ဆောင်းပါး — ဧပြီ ၅၊ ၂ဝ၁၃

“ဘောလုံးတစ်လုံးကို လမ်းလျှောက် တတ်ခါစ ကလေးငယ် တစ်ဦးရှေ့ကို ချလိုက်ပါ။ ထိုကလေးသည် ဖြူသည် ဖြစ်စေ၊ မည်းသည် ဖြစ်စေ၊ ယောကျာ်းလေးဖြစ်စေ၊ မိန်းကလေး ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ၊ အာရှမှဖြစ်စေ၊ အာဖရိကမှ ဖြစ်စေ၊ ဘောလုံးကို ခြေထောက်ဖြင့် ကန်လိုက်မည် သာ ဖြစ်သည်။ ဘောလုံး သည် အပြည်ပြည်ဆိုင်ရာ ဘာသာစကားတစ်ခုပင်ဖြစ်သည်”

မှန်ပါသည်။ ယနေ့ ကမ္ဘာသည် ကား ဘောလုံးကမ္ဘာ။ ကမ္ဘာပေါ်တွင် ဘောလုံးပွဲမရှိသော နေရာမရှိ၊ ဘောလုံး မကန်သော နေရာမရှိ။ “ဘောလုံး တစ်လုံးကို ဘာဖြစ်လို့ လူ ၂၂ ယောက်က ဝိုင်းလုနေတာလဲ။ တစ် ယောက် တစ်လုံးစီ ပေးလိုက် ပါလား”ဟု ပြက်လုံးထုတ်သည်။ တကယ်တော့ ဘောလုံးပွဲဆိုတာ လူချင်းအား ပြိုင်သည်။ နည်းပညာချင်း အားပြိုင်သည်။ စုစည်းမှု အားပြိုင်သည်။ ညီညွတ်မှု အားပြိုင်သည်။ စည်းလုံးမှု အားပြိုင်သည်။ ဖန်တီးမှု အားပြိုင်သည်။ ထိုထိုသော အားပြိုင်မှုများ ကို မက်မက် စက်စက်ကြည့်ရှုကြရ သည်။ ၄ နှစ် ၁ ကြိမ် ကျင်းပသည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးမျိုး ဆိုလျှင် တစ်ကမ္ဘာလုံး ညံညံကျွက် ကျွက်၊ ကျွက်ကျွက်ညံညံ။ အားပေးသူ ပရိသတ်များ ကလည် တစ်ကမ္ဘာလုံး ရွရွကြွကြွ၊ ကြွကြွရွရွ။ မျက် မှောက်ခေတ်ကာလက အပြိုင်အဆိုင် များသော ခေတ်၊ လူသားတွေ စိတ်ရောကိုယ်ပါ ပိုမို အားထုတ် ရသော ပင်ပန်းရသောခေတ်၊ ဘဝ အမောများကို ဘောလုံးပွဲများက တစ်ခဏတာ စုပ်ယူ ဖြေဖျောက်ပေးသည်။ ၁ ပတ် ၁ ကြိမ်လောက်တော့ ဘောလုံးပွဲ များတွင် နှစ်နှစ်လိုလို စီးမျောပျော်ဝင် ရင်း ကျွန်တော်တို့သည် ဘဝကို ရင်ဆိုင် ရပ်တည် လျက်ရှိသည်။

