်နေပါ သည်။ တစ်နေ့တော့ အမ်မလီယာ ဘလွမ်းအကြောင်း မြေးမလေးကို ပြောပြဖို့ စိတ်ကူးထားသည်။ ပြောမည် ဆိုလျှင် ဘလူးမား ဘောင်းဘီနှင့် ဆက်လက်ပြီး ပြောပြစရာတွေများစွာ ရှိလာလိမ့်မည်။

ယခု ဘလူးမား ဘောင်းဘီဝတ်သော ကျွန်တော့် မြေးမလေးတို့ခေတ်မှာ မည်သူကမျှ မဝေဖန် မပုတ်ခတ် သော်လည်း ဘလူးမား ပေါ်ကာစကမူ အမေရိကမှာပင် ပွက်ပွက်ညံ သွားခဲ့ပါသည်။

ဘလူမား ဘောင်းဘီလည်း ဣတ္ထိယ၏ ဒူးမှခြေမျက်စိအထိ ဟင်းလင်းဖြစ်နေသောကြောင့် “ယဉ်ကျေးသိမ်မွေ့မှုမရှိ”ဟု ထင်မြင်ခဲ့ကြသည်။ ဘလူးမား ဘောင်းဘီဝတ် အမျိုးသမီးတွေကို လမ်းသွားလမ်းလာ ယောက်ျားတွေက လှောင်ပြောင် ကြသည်။ သတင်းစာဆရာ ကာတွန်းဆရာတွေက “ယောက်ျားလိုဝတ်တဲ့ မိန်းမတွေ”ဟုသရော်ကြသည်။ သာသနာ့ ဝန်ထမ်းများကတော့၊ ဘလူးမား ဘောင်းဘီ ဝတ်သော အမျိုးသမီးများကို “မိစ္ဆာမ” များဟုပင် ရှုတ်ချခဲ့ကြသည်။

ဘလူးမား ဘောင်းဘီကို စတင်ဝတ်ဆင်ခဲ့ပြီး ဘလူးမားဘက်မှ စာနှင့် ပေနှင့် အကြောင်းပြခုခံ ကာကွယ်ခဲ့သူ “အဲလိဇဘက်ကေဒီ စတင်တန်” ကိုယ်တိုင် ဆန့်ကျင်မှုများစွာနှင့် မရှူသာ မကယ်သာ ရင်ဆိုင်ခဲ့ရရှာသည်။ သူမ၏ ဖခင် တရားသူကြီးဖြစ်သူက သူ့ထံလာလျှင် ဘလူးမား ဘောင်းဘီ ဝတ်မလာရဟု သမီးကို အမိန့်ထုတ်သည်။ အဆိုးဝါးဆုံး ထိုးနှက်ချက်မှာ အဲလီဇဘက်၏ သားတော်မောင်နှစ်ယောက်က သူတို့၏ကျောင်းသို့ လာလျှင် “တိုနံ့နံ့အဝတ်တွေ ဝတ်မလာပါနှင့်”ဟု မိခင်ဖြစ်သူကို တားမြစ်ခဲ့ခြင်းပင် ဖြစ်ပေသည်။

ခေတ်သစ်က ရှေ့ကို တိုးတက်လာတိုင်း ခေတ်နောက်ပြန်ဆွဲသမားတွေက နောက်ကို ဆုတ်ကန် ဆုတ်ကန် လုပ်စမြဲ မဟုတ်လား။

ကြူးနှစ်

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*