ကျွန်တော် ရင်းနှီးချစ်ခင်သော အက်ဆေး ဆရာတစ်ဦးရှိသည်။ မနှစ် ကသူ၏ အက်ဆေးတစ်ရာ စာအုပ် ထွက်ရှိ ထားသည်။ထို အက်ဆေးဆရာက လူတွေကို စာဖတ်ခြင်း၊ မဖတ်ခြင်း၊ ပေတံဖြင့် အကဲဖြတ်ကြည့်လေ့ ရှိသည် ဟု ပြောသည်။ ယေဘူယျ အားဖြင့် စာဖတ်ခြင်း၊ မဖတ်ခြင်းက လူသားတို့၏ တွေးခေါ်ပြောဆိုမှုအား မတူ ကွဲပြားခြား နားစေသည် ကတော့ အမှန်ဖြစ်သည်။ သို့သော် တစ်ခါတစ်လေ နှစ်နှစ်ခြိုက်ခြိုက် စာဖတ်လေ့ မရှိသော် လည်း ဘဝပေးအသိဖြင့် တွေးခေါ်ပြောဆို လုပ်ကိုင်သောသူ များကိုလည်း ကြုံတွေ့ရတတ်သည် ဟု ဆိုသည်။ ထို့ကြောင့် ထိုပေတံ သည်လည်း ကျိုးပျက်တတ်ကြောင်း ပြောသည်။ ကျွန်တော်က စာဖတ်ခြင်း ရော၊ ဘောလုံးပွဲ ကြည့်ခြင်းပါ ဝါသနာပါသူ။ စာပေမိတ်ဆွေရော ဘောလုံးမိတ်ဆွေများပါရှိသည်။ စာအုပ်များမှ တစ်ဆင့် လူသားဆန်မှု၊ မဆန်မှုတို့ကို ခံစားနိုင် သကဲ့သို့ ဘောလုံးပွဲများမှ တစ်ဆင့်လည်း လူသား စိတ်ဓာတ် ကို ခံစားရနိုင်သည်။ လူ အများစုကတော့ ဘောလုံးပွဲများကို ခံစားတတ်ကြသည်။  အထူးသဖြင့် ပုရိသများက ဘောလုံးပွဲကို ပို၍ ကြိုက်တတ်သည်။ ထို့ကြောင့် ပုရိ သများကို အကဲခတ်ရာ၌ ကျွန်တော် က ဘောလုံးပွဲများ ကို ခံစားတတ် ခြင်း ရှိ၊ မရှိ ပေတံဖြင့်လည်း ကြည့် လေ့ရှိသည်။ ကျွန်တော်၏ အတ္တ နောမတိအရ ဘောလုံးပွဲ များကို လေ့လေ့ထုံထုံ မရှိသော ပုရိသအချို့သည် ရံဖန်ရံဖန် ကတ်ကတ် သတ်သတ် ဖြစ်တတ်လေ့ ရှိသည်ဟု ခံစား ရဖူးသည်။ အံ့ဩစွာပင် ကျွန်တော် ရင်းနှီးချစ်ခင်သော အက်ဆေးဆရာ က ဘောလုံးပွဲများအပေါ် အာရုံ ခင်းခင်း ကျင်းကျင်း ရှိတတ်သူ မဟုတ်။ သို့သော် အက်ဆေးဆရာ၏ လူသားဆန်သော စိတ်နှလုံးကြောင့် သူနှင့် ကျွန်တော်အကြား ရင်းနှီးချစ်ခင်မှုက ကြည်သာ စိမ်းလန်းမြဲဖြစ်သည်။

ဘောလုံးပွဲ၏ သဘောတွင် မဖြစ်နိုင်တာတွေ ဖြစ်တတ်ခြင်းလည်း ပါသည်။ မနိုင်ဘူးဟု ထင်သော အသင်းက နိုင်တတ် သည်။ ဒါသည်ပင် ဘောလုံးရသ ဟုလည်း ဆိုကြ သည်။ ထို့ကြောင့်လည်း ပရိသတ်များက ပို၍ စွဲလန်း ကြခြင်းဖြစ်သည်။ ဘောလုံးပွဲ၏ အနိုင်အရှုံးက ပြင်းပြသော စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေ သည်။ ဘောလုံးပွဲ အနိုင်အရှုံးက ဘောလုံးသမား၊ နည်းပြတို့ အပေါ်တွင်သာ အခါခပ်သိမ်း တည်မှီနေသည်တော့ မဟုတ်။ ဒိုင်လူကြီး၏ ဆုံးဖြတ် ချက်အပေါ်တွင်လည်း မူတည်နေ သည်။ ဘောလုံးသမားများ ကစားပုံ ကောင်းသော် လည်း မထင်မှတ်ဘဲ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကြောင့် ပွဲ၏ အခြေအနေ ပြောင်းပြန်ဖြစ် သွားသော အနေအထား မျိုးကြုံတွေ့ရတတ်သည်။ ဥပမာ ကစားသမားတစ်ဦးကို အနီ ကတ်မပြသသင့်ဘဲ ပြလိုက် သဖြင့် ကစားသမား တစ်ယောက်လျော့သွား ပြီး အရှုံးကို ရင်ဆိုင်ရသည်မျိုးရှိ တတ်သည်။ ထိုအခါမျိုးတွင် ကစား သမားများရော၊ နည်းပြများရော၊ ပရိသတ်များရော ထိုအရှုံးကို ကျေကျေနပ်နပ် လက်ခံနိုင်သည့် ဆန္ဒမရှိ ကြသော်လည်း ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို အယူခံ တက်ရောက်ခွင့်မရှိ၊ ပြင်ဆင်မှု တတ်ရောက်ခွင့် မရှိ၊ စောဒက တက်ခွင့်မရှိ၊ ဘောလုံး ဥပဒေအရ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်သာ အပြီး ပြတ်ဖြစ်သည်။ ဒိုင်လူကြီး ကလည်း ဘောလုံးပွဲမြင်ကွင်း အတွင်း ဖြစ်ပျက်ခဲ့သည်ကိုသာ အခြေပြု၍ ချက်ခြင်း ဆုံးဖြတ်ရသည်။ မြင်ကွင်းပြင်ပ အကြောင်းအရာ များကို ထည့်သွင်း စဉ်းစားခွင့်မရှိ။ ဥပမာ ၂ဝဝ၆ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပြင်သစ်နှင့် အီတလီ ယှဉ်ပြိုင်ကစားကြသည်။ ကစားနေရင်း ပြင်သစ်အသင်း၏ အကောင်းဆုံး ကစားသမား ဇီဒန်းက အီတလီ အသင်း၏ နောက်ခံလူ မာ တာရာဇီကို ခေါင်းဖြင့် ဆောင့် တိုက် လိုက်သဖြင့် ဇီဒန်း အနီကတ် ပြခံရပြီး ထွက်သွားရသည်။ အကောင်းဆုံး ကစားသမား ဆုံးရှုံးလိုက်ရသော ပြင်သစ် အသင်း ရှုံးနိမ့်သွားသည်။ ဇီဒန်းကို ထုတ်ပယ်သော ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်မှာ မှန်ကန်သည်။ အမှန်မှာ ဇီဒန်းသည် သူ၏ မိခင်၊ နှမတို့ကို မာတာရာဇီက စော်ကားပြောဆိုသဖြင့် ရုတ်တရက် အကြီးအကျယ် ဒေါသထွက်ပြီး ထိုကဲ့သို့  ပြုမူခဲ့ခြင်း ဖြစ်သည်။ သို့သော် ထို အချက်ကို ဒိုင်လူကြီးက ထည့်သွင်း စဉ်းစားခွင့်မရှိ။ ဘာကြောင့် ထိုသို့ ဖြစ်တာလဲ ဟုလည်း မေးမြန်းခွင့်မရှိ။ သူမြင်တွေ့ခဲ့သည့်ဖြစ်ရပ် သက်သက် အပေါ်တွင်သာ သုံးသပ် ဆုံးဖြတ် ရခြင်း ဖြစ်သည်။ ထို့ကြောင့် ဒိုင်လူကြီး ဆိုသည်မှာ တရားမျှတမှု ရှာဖွေရသည်ထက် ဖြစ်ရပ်အပေါ်တွင်သာ အခြေပြု  ဆုံးဖြတ်ရသူဟု ဆိုနိုင်သည်။ သို့ဆိုလျှင် ဒိုင်လူကြီး ဆိုသည်မှာ တရားသူကြီး မဟုတ်သည်မှာ သေချာ သလို တရားသူကြီးမှာလည်း ဒိုင်လူကြီး မဟုတ်သည်မှာသေချာသည်။ အဘယ့် ကြောင့် ဆိုသော် တရားသူကြီး ဆိုသည်မှာ တရားမျှတမှုနှင့် အမှန်တရားကို ရှာဖွေဖော်ထုတ်ရသောကြောင့်ဖြစ် သည်။

“တရားလို သို့မဟုတ် တရားခံ တစ်ဦးဦး၏ မတတ်ကျွမ်းမလိမ္မာမှု ကြောင့် ဖြစ်ရပ်မှန်ကို တင်ပြနိုင်ခြင်း မရှိသည့် အမှုမျိုးတွင် ဖြစ်ရပ်အမှန်ကို ပေါ်လွင် ထင်ရှား လာအောင် စစ်ဆေး ထုတ်ဖော်ပေးရန် တရားသူကြီး ဝတ္တရား ဖြစ်သည်။ အမှန်တရား ထုတ်ဖော်ရေးကို အဓိကမထားဘဲ ဒိုင်လူကြီး အနေဖြင့်သာ အဆုံးအဖြတ်ပေးလျှင် တရား သူကြီး တာဝန် ကျေပွန် လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် တစ်ဖက်မှလည်း လုပ်သားပြည်သူ တစ်ဦး ဦးအား အကြောင့်မဲ့ ရာဇဝတ်ပြစ်မှု ကျူးလွန်သည်ဟု ရုံးတင် တရားစွဲဆို ထားခြင်း မပြုအပ်သည်ကိုလည်း သတိချပ်ရန် လိုသည်။ အစွပ်စွဲခံရ သူအဖို့လည်း မသက်သာ၊ တိုင်းပြည် အတွက်လည်း အကျိုးယုတ်စေမည့် အကြောင်းမဲ့ ရာဇဝတ်မှု တရားစွဲဆို ခြင်း ကိစ္စမျိုးကို အားပေးရန်မသင့် ချေ”

ဒါကတော့ ဦးမောင်မောင်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ စီရင်ထုံး ၁၉၆၆ ခုနှစ်မှ လမ်းညွှန်ထုံးဖွဲ့ထား သည့် စာသား ကို ကောက်နုတ် ဖော်ပြခြင်းဖြစ်သည်။

တရားသူကြီး ဆိုသည်မှာ ရုံးရှေ့ တွင် လာရောက်ထွက်ဆိုသည့် သက်သေ ထွက်ဆိုချက်၊ အမှုတွဲတွင် တင်ပြ သည့် စာရွက်စာတမ်းအထောက်အထား ပေါ်တွင်သာ အခြေပြုရသည် မဟုတ်။ တစ်နည်းဆိုသော် ဒိုင်လူကြီး ကဲ့သို့ ဆောင်ရွက် ဆုံးဖြတ်ရမည် မဟုတ်။ တရားသူကြီးသည် အမှန်တရား အတွက် တရားမျှတမှုအတွက် လိုအပ်သည် ဟု ထင်မြင်သော သက်သေများ၊ စာရွက် စာတမ်းများကို ခေါ်ယူတောင်းခေါ် စစ်ဆေး ရမည်။ လိုအပ်လျှင် အခင်းဖြစ်နေရာကို သွားရောက်ကြည့် ရှုစစ်ဆေး ရမည်။ ဆုံးဖြတ်ရာ တွင်လည်း ဒိုင်လူကြီးကဲ့သို့ ဖြစ်ရပ် သက်သက် တစ်ခုတည်း အပေါ်တွင်သာ အခြေခံ၍ စဉ်းစားဆုံးဖြတ်ရမည်မဟုတ်၊ ဘာကြောင့်ဖြစ်တာလဲ။ ဘယ်လိုဖြစ် တာလဲ။ အကျိုးဆက်က ဘယ်လို ဖြစ်မလဲ စသည်တို့ကို ထည့်သွင်း စဉ်းစားဆုံးဖြတ်ရမည်။ ထိုသို့ မဟုတ်လျှင် တရားသူကြီးဆိုတာ ဒိုင်လူကြီး အဆင့်သာ ဖြစ်သွားပေ လိမ့်မည်။

တစ်ခုတော့ ရှိသည်။ ဒိုင်လူကြီး များသည်လည်း ပရိသတ်၏ ဖိအား၊ ကစားသမားများ၏ ဖိအား၊ နည်းပြ များ၏ ဖိအား စသည်ဖြင့် ဖိအားအမျိုး မျိုးပေးခြင်းများ ကြုံတွေ့ တတ်ရာ ထို ဖိအားများကလည်း မှားယွင်း ဆုံးဖြတ်မှု များ ဖြစ်ပေါ်စေသော အကြောင်း တရားတစ်ခုဖြစ်သည်။ တရားသူကြီး များသည်လည်း ထိုနည်း လည်းကောင်း ပင် ဖြစ်သည်။ ဖိအား မရှိမှ လွတ်လပ်မည်။ လွတ်လပ်မှသာ တရားမျှတမှု နှင့် အမှန်တရားကို ရှာဖွေ ဖော်ထုတ်နိုင်မည်။ ဖိအား ကင်းစွာဖြင့် လွတ်လပ် စွာ တရားစီရင်ခြင်းသည် တရားစီရင် ရေး၏ အဓိက အနှစ်သာရ ပင်ဖြစ်သည်။

သက်ဇော်နိုင်

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*